Home သတင်း တနင်္သာရီတိုင်းတွင် တစ်လအတွင်း အရပ်သား ၁၀ ဦး သတ်ဖြတ်ခံရ

တနင်္သာရီတိုင်းတွင် တစ်လအတွင်း အရပ်သား ၁၀ ဦး သတ်ဖြတ်ခံရ

626
Photo: CJ

အောက်တိုဘာ ၂၆၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

တနင်္သာရီတိုင်းအတွင်း ပြီးခဲ့သည့် စက်တင်ဘာလတွင် အရပ်သားပြည်သူ ၁၀ ဦး သတ်ဖြတ်ခံခဲ့ရသည်ဟု ဒေသတွင်း သုတေသနအဖွဲဖြစ်သည့် FE5 Tanintharyi ၏ အစီရင်ခံစာ၌ ဖော်ပြထားသည်။

ပြီးခဲ့သည့် စက်တင်ဘာလအတွင်း ကျေးရွာအတွင်းသို့ စစ်ကြောင်းထိုးဝင်ရောက်လာသည့် စစ်အုပ်စုတပ် ကြောင့် အရပ်သားပြည်သူ ၆ ဦး သေဆုံးခဲ့သည်။ ကျန် ၄ ဦးမှာ လက်သည်မပေါ်ဘဲ သတ်ဖြတ်ခံခဲ့ရပြီး မြေပြင်တွင် ယခုထက်ပိုများပြားနိုင်ကြောင်း FE5 Tanintharyi က ပြောသည်။

အဆိုပါ စစ်အုပ်စုတပ်ကြောင့် သေဆုံးသူ ၆ ဦးထဲတွင် နှစ်ဦးမှာ စစ်အုပ်စုတပ်၏ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက် မှုများကြောင့် သေဆုံးခဲ့ခြင်း ဖြစ်သည်။

တနင်္သာရီတိုင်းတွင် စစ်တပ်က မြေပြင်စစ်ကြောင်းထိုးချိန်တွင် ဒေသခံရွာသားများကို လူသားဒိုင်းကာ အဖြစ် ဖမ်းဆီးခေါ်ဆောင်ကာ အကြောင်းမဲ့ သတ်ဖြတ်လိုက်ခြင်းများလည်း ရှိသည်ဟု မြေပြင်၌ စစ်ရှောင်အရေး လုပ်ဆောင်နေသူတစ်ဦးက ပြောသည်။

Photo: CJ

“အခုလို အရပ်သားသတ်ဖြတ်ခံနေရတာတွေက စစ်ကြောင်းထိုးလိုက်တိုင်းမှာရွာသားတွေ လူသားဒိုင်းကာ အနေနဲ့ဖမ်းခံရပြီး အကြောင်းမဲ့သတ်ဖြတ်ခံရတာက ပိုများတယ်။ နောက်တစ်ခုက လေကြောင်းပေါ့ အဲ့တာက ဒုတိယ လူသေမှု အများဆုံးအခြေနေပေါ့။ မြေပြင်မှာလည်း နိုင်ငံတကာကအကူအညီတွေမရှိနေတော့ စားနပ်ရိက္ခာတွေ နေရေးထိုင်ရေးကအစ အခက်အခဲများစွာရှိနေပါသေးတယ်။ ယနေ့ အချိန်ထိပါ” ဟု ၎င်းက ပြောသည်။

ထိုအပြင် သေဆုံးခဲ့ရသည့် နောက်ထပ်သုံးဦးမှာလည်း ရေဖြူမြို့နယ် ရာဖူးကျေးရွာအုပ်စုသို့ စစ်ကြောင်းထိုး ဝင်ရောက်လာသည့် စစ်အုပ်စုတပ်က ကျေးရွာအတွင်းရှိ နေအိမ်တစ်လုံးနောက်တွင် တစ်ဝက်တပျက် အနေအထားဖြင့် မြေမြှုပ်ထားခဲ့သည်ဟု အစီရင်ခံစာ၌ ဖော်ပြထားသည်။

ပြီးခဲ့သည့် ဩဂုတ်လတွင်လည်း တနင်္သာရီတိုင်းအတွင်း စစ်အုပ်စုတပ်နှင့် တော်လှန်ရေးအင်အားစုများကြောင့် အရပ်သားပြည်သူ ၁၇ ဦး သေဆုံးခဲ့ကြောင်း ထုတ်ပြန်ထားချက်များအရ သိရသည်။