အောက်တိုဘာ ၁၆ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ်-ထိုင်းနယ်စပ်ဒေသတွင် အသုံးပြုသည့် စတားလင့်ခ် (Starlink) အင်တာနက်လိုင်းအချို့ ယနေ့ အောက်တိုဘာလ ၁၆ ရက်နေ့မှစ၍ ပိတ်ခံရမှုနှင့် ကြုံနေရသည်ဟု အသုံးပြုသူများက ပြောသည်။
ယနေ့နံနက်တွင် ကရင်-ထိုင်းနယ်စပ်တစ်လျှောက် ဖွင့်ထားသည့် စတားလင့်ခ်လိုင်းအချို့ အသုံးပြုမှု စတင်ပိတ်ခံရမှု ဖြစ်ပွားခဲ့ပြီး အချို့ဒေသများတွင် နံနက်ပိုင်းတွင် အပိတ်ခံရသော်လည်း နေ့လည် ပိုင်းတွင် ပြန်လည်အသုံးပြုလာနိုင်ဟု အင်တာနက် အသုံးပြုသူများက ပြောသည်။
လက်ရှိအချိန်တွင် ကရင်ပြည်နယ်ရှိ နယ်စပ်နေရာ အများစုတွင်သာ အင်တာနက်လိုင်း ပိတ်ခံ ထားရခြင်းဖြစ်ပြီး တိုင်းနှင့် ပြည်နယ်အချို့တွင် ဆက်လက်အသုံးပြုနိုင်နေသေးကြောင်း သိရသည်။
ထိုင်းနယ်စပ်တွင် စတားလင့်ခ် အသုံးပြုသူ ဒေသခံတစ်ဦးက “အခုက ဒီကျားဖြန့်တွေရှိတဲ့နေရာ တစ်ဝိုက်မှာ ပိတ်ခံထားရတာများတယ်။ ကျနော်တို့ လုပ်တဲ့အလုံးဆိုရင် စက်အလုံး ရေခွဲ ၅၀ ကျော်ရှိ တယ်။ ပြီးတော့ အကောင့်ဝင်တဲ့ region နဲ့ဆိုင်တာလားတော့ မသိဘူး။ တချို့ဆိုရင် US နဲ့ဝင်တယ်။ ကျနော်တို့ သုံးတဲ့အလုံးဆိုရင် ဖီလစ်ပိုင် region နဲ့ဝင်ထားတယ်” ဟု ကေအိုင်စီသို့ ပြောသည်။
၂၀၂၁ ခုနှစ်၊ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းတွင် ကရင်-ထိုင်းနယ်စပ်နေရာ ကျေးရွာ အများ အပြားတွင် အာဏာသိမ်းစစ်အုပ်စုမှ ဖုန်းလိုင်းများ ဖြတ်တောက်ပိတ်ဆို့လိုက်သဖြင့် ဒေသခံ လူထုများသည် ဆက်သွယ်ရေးအတွက် စတားလင့်ခ်စက်တစ်ခုကို လစဉ်ကြေး တစ်လ ဘတ်ငါးထောင်အထက်မှ စတင်ကာ ဝယ်ယူအသုံးပြုကြရသည်ဟု သိရသည်။
ထိုင်းနိုင်ငံမှ မြဝတီမြို့အပါအဝင် နယ်စပ်နေရာများတွင် အင်တာနက်လိုင်း သွယ်တန်းမှု ဖြတ်တောက် လိုက်ပြီးနောက် နယ်စပ်ဒေသရှိ ငွေကြေးလိမ်လည်သည့် လုပ်ငန်းများတွင်လည်း Starlink အင်တာနက် လိုင်းကို ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုလာကြသည်။
ထို့ကြောင့် မြဝတီမြို့နယ်အတွင်းရှိ ကျားဖြန့်အွန်လိုင်းငွေကြေးလိမ်လည်မှုလုပ်ငန်းတွင် စတားလင့်ခ် အင်တာနက်လိုင်း အသုံးပြုမှုများလာသည့်အပေါ် အမေရိကန်ကွန်ဂရက်က စတင်စုံစမ်း နေကြောင်းလည်း AFP ၏ သတင်းဖော်ပြချက်အရ သိရသည်။
UK မြန်မာ၏ အဆိုအရ အရှေ့တောင်အာရှ ဒေသတစ်ခုထဲတွင် ဖြစ်ပွားသော ဆိုက်ဘာဆိုင်ရာ ငွေကြေး လိမ်လည်မှုကြောင့် အမေရိကန်ဒေါ်လာ ၃၇ သန်း ဆုံးရှုံးခဲ့ရသည်။
၎င်းအပြင် ငွေလိမ်လည်မှုကွန်ရက်ကြောင့် ကြီးထွားလာသည့် နိုင်ငံဖြတ်ကျော် ခြိမ်းခြောက်မှုများကို တိုက်ဖျက်သွားရန် အမေရိကန်ပြည်ထောင်စုနှင့် UK အစိုးရတို့ ပူးပေါင်းကာ စတာလင်ပေါင် ဘီလီယံ သန်းပေါင်းများစွာတန်သည့် ကမ္ဘာလုံးဆိုင်ရာကွန်ရက်တစ်ခုကို ပိတ်ဆို့အရေးယူလိုက်သည်ဟု UK မြန်မာက ယမန်နေ့ အောက်တိုဘာလ ၁၅ ရက်နေ့တွင် ထုတ်ပြန်ထားသည်။



















