အောက်တိုဘာ ၁၆ ရက်၊ ၂၀၂၅ ခုနှစ်၊ ကေအိုင်စီ
တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ထိန်းချုပ်ထားသည့် တအာင်းဒေသကို တပတ်အတွင်း စစ်အုပ်စုမှ လေကြောင်းတိုက်ခိုက်မှု ၁၄ ကြိမ်လုပ်ဆောင်ခဲ့ကြောင်း TNLA က ယနေ့ အောက်တိုဘာ ၁၆ ရက်တွင် သတင်းထုတ်ပြန်သည်။
ပြီးခဲ့သည့် အောက်တိုဘာလ (၁) ရက်နေ့မှ စတင်ပြီး (၉) ရက်နေ့အထိ စစ်အုပ်စုတပ်မှ လေကြောင်း တိုက်ခိုက်မှုများကို လုပ်ဆောင်ခဲ့သောကြောင့် ဒေသခံပြည်သူ ၂၇ ဦး သေဆုံးခဲ့ပြီး ၃၅ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း TNLA က ပြောသည်။
လက်ရှိတွင်လည်း စစ်အုပ်စုတပ်၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် TNLA ထိန်းချုပ် နယ်မြေအတွင်းရှိ ဒေသခံပြည်သူများမှာ ဘေးလွတ်ရာနေရာများသို့ တကျော့ပြန် ထွက်ပြေး တိမ်းရှောင်နေကြရကြောင်းလည်း SHRF အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ယိန်းလျန်ဟန်က ကေအိုင်စီသို့ ပြောသည်။
“ဒေသခံတွေက လက်ရှိမှာ ထောင်နဲ့ချီပြီးရှိမယ်။ အတိအကျတော့ ရထားတာမျိုး မရှိဘူး။ တချို့ တွေကတော့ ဆွေမျိုးတွေအိမ်မှာ နေကြတာမျိုး ရှိနေတဲ့အတွက်ကြောင့် ဆိုတော့လေ။ သူတို့ အတွက်ကလည်း စားနပ်ရိက္ခာတွေလည်း လိုအပ်နေတာမျိုးတွေ ရှိနေပါတယ်” ဟု ယိန်းလျန်ဟန်က ပြောသည်။
စစ်အုပ်စုသည် တိုက်ပွဲဖြစ်ပွားတာမရှိဘဲ နမ္မတူမြို့နယ်၊ မန်တုံမြို့နယ်၊ သီပေါမြို့နယ်၊ မိုင်းလုံမြို့နယ်၊ မိုင်းငေါ့မြို့နယ်၊ မိုးကုတ်မြို့နယ်နှင့် မိုးမိတ်မြို့နယ် စသည့် မြို့နယ်များအတွင်းသို့ အရပ်သားပြည် သူများအား အဓိက ပစ်မှတ်ထားပြီး လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက် လုပ်ဆောင်နေကြောင်း TNLA ထုတ်ပြန်ချက်တွင် ပြောထားသည်။
ထို့အပြင် ဗုဒ္ဓဘာသာဝင်များ၏ အထွဋ်အမြတ်ထားသည့် သီတင်းကျွတ်လပြည့်နေ့တွင်လည်း အများပြည်သူကောင်းမှု ကုသိုလ်ပြုလုပ်သည့် ဘုန်းကြီးကျောင်းများကို လေကြောင်းမှတစ်ဆင့် ဗုံးကြဲတိုက်ခိုက်ခြင်းများသည် လူမျိုးတုံးသတ်ဖြတ်မှု၊ စစ်ရာဇဝတ်မှုကို စစ်အုပ်စုမှ ပေါ်ပေါ်ထင်ထင် ကျူးလွန်နေကြောင်း TNLA က ပြောသည်။
ပြီးခဲ့သည့် စက်တင်ဘာလတွင်လည်း တအာင်းဒေသတွင် လေကြောင်းတိုက်ခိုက်မှုအကြိမ်ရေ ၁၈ ကြိမ်ရှိပြီး သေဆုံးသူ ၂ ဦး၊ ထိခိုက်ဒဏ်ရာရရှိသူ ၇ ဦးနှင့် နေအိမ်၊ စာသင်ကျောင်း၊ ဘုန်းကြီးကျောင်း၊ ဌာနဆိုင်ရာရုံးများလည်း ထိခိုက်ပျက်စီးကြောင်း TNLA ထုတ်ပြန်ချက်များအရ သိရသည်။



















