Home သတင်း ကမ္ဘာ့ဆရာများနေ့၌ ဖားအံခရိုင်မှ သက်တမ်းရှည် ဆရာ/ဆရာမ (၃၀) ဦးကို KECD ဂုဏ်ပြုလက်မှတ်များချီးမြှင့်

ကမ္ဘာ့ဆရာများနေ့၌ ဖားအံခရိုင်မှ သက်တမ်းရှည် ဆရာ/ဆရာမ (၃၀) ဦးကို KECD ဂုဏ်ပြုလက်မှတ်များချီးမြှင့်

545

အောက်တိုဘာ ၇ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

ကေအဲန်ယူ- ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ (၇) ဖားအံခရိုင်အတွင်း ကရင်ပညာရေးနှင့် ယဉ်ကျေးမှုဌာန (KECD) ပညာရေး ဌာန စီမံအုပ်ချုပ်မှုအောက်ရှိ သင်ကြားရေးသက်တမ်း အနည်းဆုံး ၁၀နှစ်အထက်ရှိ ကျောင်းဆရာ/ဆရာမ (၃၀) ဦးကို KECD က ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ်အဖြစ် ဂုဏ်ပြုလက်မှတ်များ ချီးမြှင့်ပေးအပ်ခဲ့သည်။

ကရင်ပညာရေးနှင့်ယဉ်ကျေးမှုဌာန (KECD) မှ ဦးဆောင်ပြီး ဖားအံခရိုင် ၊ ပိုင်ကျုံမြို့နယ်ရှိ ဝါးမီ ကလား ကျေးရွာအုပ်စုအတွင်းရှိ အထက်တန်းကျောင်း၌ ကော်သူးလေပညာရေးကျောင်း ၁၈ ကျောင်းမှ ၁၀ နှစ် အထက် သင်ကြားပေးခဲ့သည့် ဆရာ (၁၆) ဦးနှင့် ဆရာမ (၁၄) ဦး တို့ကို ဂုဏ်ပြုလက်မှတ်များ ထိုသို့ ပေးအပ်ခဲ့ခြင်းဖြစ်သည်။

KNU ထိန်းချုပ်ရာနယ်မြေရှိ ကျောင်းဆရာ/ဆရာမ များသည် ပညာရေး အကောင်အထည်ဖော် လုပ်ဆောင်ရမည့် လုပ်ငန်းစဉ်အတိုင်း လုပ်ဆောင်ပေးခဲ့ကြခြင်းဖြစ်သည့်အတွက် KECD အနေဖြင့် ၎င်းတို့၏ လုပ်ဆောင်းပေးခဲ့မှုအပေါ် အသိအမှတ်ပြု ဂုဏ်ပြုပေးခြင်း ဖြစ်သည်ဟု ဆိုသည်။

ဖားအံခရိုင် ကရင်ပညာရေးမှူး ဆရာစောဖလဲ့ထူးက “ဒီလိုလုပ်ပေးချင်းအားဖြင့် ဆရာ/ဆရာမတွေ အနေနဲ့ အဖွဲ့အစည်းထဲမှာ ပညာရေး ပူးပေါင်း လုပ်ဆောင်မှုတွေကို လုပ်ဆောင်တဲ့နေရာမှာ စိတ်ထက်သန်လာစေဖို့ တွန်းအားတစ်စုံတစ်ရာ ရစေမှာပါ။ နောင်လာမဲ့ မျိုးဆက်သစ် ပညာရေး ဝန်ထမ်းတွေအတွက်ပါ ကျနော်တို့ ပညာရေး လုပ်ငန်းတွေ မှာ ပူးပေါင်းပါဝင်လာဖို့ အားပေးချင်တဲ့ ကျနော်တို့ ရည်ရွယ်ချက်လည်း ပါပါတယ်” ဟု ၎င်းက ကေအိုင်သို့ ပြောသည်။

အဆိုပါ ဂုဏ်ပြုလက်မှတ်ချီးမြှင့်ခံရသူများမှာ ဖားအံခရိုင်အတွင်း ကျေးရွာအုပ်စု နှစ်စုရှိ အထက် တန်းအဆင့် ကျောင်းများတွင် သင်ကြားရေး သက်တမ်း ၅ နှစ်မှစ၍ ပေးအပ်ခြင်းဖြစ်ပြီး ၁၀ နှစ် သက်တမ်းရှိသူများကို ဂုဏ်ပြုလွှာနှင့်အတူ ဆုတံဆိပ်တို့ကို ချီးမြှင့်ပေးခဲ့ကြောင်း၊ နိုင်ငံရေး အခြေအနေအရ ပေးအပ်နိုင်ခြင်း မရှိသည့် နေရာများရှိကြောင်း ဆရာစောဖလဲ့ထူးက ဖြည့်စွက်ပြောသည်။

၎င်းအပြင် ပိုင်ကျုံမြို့နယ် ကျေးရွာအုပ်စုအတွင်း ပညာရေးဌာနအတွက် ကျရာအခန်းကဏ္ဍတွင် ဦးဆောင်မှုအပိုင်းတွင် နှစ်ပေါင်းများစွာကြာ ပါဝင်လုပ်ဆောင်ပေးခဲ့သည့် အမျိုးသား ၂ ဦးကိုလည်း သီးခြားဂုဏ်ပြု ပေးခဲ့ကြောင်း သိရသည်။

“ ဂုဏ်ပြုဆုက ၁၀ နှစ်ပြည့်လို့ ကျမရတာပေါ့နော်။ ဒီဆုပေးတာက အသိအမှတ်ပြုတာတင်မကဘဲနဲ့ လေးစားတန်ဖိုးထား တာလည်းဖြစ်တယ်။ တခါတလေ လူတွေ ကိုယ့်ကိုတန်ဖိုးမထားဘူးလို့ ထင်ပေမဲ့ ကိုယ့်ကို တန်ဖိုးထား တာလည်းဖြစ်တာပေါ့။ ဒီလို ဒေသသေးသေးလေး မှာ လုပ်နေရပေမဲ့ အခုလို အသိအမှတ်ပြုပေးတဲ့အတွက် ကျမအရမ်းကို ဝမ်းသာမိပါတယ်။ အဲ့အတွက် တာဝန် ရှိသူတွေအားလုံးကိုလည်း ကျေးဇူးတင်တယ်လို့ ပြောချင်ပါတယ်” ဟု ဂုဏ်ပြုခံရသူ ကျောင်းဆရာမတစ်ဦးက ပြောသည်။

ယခုနှစ် ကျရောက်သော ကမ္ဘာ့ဆရာများနေ့ကို ကေအဲန်ယူ ထိန်းချုပ်ရာနယ်မြေအပြင် ထိုင်း-မြန်မာ နယ်စပ်ဒေသများတွင်လည်း ဂုဏ်ပြုကျင်းပကြသည်ဟု သိရသည်။ ကုလသမဂ္ဂယူ နက်စကိုအဖွဲ့ကြီးမှကြီးမှူးကာ ၁၉၉၄ ခုနှစ်မှ စတင်၍ အောက်တိုဘာလ ၅ ရက်နေ့ကို ကမ္ဘာ့ဆရာများနေ့ အဖြစ် သတ်မှတ်ပြီး ထိုနေ့ကို ကမ္ဘာတစ်ဝှမ်း၌ နှစ်စဉ်ကျင်းပလာခဲ့ခြင်းဖြစ်သည်။