အောက်တိုဘာ ၇ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
ယခုနှစ်၊ အောက်တိုဘာလ ၅ ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ်ပွဲကို ကရင်ပညာရေးနှင့်ယဉ်ကျေးမှုဌာန-KECD ၏ ဦးဆောင်မှုဖြင့် ဖားအံခရိုင် ၊ ပိုင်ကျုံမြို့နယ်ရှိ ကော်သူး လေပညာရေးကျောင်း ၁၈ ကျောင်းမှ ဆရာ/ဆရာမများ၊ ကျောင်းသူ/ကျောင်းသားများနှင့် ဒေသခံပြည် သူများစုပေါင်းပြီး ဝါးမီကလားကျေးရွာ၌ ယမန်နေ့က ဂုဏ်ပြုကျင်းပခဲ့ကြသည်။
လက်ရှိ KNU ထိန်းချုပ်ရာနယ်မြေရှိ ကျောင်းဆရာ/ဆရာမများအနေဖြင့် လက်နက်ကိုင် တိုက်ပွဲများ တကျော့ ပြန် ပြန်လည် ပြင်းထန်လာသော်လည်း ရပ်တည်ချက်မပြောင်းလဲဘဲ အခက်အခဲစိန်ခေါ်မှုများနှင့်အတူ အသက် ဘေးအန္တရာယ်ကြားကပင် ပညာဆက်လက်သင်ကြားပေးနေရကြောင်း ဖားအံခရိုင် ကရင်ပညာရေးမှူး ဆရာစောဖလဲ့ထူးက ယခုလို ပြောသည်။
“လက်ရှိ ပြည်တွင်းနိုင်ငံရေး အခြေအနေအရ ကျောင်းတွေအနေနဲ့ စိုးရိမ်ရတဲ့ အခြေ အနေမှာ ရှိနေရတယ်။ ကျောင်းသူ ကျောင်းသားတွေကို စီမံခန့်ခွဲပေးရတဲ့ ဆရာ၊ ဆရာမတွေအတွက် အရမ်းကို အခက်အခဲဖြစ်စေတဲ့ အခြေအနေဖြစ်တယ်။ ကျနော်တို့ ပညာရေးဌာန အနေနဲ့လည်း စိန်ခေါ်မှုနဲ့ ကြုံတွေ့ ရတာဖြစ်တယ်။ ဒါတွေကို ကျော်လွှားနိုင်ဖို့ ဒေသတွင်း တစ်ခုချင်းစီ ရဲ့ အစီအမံတွေရှိတဲ့အပေါ်မှာ ကျောင်း ဆရာ/ဆရာမတွေ အနေနဲ့ သက်ဆိုင်ရာ အာဏာပိုင်တွေ ဆီကနေ လုံခြုံရေး သတင်းအချက်အလက်တွေ လမ်းညွှန်မှုတွေ ရယူပြီးတော့ ကျောင်းလုပ်ငန်းတွေကို လည်ပတ်နေတာမျိုးတော့ရှိတယ်။” ဟု ကေအိုင်စီသို့ ပြောသည်။
စစ်ကောင်စီ၏ လက်နက်ကြီး နှင့်လေကြောင်း တိုက်ခိုက်မှုများကြောင့် စာသင်ကျောင်းဆောင်အများအပြား ထိခိုက်ပျက်စီးခဲ့ပြီး ကျောင်းအများစုကို တောတောင်ထဲတွင် ရွှေ့ပြောင်း သင်ကြားခဲ့ရသလို တိုက်ပွဲများ ကြောင့် ရပ်နားလိုက်ရသည့် ကျောင်းများလည်း ရှိသည်ဟု ဆရာ/ဆရာမများထံမှ သိရသည်။
အခမ်းအနားသို့ တက်ရောက်လာသည့် ဆရာမတစ်ဦးက “ ကျမတို့ စာသင်ရတဲ့နေရာမှာ လုံခြုံရေးအရ စိုးရိမ်ရတာတွေ ရှိပါတယ်။ အထူးသဖြင့် လေကြောင်းရန် စိုးရိမ်ရမှုက ရှိတယ်။ စာသင်ကြားရတာ အဲ့လောက်ထိ အခက်အခဲမရှိပေမဲ့ တခါတလေ ကိုယ့်နေရာ ဒေသမှာ ပဋိပက္ခတွေ ရှိလာလို့ လာထိခိုက်မှာကို အရမ်းစိုးရိမ်မိတယ်။ ဒါပေမဲ့ ကျမတို့ ဒေသ အာဏာပိုင်တွေ နဲ့ ချိတ်ဆက် ဆက်သွယ်ပြီး ကလေးငယ်တွေအတွက် လုံးခြုံရေး အစီအစဉ်တွေ လုပ်ဆောင်ပေး ထားတာမျိုး တော့ရှိပါတယ်” ဟု ပြောသည်။
ခရိုင်၊ မြို့နယ်အဆင့် ပညာရေးနှင့် ယဉ်ကျေးမှုဌာန တာဝန်ရှိသူများ၊ စာသင်ကျောင်း ၁၈ ကျောင်းမှ ဆရာ၊ ဆရာများ/ ကျောင်းသူကျောင်းသားများနှင့် ဒေသခံပြည်သူ ၁၀၀ နီးပါး တက်ရောက်ခဲ့သည့် ယမန်နေ့ အခမ်းအနားတွင် ကရင့်အမျိုးသားအလံတော်အား အလေးပြုခြင်း၊ တက်ရောက်လာသည့် ပညာရေး တာဝန်ရှိသူနှင့် ကျောင်းအသီးသီးမှ ဆရာ/ဆရာမများအပါအဝင် ကျောင်းသား/ကျောင်းသူများကို မိတ်ဆက်ခြင်း၊ ကမ္ဘာ့ဆရာများနေ့ ဖြစ်ပေါ်လာပုံအကျဉ်းကို ရှင်းလင်းပြောကြားခဲ့သည်။
၎င်းအပြင် တက်ရောက်လာသည့် ဆရာ၊ ဆရာထဲမှ ၅ နှစ်နှင့် ၅နှစ်အထက် တာဝန်ထမ်းဆောင်သည့် ဆရာ၊ ဆရာမ စုစုပေါင်း ၃၀ ဦးကို ဂုဏ်ပြုမှတ်တမ်းလွှာနှင့်လက်ဆောင်များပေးအပ်ခြင်းနှင့်အတူ ကျောင်းသူ၊ ကျောင်းသားများကလည်း ဆရာ/ဆရာမများတွက် တေးသီချင်းဖြင့် ဂုဏ်ပြုသီဆိုခဲ့ကြသည်။
(၈)တန်းကျောင်းသူ နန်းမူးဒါးခလိန်းက “ တခါတလေ စာသင်ရတာ စိတ်ကုန်ရတာလည်းရှိသလို တခါတရံ မျှော်လင့်ချက် မဲ့တာမျိုးလည်းကြုံဖူးတယ်။ ဒါပေမဲ့ နေရာဒေသ အသီးသီးက ဆရာ/ဆရာမတွေရဲ့ လာပေးဆပ် သင်ကြားပေးတဲ့ အပေါ်မှာ အများကြီး ကျေးဇူးတင်မိတယ်။ ဘုရားသခင်ရဲ့ ကူညီဆောင်မမှုလည်း ရရှိပါစေလို့ ဆုတောင်းပေးပါတယ်” ဟု အခမ်းအနားတွင် ပြောသည်။
ယခု ၂၀၂၅-၂၀၂၆ ခုနှစ် ပညာသင်နှစ်တွင် ကော်သူးလေနယ်မြေအတွင်း စာသင်ကျောင်းပေါင်း (၁,၇၃၈) ကျောင်း ဖွင့်လှစ်နိုင်ကာ ကျောင်းသူ/ကျောင်းသားပေါင်း (၁၄၉,၇၆၂) ဦးအတွက် ကျောင်းဆရာ/ဆရာမ (၁၁,၉၃၉) ဦး ခန့်ထားလျက်ရှိကြောင်းလည်း ကေအဲန်ယူ ထုတ်ပြန်ထားသည့် အချက်အလက်အရ သိရသည်။



















