Home သတင်း ရွေးကောက်ပွဲဆန့်ကျင်ရေးတွင် ဗဟို၏သ‌ဘောထားအတိုင်း ရပ်တည်မည်ဖြစ်ကြောင်း တပ်မဟာ(၁) ထုတ်ပြန်

ရွေးကောက်ပွဲဆန့်ကျင်ရေးတွင် ဗဟို၏သ‌ဘောထားအတိုင်း ရပ်တည်မည်ဖြစ်ကြောင်း တပ်မဟာ(၁) ထုတ်ပြန်

595
Photo: KIC (ပုံဟောင်း)

စက်တင်ဘာ ၂၁ ရက်၊ ၂၀၂၅ ခုနှစ်။ ‌ကေအိုင်စီ

စစ်အုပ်စု၏အတုအယောင်ရွေးကောက်ပွဲကို ဆန့်ကျင်ရာ၌ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ဗဟိုအလုပ်အမှုဆောင်‌ကော်မတီ၏ ‌သဘောထားအတိုင်း ရပ်တည်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကေအဲန်ယူ သထုံခရိုင် တပ်မဟာ(၁) က ယမန်နေ့ စက်တင်ဘာ(၂၀)ရက်စွဲဖြင့် ထုတ်ပြန်ကြေညာသည်။

စစ်‌အုပ်စု၏ရွေးကောက်ပွဲသည် စစ်တပ်ကိုအကျိုးပြုမည့် လူနှင့်ပါတီရွေးချယ်ပွဲသာ ဖြစ်သဖြင့် အဆိပ်ပင်ရေလောင်းမည့် သမိုင်း‌ပေးတရားခံ မဖြစ်‌စေရန် နည်းလမ်း‌ပေါင်းစုံဖြင့် ရှောင်ရှားကြရေး ပြီးခဲ့သည့် ဩဂုတ်လ (၂၆)ရက်နေ့က ကေအဲန်ယူ-ဗဟိုမှ ထုတ်ပြန်ထားခြင်းဖြစ်သည်။

သထုံခရိုင် ကေအဲန်ယူ တပ်မဟာ(၁)အနေဖြင့်လည်း ဗဟို၏သဘောထားအတိုင်းရပ်တည်ပြီး ရွေးကောက်ပွဲဆန့်ကျင်ရေး လှုပ်ရှားမှုအတွင်း ပူးပေါင်းပါဝင်နေကြ‌သော သက်ဆိုင်သူများ၏ စုပေါင်းခေါင်းဆောင်မှုဖြင့် တစ်ခုတည်းသော အင်အားစုတည်ဆောက်၍ ‌ရွေးကောက်ပွဲကိုဆန့်ကျင်သွားမည်ဟု ဆိုသည်။

ကေအဲန်ယူ တပ်မဟာ(၁) သတ်မှတ်နယ်မြေအရ မွန်ပြည်နယ်အတွင်းရှိ မြို့နယ်‌ကျေးရွာများပါဝင်ခြင်းဖြစ်ပြီး ကေအဲန်ယူ လက်အောက်ခံ ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော်-KNLA တပ်ဖွဲ့များ အပြင် မွန်လက် နက်ကိုင်တပ်ဖွဲ့များနှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော်-PDF များလည်း စစ်ရေးလှုပ်ရှားသည်။

လာမည့် ဒီဇင်ဘာလတွင် ကျင်းပပြုလုပ်မည့် ရွေးကောက်ပွဲအပိုင်း(၁)တွင် မွန်ပြည်နယ်ရှိ ကျိုက်ထို၊ သထုံ၊ မော်လမြိုင်၊ ချောင်းဆုံနှင့်ကျိုက်မရောမြို့နယ်တို့ ပါဝင်ကြောင်း စစ်အုပ်စုက ကြေညာထားသည်။ ‌‌မွန်ပြည်နယ်အနေဖြင့်လည်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီနှင့် မွန်ညီညွတ်ရေးပါတီတို့က ရွေး‌ကောက်ပွဲက ဝင်ရောက်ယှဥ်ပြိုင်ဖို့ရှိနေကြောင်း မွန်နိုင်ငံရေးအသိုင်းအဝိုင်းက ဆိုသည်။

၂၀၂၀ ရွေးကောက်ပွဲမှ အနိုင်ရကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းထားသည့် မွန်ပြည်နယ်အခြေစိုက် နိုင်ငံရေးအင်အားစုတစ်စုဖြစ်သော မွန်ပြည်နယ်အတိုင်ပင်ခံကောင်စီ-MSCC နှင့် မွန်ပြည်ဖက်ဒရယ်‌ကောင်စီ-MSFC တို့မှလည်း စစ်အုပ်စု ရွေးကောက်ပွဲကို အတူပူးပေါင်းဆဆန့်ကျင်မည်ဟု ပြီးခဲ့သည့် စက်တင်ဘာ ၁၈ က အသိပေးကြေညာထားသည်။

ကေအဲန်ယူ တပ်မဟာ(၁)နှင့်အလားတူ ကေအဲန်ယူ ဒူးပလာယာခရိုင် တပ်မဟာ(၆)နှင့် ညောင်လေးပင်ခရိုင် တပ်မဟာ(၃)တို့ကလည်း ‌ရွေးကောက်ပွဲကိစ္စနှင့်ပတ်သက်ပြီး ဗဟိုနှင့်သဘောထားရပ်တည်ချက် တူညီ‌ကြောင်း အသီးသီး ထုတ်ပြန်ကြေညာသည်။