Home သတင်း ပုလောမြို့ လှေဆိပ်၌ ပေါက်ကွဲမှု ဖြစ်ပြီးနောက် ငါးဖမ်းလှေထွက်ရန် အခက်တွေ့နေ

ပုလောမြို့ လှေဆိပ်၌ ပေါက်ကွဲမှု ဖြစ်ပြီးနောက် ငါးဖမ်းလှေထွက်ရန် အခက်တွေ့နေ

521
Photo: Social Media (ပုံဟောင်း)

ဩဂုတ် ၂၇၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

တနင်္သာရီတိုင်း၊ ပုလောမြို့ရှိ လှေဆိပ်ကမ်း တစ်ခု၌ ဩဂုတ် ၂၃ ရက်နေ့ ညပိုင်းတွင် ပေါက်ကွဲမှု ဖြစ်ပြီးနောက် အာဏာသိမ်း စစ်တပ်က လုံခြုံရေးတင်းကြပ်ထားခြင်းကြောင့် ငါးဖမ်း လှေထွက်ရန် အခက်တွေ့နေသည်ဟု ဒေသခံများက ပြောသည်။

ပုလောမြို့အခြေစိုက် စစ်အုပ်စု ခြေလျင်တပ်ရင်း (ခလရ-၂၈၅) သို့ ပို့ဆောင်မည့် လက်နက်ခဲယမ်းများ တင်လာ သည့် လှေတစ်စီးသည် ဩဂုတ် ၂၃ ရက်နေ့ညပိုင်းတွင် လှေဆိပ်၌ ပေါက်ကွဲမှု ဖြစ်ပွားခဲ့သည်ဟု ဒေသခံတစ်ဦး က ယခုလို ပြောသည်။

“သူတို့က လက်နက်ခဲယမ်းတွေကို ငါးဖမ်းလှေတွေနဲ့ သယ်လာတာ။ ညဘက် လှေပေါ်က သယ်နေတဲ့အချိန်မှာ ပေါက်ကွဲမှု ဖြစ်သွားတယ်။ အဲ့တာကြောင့် သူတို့အဲ့ဒီတဝိုက်ကို လုံခြုံရေးချပြီးတော့ ရေထဲကျသွားတဲ့ အလောင်း တွေနဲ့ လက်နက်တွေကို ပြန်ပြီး သယ်ဖို့အတွက်လုပ်နေကြတယ်” ဟု ၎င်းက ပြောသည်။

ပေါက်ကွဲမှုကြောင့် ငါးဖမ်းလှေပေါ်၌ လိုက်ပါစီးနင်းလာသည့် စစ်တပ် တပ်ဖွဲ့ဝင်များနှင့် အနီးတဝိုက်ရှိဒေသခံ တချို့မှာ သေဆုံးခဲ့ပြီး လက်ရှိတွင်လည်း စစ်တပ်က လုံခြုံရေးတင်းကြပ်ထားမှုကြောင့် ငါးဖမ်းလှေများ လုပ်ငန်း ရပ်နားထားရသည်ဟု အမည်မဖော်လိုသူ ဒေသခံ နောက်တစ်ဦးက ပြောသည်။

“ ဒီနေ့အချိန်ထိ လုံခြုံရေးတွေ ချထားတယ်။ အဲ့တော့ ငါးဖမ်းလှေအများစုက ငါးဖမ်းဖို့ မထွက်ရဲကြတော့ဘူး။ ဖမ်းခံထိမှာကြောက်တာရယ်၊ စစ်တပ်က ပေါ်တာဖမ်းမှာကြောက်တာလည်း ပါကြတယ်။ တော်တော်များများ လှေ မထွက်ရဲ ကြတော့ဘူး။ ဒီပင်လယ်ပြင်ဘက်မှာက ငါးဖမ်းလုပ်ငန်းနဲ့ဘဲ အသက်မွေးဝမ်းကြောင်းပြုနေ ကြတာ များတယ်” ဟု ၎င်းက ကေအိုင်စီ သို့ ပြောဆိုသည်။

ထို့အပြင် စစ်ကောင်စီတပ်ဖွဲ့ဝင်များအနေဖြင့် မြေပြင်တွင်ကုန်းလမ်းဖြင့် လပ်နက်ခဲယမ်းများကို သယ်ဆောင် ရာတွင် မိုင်းဆွဲတိုက်ခိုက်ခံရမှုများ မကြာခဏ ကြုံတွေ့နေရသောကြောင့် ရေလမ်းပိုင်းကို ပိုမိုအသုံးပြုကာ ငါးဖမ်းလှေများဖြင့် ယခုနောက်ပိုင်း ပိုမိုသယ်ဆောင်နေသည်ဟု ဒေသတွင်းရှိ တော်လှန်ရေးတပ်ဖွဲ့ဝင်များ ပြော သည်။