Home ရွေးကောက်ပွဲသတင်း ရွေးကောက်ပွဲသည် စစ်တပ်အတွက် အကျိုးရှိမည့် လူနှင့်ပါတီ ရွေးချယ်မှုသာဖြစ်၍ အကြမ်းမဖက်သောနည်းဖြင့် ဆန့်ကျင်ရန် KNU တိုက်တွန်း

ရွေးကောက်ပွဲသည် စစ်တပ်အတွက် အကျိုးရှိမည့် လူနှင့်ပါတီ ရွေးချယ်မှုသာဖြစ်၍ အကြမ်းမဖက်သောနည်းဖြင့် ဆန့်ကျင်ရန် KNU တိုက်တွန်း

624
Photo: KNU

ဩဂုတ် ၂၆ ရက်၊ ၂၀၂၅ ။ ကေအိုင်စီ

အာဏာသိမ်း စစ်တပ်က ပြုလုပ်မည့် ရွေးကောက်ပွဲသည် “စစ်တပ်အတွက် အကျိုးရှိမည့် လူနှင့် ပါတီရွေးချယ်ပွဲ” ဖြစ်သဖြင့် ကရင်လက်နက်ကိုင်အဖွဲ့များ၊ ကရင်နိုင်ငံရေးအင်အားစုများ၊ ကရင်ပါတီများနှင့် ပြည်သူလူထု တစ်ရပ်လုံးသည် အကြမ်းမဖက်သော နည်းလမ်းများဖြင့် ဆန့်ကျင်ကြရန် ကေအဲန်ယူ-ကရင် အမျိုးသားအစည်းအရုံးက ဩဂုတ် ၂၆ ရက်နေ့တွင် သဘောထား ထုတ်ပြန်ကာ တိုက်တွန်းလိုက်သည်။

KNU သဘောထားထုတ်ပြန်ချက်တွင် အချက် ၇ ချက် ပါရှိပြီး စစ်အုပ်စုက ပြုလုပ်မည့် ရွေးကောက်ပွဲသည် ဥပဒေရေးရာအရ တရားမဝင်ခြင်း၊ ပြည်သူများလုံး လုံးပါဝင်နိုင်မှုမရှိခြင်းတို့ကို ထောက်ပြထားသည်။ ထို့အပြင် “လိုသလိုအဖြေ ထုတ်နိုင်သည့် ရွေးကောက်ပွဲလုပ်ငန်းစဉ်” ဖြစ်သည့်အတွက် လုံးဝလက်မခံကြောင်း ဖော်ပြခဲ့သည်။

အဆိုပါ ရွေးကောက်ပွဲသည် စစ်အာဏာရှင်စနစ်ကို သက်ဆိုးရှည်စေရေးအတွက်သာဖြစ်ပြီး လက်ရှိနိုင်ငံရေး အကြပ်အတည်းအတွက် ဖြေရှင်းချက်တစ်ခုမျှ မဖြစ်နိုင်ကြောင်း၊ ထို့ကြောင့် နိုင်ငံအတွင်း ပဋိပက္ခများပြင်းထန်လာနိုင်ကြောင်း KNU က သတိပေးထားသည်။

စစ်အုပ်စုက ပြင်ဆင်ထုတ်ပြန်လိုက်သော “ရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တား ဖျက်ဆီးခြင်းမှ ကာကွယ် ပေးရေး ဥပဒေ” နှင့် “နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနှင့် ပုဂ္ဂိုလ်ဆိုင်ရာ လုံခြုံမှုကို ကာကွယ်ပေးရေး ဥပဒေ” ကြောင့် ပြည်သူများသည် ကြောက်ရွံ့မှုအောက်တွင် ဆန္ဒမပါဘဲ ပါဝင်ရမည့်အခြေအနေသို့ ရောက်ရှိနေ သည်ဟုလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အလားတူ စစ်အုပ်စုက ရွေးကောက်ပွဲ ပြုလုပ်ရန် ကြိုးစားခြင်းသည် ASEAN ဘုံသဘောတူချက် ၅ ရပ်ကို အကောင်အထည်ဖော်ရန် မျက်ကွယ်ပြုခြင်းဖြစ်ပြီး “ စစ်တပ်ကို အကျိုးပြုမည် လူနှင့်ပါတီ ရွေးချယ်ပွဲ” ဖြစ်သည့် အတုအယောင်ရွေးကောက်ပွဲသာဖြစ်ကြောာင်း၊ နိုင်ငံရေးပါတီများက အဆိုပါ အတုအယောင်ရွေးကောက်ပွဲ တွင်ပါဝင်ခြင်းသည် အနာဂတ်ဖက်ဒရယ် ဒီမိုကရေစီစနစ်တည်ဆောက်မှုအတွက် အဟန့်အတားဖြစ်စေသည်ဟု ကေအဲန်ယူက ထောက်ပြသည်။

၎င်းအပြင် ရေရှည်တည်တံ့ခိုင်မြဲသည့် နိုင်ငံရေးအဖြေကို ဦးတည်သည့် “ အားလုံးပါဝင်သည့် နိုင်ငံရေး တွေ့ဆုံမှုကရရှိသည့် သဘောတူညီမှုဖြင့် ရေးဆွဲပြဌာန်း အတည်ပြုမည့် စစ်မှန်သည့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထာင်စု ဖွဲ့စည်းပုံ အခြေခံ ဥပဒေအသစ်ဖြင့် ကျင်းပသော ရွေးကောက်ပွဲ သာလျှင်” နက်နှိုင်းစွာ အမြစ် တွယ်နေသည့် မြန်မာနိုင်ငံ၏ နိုင်ငံရေး ပဋိပက္ခများ အဆုံးသတ်နိုင်မည်ဟု KNU က အပြည့်အဝ ယုံကြည်သည်ဟု သဘောထားထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့ကြောင့် ပြည်သူများနှင့် နိုင်ငံရေးပါတီများက စစ်အာဏာရှင် စနစ် သက်ဆိုး ရှည်ရေး စစ်တပ်အာဏာသိမ်း ယူမှုတရားဝင်မှု ရရှိစေရေးနှင့် ၂၀၀၈ ဖွဲစည်းပုံကို ပြန်လည်အသက်သွင်းသည့် အတုအယောင် ရွေးကောက်ပွဲတွင် ပါဝင်ခြင်းသည် “ အဆိပ်ပင်ရေလောင်းသည့် သမိုင်းတရားခံ” ဖြစ်သွားနိုင်သည့်အတွက် နည်းလမ်း ပေါင်းစုံဖြင့် ရှောင်ရှားနိုင်ကြရေး ကြိုးပမ်းကြရန် လိုအပ်သည်ဟု ကေအဲန်ယူက တိုက်တွန်းထားသည်။