Home သတင်း “Road to Karen Wikipedia” အွန်လိုင်းအခမ်းအနား ကျင်းပမည်

“Road to Karen Wikipedia” အွန်လိုင်းအခမ်းအနား ကျင်းပမည်

387
Photo: Crd.

သြဂုတ် ၂၆ ရက်၊ ၂၀၂၅ ခုနှစ် ။ ကေအိုင်စီ

ကရင်ဘာသာ၊ စာပေနှင့် ယဉ်ကျေးမှုတို့ကို Wikipedia မှတစ်ဆင့် ဒစ်ဂျစ်တယ်နည်းပညာဖြင့် ထိန်းသိမ်းပြီး မျိုးဆက်သစ် လူငယ်များထံ ပြန်လည်ပြန့်ပွားလာစေရန် ရည်ရွယ်ချက်ဖြင့် “Road to Karen Wikipedia” အွန်လိုင်းအခမ်းအနားကို ကျင်းပမည်ဟု ကရင်အဘိဓာန်အဖွဲ့ ထံမှ သိရသည်။

အဆိုပါအခမ်းအနားကို လာမည့် သြဂုတ်လ ၂၉ ရက်၊ သောကြာနေ့၊ ည ၇ နာရီအချိန်တွင် အွန်လိုင်းအစည်းအ‌ဝေး (Zoom Meeting) မှတဆင့် Myanmar Wikipedia Community နှင့် ပူးပေါင်း၍ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ကရင်ဘာသာစကားများဖြစ်သည့် စကောကရင်၊ အရှေ့ပိုးကရင် နှင့် အနောက်ပိုးကရင် တို့အား Wikipedia ပေါ်တွင် အကြောင်းအရာများ စတင်တိုးချဲ့ရေး၊ ရေးသားနည်းများ၊ နည်းပညာအခြေခံ အသုံးပြုနည်းများ တိုးမြှင့်ဖန်တီးရေးအတွက် ကျင်းပခြင်းဖြစ်ကြောင်း ဦးဆောင်သူများက ပြောသည်။

ကရင်အဘိဓာန်အဖွဲ့မှ စောအောင်မြင် က “ကျနော်တို့ ကရင်စာ ဖတ်ရှုမှုအတွက် များများစားစား ဖတ်လို့ရတဲ့ စာကြည့်တိုက်လိုမျိုး စွယ်စုံကျမ်းလို ရှိမနေသေးဘူး။ တခြား တိုင်းရင်းသားတွေ ဖြစ်တဲ့ မွန်၊ ရှမ်း၊ ရခိုင်၊ ပအိုဝ်းတို့က ရနေပြီးပေါ့နော်။ ကျနော်တို့ ကရင်မှာက မရသေးဘူး။ ဒါကြောင့် ဒီအစီအစဉ်ကို လုပ်ရခြင်း ဖြစ်ပါတယ်” ဟု ကေအိုင်စီသို့ ပြောသည်။

၎င်းအပြင် နိုင်ငံတကာသုံး နည်းစနစ်ထဲသို့ ကရင်ဘာသာစကားအခြေခံအချက်အလက်များ ရှိနေရန်အတွက် Wikipedia သည် ဘာသာစကားတစ်ခုကို နည်းပညာထဲသို့ ထည့်သွင်းရန် မရှိမဖြစ်လိုအပ်သည့် အရင်းအမြစ်ဖြစ်သောကြောင့် ကရင်ဘာသာ Wikipedia ကို ဖန်တီးခြင်း၊ တိုးချဲ့ခြင်းသည် အလွန်အရေးကြီးကြောင်း စောအောင်မြင်က ဖြည့်စွက်ပြောသည်။

ထို့ကြောင့် အခမ်းအနားတွင် စာပေ၊ ယဉ်ကျေးမှုနှင့် နည်းပညာနယ်ပယ်များမှ ရင်းနှီးကျွမ်းဝင်မှုရှိသည့် အသိုင်းအဝိုင်းများ ဝင်ရောက်ဆွေးနွေးကြမည်ဖြစ်၍ မည်သူမဆို ပါတင်တက်ရောက်နိုင်ကြောင်းလည်း ၎င်းအဖွဲ့က ၎င်းတို့၏ လူမှုကွန်ရက်ပေ့ချ်တွင် ဖိတ်ခေါ်ထားသည်။

ထို့အတူ ကရင်ဘာသာစကားများကို ဒစ်ဂျစ်တယ်နည်းပညာဖြင့် မှတ်တမ်းတင်နိုင်ပြီး ဘာသာစကားနှင့် ယဉ်ကျေးမှုတို့ကို ထိန်းသိမ်းရာရောက်သည့်အပြင်၊ အနာဂတ်တွင် ပေါ်ပေါက်လာမည့် ပိုမိုမြင့်မားသော နည်းပညာများ၌ မိမိတို့ဘာသာစကားကို ထည့်သွင်း အသုံးပြုနိုင်မည့် အခွင့်အလမ်းများလည်း ဖန်တီးပေးနိုင်မည်ဟု ၎င်းအဖွဲ့က ဆိုသည်။

Wikipedia ပေါ်တွင် ကရင်ဘာသာစကားအသီးသီးဖြင့် အချက်အလက်များကို လွယ်ကူစွာ ရှာဖွေလာနိုင်မည်ဖြစ်သည့်အပြင် မျိုးဆက်သစ် လူငယ်များအတွက်လည်း မိခင်ဘာသာစကားအပေါ် ပိုမိုစိတ်ဝင်စားမှု မြင့်တက်လာစေမည်ဖြစ်ကြောင်း ဦးဆောင်သူများက ပြောသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ တွင် ကရင်စာပေနှင့် နည်းပညာ ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ ၏ ဦးဆောင် မှု ဖြင့် စကောကရင်၊ အရှေ့ပိုးကရင်နှင့် အနောက်ပိုးကရင်စာများကို အွန်လိုင်းပေါ်သို့ အမှန်တကယ်ရေးသားဖတ်ရှုနိုင်ရေးအတွက် Karen Unicode Campaign ကို တစ်လကြာ ပြုလုပ်ခဲ့သည်။

အဆိုပါကမ်းပိန်းကာလအတွင်း ထူးခြားသည့်ရလဒ်အနေနှင့် Facebook Team ထံမှ ၎င်းတို့၏ ပလက်ဖောင်းပေါ်တွင် ဘာသာစကားမှန်ကန်စွာ ဖော်ပြနိုင်သည်အထိ လုပ်ဆောင်ပေးမည့် တုံ့ပြန်ချက်များ ရရှိခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် ဇွန်လ ၂၆ ရက်နေ့ က စတင်ပြီး မြန်မာနိုင်ငံရှိ တိုင်းရင်းသား စာပေများစွာအတွက် အင်တာနက် လူမှုကွန်ရက် Facebook ပေါ်၌ နိုင်ငံတကာစံနှုန်းဖြစ်သော ယူနီကုဒ် (Unicode) စံစနစ်ကို အပြည့်အဝ အသုံးပြုလာနိုင်ခဲ့ပြီဟု သိရသည်။