ဩဂုတ်၂၆၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ မြိတ်-ထားဝယ်ခရိုင်၊ လယ်ကဆော(ဘုတ်ပြင်း) မြို့နယ်တွင် စစ်ကောင်စီယာဉ်တန်းကို ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်-KNLA တပ်ဖွဲ့ဝင်များက ဩဂုတ် ၂၅ ရက်နေ့တွင် စောင့်ကြိုတိုက် ခိုက်ခဲ့ရာ အာဏာသိမ်းတပ်မှ စစ်ဦးစီးမှူး (G2) အဆင့်ရှိသူ အပါအဝင် ၂၀ ဦး ထက်နည်း သေဆုံး သွားသည်။
ဘုတ်ပြင်းမြို့မှ လေညာမြို့ဘက်ဦးတည်ထွက်ခွာလာသည့် ယာဉ် ၃ စီးပါ စစ်ကောင်စီ ယာဉ်တန်းကို ဩဂုတ် ၂၅ ရက် နေ့လည်ပိုင်းတွင် KNLA တပ်ရင်း (၂၀၃)၊ တပ်ခွဲ(၂)မှ တပ်ဖွဲ့ဝင်များက ဘုတ်ပြင်း၊ ထောင်ယွန်း ကျေးရွာ အနီး၌ မိုင်းဆွဲတိုက်ခိုက်မှု လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်ဟု မြိတ်-ထားဝယ်ခရိုင် ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။
အဆိုပါမိုင်းဆွဲ တိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်မှ စစ်ဦးစီးမှုး G2 အဆင့်ရှိသူအပါအဝင် စစ်ကောင်စီတပ်ဖွဲဝင် ၂၀ ဦးထက်မနည်း သေဆုံးသွားပြီး စစ်ယာဉ်တန်းလည်း လှည့်ပြန် ထွက်ပြေးသွားသည်။ ထိုတိုက်ခိုက်မှုအတွင်း KNLA ဘက်က ထိခိုက်သူမရှိကြောင်း မြိတ်-ထားဝယ်ခရိုင် ထံမှ သိရသည်။

အလားတူ ပြီးခဲ့သည့် ဩဂုတ် ဒုတိယပတ်တွင်လည်း တနင်္သာရီမြိုနယ် သိန်ခွန်းရွာနှင့် ချောင်းနှစ်ပေါက်ရွာအကြား တွင် စစ်ကောင်စီထောက်ပို့ယာဉ်တန်းကို KNLA မှ ကြားဖြတ်တိုက်ခိုက်ခဲ့ရာ အာဏာသိမ်း စစ်တပ် တပ်ဖွဲ့ဝင်များ ထိခိုက် သေဆုံးရှိခဲ့ပြီး ကား ၂ စီး ပျက်ဆီးသွားသည်။
ဩဂုတ် တတိယပတ်အတွင်းတွင် ထားဝယ်မှ မေတ္တာမြို့သို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ကို KNLA ပူးပေါင်းတပ်မှ ကြားဖြတ်တိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့ပြီး စစ်ကား ၈ စီးပျက်ဆီးသွားပြီး စစ်အုပ်စု တပ်ဖွဲ့ဝင်များ သေဆုံးခဲ့သည့်အပြင်၊ လက်နက်ခဲယမ်းများလည်း သိမ်းပိုက်ရရှိခဲ့ကြောင်း မြိတ်-ထားဝယ်ခရိုင်ထံမှ သိရသည်။
ထိုအပြင် စစ်ကောင်စီတပ်ဖွဲဝင်များမှ တပ်မဟာ(၄)နယ်မြေအတွင်းရှိ ကျေးရွာများအတွင်းသို့ စစ်ကြောင်းထိုးခြင်း၊ စစ်အင်အားဖြည့်တင်းခြင်းများကို မကြာခဏလုပ်ဆောင်နေပြီး ဒေသအခြေစိုက် တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့ များနှင့် ပစ်ခတ်တိုက်ခိုက်မှု နေ့စဉ် ဖြစ်ပွားနေသည်ဟု တနင်္သာရီ ဒေသခံများက ပြောသည်။



















