Home သတင်း ကော့ကရိတ် တတန်ကူးရွာအနီး အာဏာသိမ်းတပ် စစ်ကြောင်း ကြားဖြတ်တိုက်ခိုက်ခံရ သေဆုံးသူရှိ

ကော့ကရိတ် တတန်ကူးရွာအနီး အာဏာသိမ်းတပ် စစ်ကြောင်း ကြားဖြတ်တိုက်ခိုက်ခံရ သေဆုံးသူရှိ

1037
Photo: Social Media

ဩဂုတ် ၁၀၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

ကော့ကရိတ်-မြဝတီ အာရှလမ်း တတန်ကူးရွာအနီး အာဏာသိမ်းတပ် စစ်ကြောင်းကို တော်လှန်ရေးပူးပေါင်းတပ် က ဩဂုတ် ၉ ရက်နေ့ နံနက်ပိုင်းတွင် ကြားဖြတ်တိုက်ခိုက်ခဲ့ရာ အာဏာသိမ်းတပ်ဖွဲ့ဝင် ၁၀ ဦးခန့် သေဆုံးသွား သည်ဟု မြေပြင်သတင်းရင်းမြစ်က ပြောသည်။

အာဏာသိမ်းတပ်သည် ဒေါနတောင်ကျော် အာရှလမ်းသစ်ကို ပြန်စိုးမိုးနိုင်ရေ တတန်ကူးရွာနှင့် ရွာသစ်တို့မှ အောင်ဇေယျစစ်ကြောင်းသို့ လက်နက်၊ ရိက္ခာနှင့် လူအင်အားများ ပို့ဆောင်ကာ စစ်ပြင်ဆင်နေမှုအပေါ် တော်လှန်ရေး တပ်များက ယခုလို ကြားဖြတ်တိုက်ခိုက်ခဲ့ ခြင်းဖြစ်သည်။

“ဒီနေ့မနက်ပိုင်း စကစ စစ်ကြောင်း အာရှလမ်းတတန်ကူးရွာ နားမှာ ဖြတ်တောက်တိုက်တာ ၁၀ ယောက် လောက်ကျတယ်။ အလောင်းလာမကောက် သေးဘူး အခုညနေအထိ။ စကစ စစ်ကတုတ်က နေ အာရှလမ်းဘက် လက်နက်ကြီး နာရီခြားပြီး ကြိုပစ်နေတယ်” တော်လှန်ရေးပူးပေါင်းတပ် မြေပြင်တပ်မှူးတစ်ဦးက ပြောသည်။

Photo: Social Media

အာဏာသိမ်းတပ်က ကျုံဒိုး-ကော့ကရိတ် အာရှလမ်းပိုင်းကို ဇူလိုင်လကုန်ပိုင်းက ပြန်စိုးမိုးထားပြီးနောက် ကော့ကရိတ်-မြဝတီ အာရှလမ်းကို ပြန်လည်တိုက်ခိုက်ရန် အောင်ဇေယျစစ်ကြောင်းကို အင်အားဖြည့်တင်းမှု ဆက်တိုက်ပြုလုပ်နေသည်ဟု မြေပြင်သတင်းရင်းမြစ်များက ပြောသည်။

ထို့အပြင် အာဏာသိမ်းတပ်နှင့် ပူးပေါင်းထားသည့် ခွဲထွက် DKBA ဗိုလ်ဘိ တပ်ဖွဲ့ဝင်များက အောင်ဇေယျ စစ်ကြောင်းသို့ စစ်ကူလာသည့် စစ်ကြောင်းများကို လမ်းကင်းလုံခြုံရေး လုပ်ဆောင်ပေးနေသလို စစ်ဆေးရေးဂိတ် များ ဖွင့်လှစ်ငွေတောင်းခံနေသည်ဟု စစ်ရေးသတင်းရင်းမြစ်များက ပြောသည်။

အာဏာသိမ်း စစ်တပ်က ကျုံဒိုး-ကော့ကရိတ် အာရှလမ်းကို ပြန်စိုးမိုးပြီးနောက်ပိုင်း၊ အဆိုပါ လမ်းပိုင်းနှင့် ဆက်စပ်နေသည့် ကျေးရွာချင်းဆက် လမ်းများ တွင်ပါ စစ်ကြောင်း ဆက်ထိုးမှုများ ရှိနေသည်ဟု ဒေသခံများက ပြောသည်။ ထိုသို့ စစ်ကြောင်းထိုးရာတွင် လက်နက်ကြီး ပစ်ကူပေးသည့်အတွက် ကျုံဒိုး၊ ကော့ကရိတ်မြို့နယ် ကျေးရွာများသို့ မကြာခဏ လက်နက်ကြီးပစ်ခတ်ခံနေရကြောင်း သိရသည်။