Home သတင်း ကျိုက်ထိုနှင့် ဘီးလင်းကြား အာဏာသိမ်းတပ်ယာဉ်တန်း ကြားဖြတ်တိုက်ခိုက်ခံရ

ကျိုက်ထိုနှင့် ဘီးလင်းကြား အာဏာသိမ်းတပ်ယာဉ်တန်း ကြားဖြတ်တိုက်ခိုက်ခံရ

497
Photo: White Dragon

ဩဂုတ် ၁၀၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

ရန်ကုန်-မော်လမြိုင် ကားလမ်းမပေါ် ကျိုက်ထိုမြို့နှင့် ဘီးလင်းမြို့နယ်အကြား၌ အာဏာသိမ်းတပ် ယာဉ်တန်းကို တော်လှန်ရေး ပူးပေါင်းတပ်များက ဩဂုတ် ၉ ရက်နေ့၊ နံနက် ၁၀ နာရီကျော်ချိန်တွင် တော်လှန်ရေး ပူးပေါင်းတပ် ကကြားဖြတ်တိုက်ခိုက်ခဲ့သည် ကေအဲန်ယူ၊ ဒူးသထူ (သထုံ)ခရိုင်တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ကျိုက်ထို မြို့ဘက်မှ ထွက်ခွာလာသည့် ကား ၅ စီးပါ အာဏာသိမ်းတပ် ယာဉ်တန်းတွင် ရိက္ခာ၊ လက်နက်ခဲယမ်း နှင့် တပ်ဖွဲ့ဝင်များ သည်ဆောင်လာခြင်းဖြစ်ပြီး တော်လှန်ရေးပူးပေါင်းတပ်များက ဝင်းပတုံကုန်းဆင်းဆီဆိုင် နှင့် သင်္ချိုင်းကုန်းကြား ၌ ၄၀ မမ လက်နက်ကြီးနှင့် လက်နက်ငယ်တို့ဖြင့် ဝိုင်းဝန်းပစ်ခတ် တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။

“အတိအကျတော့ မသိသေးဘူး စကစ သေဆုံး၊ ဒဏ်ရာရတာ ၁၀ ဦးဝန်းကျင်လောက် ရှိတယ်” ဟု ကေအဲန်ယူ-ဒူးသထူ (သထုံ) ခရိုင်တာဝန်ရှိသူက ပြောသည်။

အဆိုပါ ကြားဖြတ်တိုက်ခိုက်မှုကို ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်-KNLA တပ်ရင်း (၃) တပ်ဖွဲ့ဝင် များ၊ ဒေသတွင်းရှိ ပြည်သူ့ ကာကွယ်ရေးတပ်၊ နဂါးဖြူ တပ်ခွဲ (၂) တို့က ပူးပေါင်းလုပ်ဆောင်ခြင်း ဖြစ်ကြောင်း သိရသည်။

အာဏာသိမ်း စစ်တပ်ဘက်ကလည်း မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ပျဉ်းကတိုးကုန်းကျေးရွာအုပ်စု အတွင်းရှိ ပိန္နဲကုန်းကျေးရွာသို့ ဩဂုတ်လ ၉ ရက်၊ နံနက်ပိုင်းတွင် လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုတစ်ခု ပြုလုပ်ခဲ့ရာ အရပ်သား ဖြစ်သူ ဦးကျော်သိန်း အသက် (၆၂) နှစ် သေဆုံးသွားပြီး အရပ်သား ၅ ဦးဒဏ်ရာ ရရှိခဲ့သည်ဟု သိရ သည်။