ဇူလိုင် ၁၅ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ်အတွင်း ရေကြီးရေလျှံမှုဖြစ်ပွားလာပါက ရေဘေး သင့်ပြည် သူများကိုထားရှိရန် တောင်ငူမြို့ပေါ်အပါအဝင် ကျွန်းတောကုန်း၊ ဒိုးသောင်၊ လက်ပံခုန် စသည့်ကျေးရွာတို့၌ ရေဘေးရှောင်နေရာများပြင်ဆင်ထားပြီး အသက်ကယ်လှေနှင့် အထောက်အပံ့များလည်း စုပေါင်းပြင်ဆင်ထားပြီး ကြောင်း မြို့နယ်လူမှုူကူညီရေးအဖွဲ့များမှ သိရသည်။
မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဌာန၏ ယနေ့ ဇူလိုင်လ ၁၅ ရက်၊ ထုတ်ပြန်ချက်အရ စစ်တောင်းမြစ်ရေသည် တောင်ငူမြို့၏စိုးရိမ်ရေအမှတ် ၆၀၀ စင်တီမီတာ အောက် ၅၈၁ စင်တီမီတာနှင့် မဒေါက်မြို့၏ စိုးရိမ်ရေအမှတ် ၁၀၇၀ စင်တီမီတာအထက် ၁၀၈၅ စင်တီမီတာတွင် ဆက်လက်တည်ရှိနေသည်။
တောင်ငူမြို့နယ်အတွင်း စိုးရိမ်ရေမှတ်အထက် မကျော်လွန်သေးသော်လည်း အရေးပေါ်အခြေအနေအတွက် စစ်တောင်းမြစ်တစ်လျှောက် မြစ်ရေကြီးမှုအခြေအနေများကို မပြတ်စောင့်ကြည့်နေပြီး ယာယီရေဘေး ရှောင်နေ ရာနှင့် အရေးပေါ်ပစ္စည်းများ စုပေါင်းပြင်ဆင်ထားကြောင်း မြို့နယ်အခြေစိုက် အညတရ လူမှုကယ်ဆယ်ရေးအဖွဲ့မှ တာဝန်ရှိသူက ပြောသည်။
“ရွှေကျင်မဒေါက်ဘက်က ရေထောက်ရင် တောင်ငူဘက်က စိုးရိမ်ရေမှတ်အထက် ကျော်သွားနိုင်တယ်။ အဲဒါကြောင့် ကျနော်တို့ပရဟိတအဖွဲ့တွေအကုန်လုံး ညတိုင်းရေကင်းစောင့်နေပါတယ်။ စပိဘုတ်တွေ ဘာတွေ လည်း ပြင်ဆင်ထားပြီးပြီ။ ကယ်ဆယ်ရေးအတွက် နေရာတွေလည်းလုပ်ထားပြီးပြီ။” ဟု အညတရ အဖွဲ့ တာဝန်ရှိသူက ပြောသည်။

လက်ရှိ တောင်ငူမြို့နယ်အတွင်း စစ်တောင်းမြစ်ကမ်းနားနေထိုင်သည့် ရွာအချို့ လမ်းပေါ်ရေဝင်ရောက်မှုရှိ သော်လည်း ဖြတ်သန်းသွားလာ၍ရသေးသည့် အခြေအနေဖြစ်သည်။ သို့သော် ပြီးခဲ့သည့် ဇူလိုင်လ ၁၃ ရက်နေ့က ကမ်းနားနီးသည့် အနောက်ဆင်ရွာတွင် ရေကြီးရေလျှံမှုများသဖြင့် ရေဘေးသင့်ပြည်သူအချို့ကို ရွှေ့ပြောင်းနေရာချထားရေးလုပ်ဆောင်ခဲ့ရကြောင်း ထိုအဖွဲ့များက ဆိုသည်။
ယနေ့အထိ မဒေါက်မြို့ရှိ စစ်တောင်းမြစ်ရေ စိုးရိမ်ရေအမှတ်အထက်ကို ကျော်လွန်နေသောကြောင့် မြစ်ကမ်း အနီး၊ မြေနိမ့်ပိုင်းနေသူများ ရေဘေးလွတ်ရာသို့ကြိုတင်ရှောင်ရှားကြရန် မိုးလေဝဿဘက်က အသိပေးထားသည်။
ထို့အတူ မဒေါက်ဘက်ကရေကြီးပြီး ရေမဆင်းနိုင်ပါက တောင်ငူမြို့နယ်အတွင်း ရုတ်တရတ် ရေတိုးမြင့် မှုဖြစ်လာနိုင်၍ ကြိုတင်ပြင်ဆင်ထားကြရန်လည်း လူမှုကူည်ီရေးအဖွဲ့များက ကမ်းနားနှင့်အနိမ့်ပိုင်းနေသူများကို သတိပေးမှုရှိသည်။
ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် စက်တင်ဘာလပိုင်းက မြန်မာနိုင်ငံမြို့နယ်အများအပြားမှာ ရေကြီး ရေလျှံမှုဖြစ်ပွားခဲ့သည့်အနက် တောင်ငူမြို့နယ်လည်းအပါအဝင်ဖြစ်ပြီး ရေဘေးကယ်ဆယ်ရေးအတွင်း ပရဟိတသမားများအပါအဝင် ပြည်သူအသက်ဆုံးရှုံးမှုများ ရှိခဲ့ကြောင်း ယမန်နှစ်က သတင်းထုတ်ပြန်ချက်များအရ သိရသည်။



















