မေ ၁၁၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
လက်တလော တိုက်ပွဲများနှင့် လေကြောင်းတိုက်ခိုက်ခံရမှုများကြောင့် ကေအဲန်ယူ၊ ဒူးပလာယာခရိုင်ရှိ စစ်ရှောင် များအတွက် မေ ၁၀ ရက်နေ့တွင် ပြုလုပ်ခဲ့သည့် ရံပုံငွေရှာဖွေပွဲမှ ရရှိလာသည့် ရံပုံငွေများကို မြေပြင်စစ်ရှောင် များအား အမြန်ဆုံး ကူညီပေးနိုင်ရေး ဆက်လုပ်ဆောင်သွားမည်ဟု ပွဲစီစဉ်သူများက ပြောသည်။
အဆိုပါ ရံပုံငွေပွဲကို Together Fof Dooplaya ခေါင်းစဉ်ဖြင့် ကျင်းပခဲ့လုပ်ပြီး Karen Student Association -Chaing Mai University နှင့် မဲဆောက်ရှိ ကရင်လူငယ်အဖွဲ့တို့မှ ဦးဆောင်ကာ ထိုင်း-မြန်မာ နယ်စပ်၊ မဲဆောက် မြို့ ပါရမီကျောင်း၌ ယမန်နေ့ ညနေပိုင်းက ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။
“အခု မနေ့က ပွဲမှာရလာတဲ့ ရံပုံငွေတွေကို စာရင်းချုပ်နေတယ်။ ပါဝင်ရောင်းချတဲ့ ဆိုင်တွေကလည်း ရံပုံငွေ ပြန်ထည့်ဝင်သွားဖို့ ရှိတော့ ဘယ်လောက်ရမလဲ မသိသေးဘူး။ ရံပုံငွေတွေကို မြေပြင်စစ်ရှောင်နေတဲ့သူတွေဆီ အမြန်ဆုံး ကူညီပေးအပ်သွားဖို့ ဆက်လုပ်နေပါတယ်” ဟု ပွဲစီစဉ်သူထဲတွင် ပါဝင်သည့် မန်းဘွားက ပြောသည်။

လက်ရှိ ဒူးပလာယာခရိုင်အတွင်းရှိ ကျုံဒိုး-ကော့ကရိတ် မြို့နယ်များတွင် စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲခြင်း၊ လက်နက်ကြီး ပစ်ခတ်ခြင်းတို့ ကြောင့် ကျေးရွာဒေသခံအများအပြား စစ်ရှောင်နေရပြီး အကူအညီမျိုးစုံ လိုအပ်နေ သည်အတွက် ယခုလို ပွဲစီစဉ်ရခြင်းဖြစ်သည်ဟု ပွဲစီစဉ်သူများက ပြောသည်။
အဆိုပါ ရံပုံငွေပွဲသို့ ပါဝင်ခဲ့သူ နော်ဂျိုးသလေးက “စစ်ရှောင်တွေကို ကူညီရှာဖွေပေးတဲ့ ရံပုံငွေပွဲဖြစ်တာကြောင့် တက်ရောက်ပါဝင်ကူညီခွင့် ရခဲ့တဲ့အတွက် ဝမ်းသာပါတယ်။ အဓိက ပါဝင်တဲ့အပိုင်းက အစားအသောက်တွေ ရောင်းပေးတာ ဖြစ်တယ်။ ဘယ်လိုဘဲ စစ်ရှောင်နေရပါစေ ကျမတို့လို အဝေးမှာရောက်တဲ့ ကရင်ပြည်သူတွေက အတတ်နိုင်ဆုံး ကူညီပေးသွားမှာ ဖြစ်တယ်လို့ စစ်ရှောင်တွေကို အားပေးချင်တယ်” ဟု ၎င်းက ပြောသည်။
ယမန်နေ့ ညနေပိုင်းက ပြုလုပ်ခဲ့သည့် ရံပုံငွေရှာဖွေပွဲ၌ ဘော်လုံး ပြိုင်ပွဲ၊ အစားအသောက်နှင့် အဝတ်အထည် စျေးရောင်းပွဲ၊ တေးဂီတ သီဆိုပွဲ အစီစဉ်များလည်း ပါဝင်ကာ မဲဆောက်မြို့သို့ ရောက်ရှိနေသည့် လူငယ်အများစု ပူးပေါင်းပါဝင် တက်ရောက်ခဲ့သည်။



















