Home သတင်း ရွှေကျင်ရှိ ခမရ-၅၉၈ ကို KNLA ပူးပေါင်းတပ် သိမ်းပိုက်

ရွှေကျင်ရှိ ခမရ-၅၉၈ ကို KNLA ပူးပေါင်းတပ် သိမ်းပိုက်

624
Photo: PDF

မေ ၁၁၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ခလယ်လွီထူးခရိုင် (ညောင်လေးပင်)၊ ရွှေကျင်မြို့နယ်၊ ညောင်ခြေ ထောက် ကျေးရွာရှိ စစ်ကောင်စီ၊ တောင်ပိုင်းတိုင်း စစ်ဌာနချုပ် လက်အောက်ခံ ခမရ-၅၉၈ တပ်ရင်းဌာနချုပ်ကို တပ်မဟာ-၃ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်-KNLA နှင့် PDF၊ မဟာမိတ် ပူးပေါင်း တပ်များက ယခု ရက်ပိုင်းအတွင်း တိုက်ခိုက်သိမ်းပိုက်လိုက်သည်ဟု ဆိုင်ရာတပ်တာဝန်ရှိသူတို့က ပြောသည်။

အဆိုပါ စစ်ကောင်စီ၏ ခြေမြန်တပ်ရင်း(ခမရ-၅၉၈) ကို တော်လှန်ရေး ပူးပေါင်းတပ်များက မေ ၈ ရက်နေ့တွင် သိမ်း ပိုက်နိုင်ခဲ့သည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ စစ်ရုံးချုပ်က ယနေ့တွင် သတင်းထုတ်ပြန်ထားသလို ကေအဲန်ယူ၊ တပ်မဟာ-၃ နယ်မြေရှိ ကေအိုင်စီ သတင်းရင်းမြစ်များက လည်း အတည်ပြု ပြောဆိုသည်။

အဆိုပါ တပ်ရင်းဌာနချုပ်ကို တိုက်ခိုက်သိမ်းပိုက်ပြီးနောက် ပူးပေါင်းတပ်ဖွဲ့များက ရှင်းလင်းရေးလုပ်ဆောင်ခဲ့ရာ လက်နက်ကြီးများဖြစ်သည့် ၇၅ မမ၊ ၈၁ မမ နှင့် ၆၀ မမ အပါအဝင် လက်နက်မျိုးစုံ ၈၃ လက်၊ ဂျန်မာစက် ၃ လုံး နှင့် ခဲယမ်းများ သိမ်းဆည်းရမိခဲ့သည်။

ထို့အပြင် စစ်ကောင်စီ တပ်ဖွဲ့ဝင် ၆ ဦးနှင့် မိသားစုဝင် ၇ ဦးကို ဖမ်းဆီးရမိခဲ့သလို စစ်ကောင်စ်တပ်ဖွဲ့ဝင် ရုပ် အလောင်း ၃၀ နှင့် တပ်ရင်းမှူး အပါအဝင် အရာရှိများ၊ တပ်သား ၅၀ ဝန်းကျင် စခန်းစွန့်ခွာ ထွက်ပြေးခဲ့သည်ဟု တိုက်ပွဲပြီးနောက် တော်လှန်ရေးတပ်ဖွဲ့များက ပြုစုထားသည့် စာရင်းများအရ သိရသည်။

တိုက်ပွဲတွင် ကေအဲန်ယူ လက်အောက်ခံ၊ KNLA တပ်မဟာ-၃၊ တပ်ရင်း- ၇ မှ တပ်ဖွဲ့ဝင်များနှင့် ဒရုန်းအဖွဲ့များ ပါဝင် တိုက်ခိုက်ခဲ့သည်။

ထို့အပြင် PDF အမှတ် (၁) စစ်ဆင်ရေးနယ်မြေ အထူးစစ်ဆင်ရေးတပ်ဖွဲ့- SOF၊ အမှတ် ၇၈၀၅၊ ၇၈၀၁ တပ်ရင်း၊ နဂါးဖြူ တပ်ရင်း၊ တောင်ညိုတပ်ရင်း၊ ဒေါနတပ်ရင်း၊ Southern Eagle တပ်ရင်း၊ SOG တပ်ရင်း၊ ရောင်နီဒရုန်း အထူးတပ်ဖွဲ့၊ Cloudwings ဒရုန်းအထူးတပ်ဖွဲ့များကလည်း ပါဝင်တိုက်ခိုက်ခဲ့သည်ဟု NUG ဘက်က သတင်း ထုတ် ပြန်ထားသည်။

အလားတူ အမှတ် (၂) စစ်ဆင်‌ရေးနယ်မြေ အမှတ် ၃၇၀၁ ၊ ၅၁၀၁ တပ်ရင်း၊ ရန်ကုန်ဗျူဟာ စစ်ကြောင်း၊ ပဲခူး တိုင်း ပကဖ တိုက်ခိုက်ရေးအဖွဲ့များ၊ ရန်ကုန်တိုင်း ပကဖ တိုက်ခိုက်ရေးအဖွဲ့များ၊ မွန် ပကဖ တိုက်ခိုက်ရေး အဖွဲ့များ၊ LDF တပ်ဖွဲ့များဖြစ်သော KRF၊ UDF ရော့ကက်နှင့် ဒရုန်းတပ်ဖွဲ့တို့ ပူးပေါင်းပါဝင်တိုက်ခိုက် ခဲ့ခြင်း ဖြစ်သည်ဟု သတင်းထုတ်ပြန်ချက်တွင် ပြောဆိုထားသည်။