ဧပြီ ၂၂ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ထိန်းချုပ်နယ်မြေ ဘိတ်-ထားဝယ်ခရိုင်၊ တပ်မဟာ(၄) ထီးခီး နယ်စပ်ရှိ စစ်ကောင်စီ ထီးထာစခန်းကျပြီးနောက် ထီးခီးတပ်စခန်းသို့ လေယာဉ်ဖြင့် အင်အား အမြောက်အများ ဖြည့်နေ သည်ဟု ဒေသတွင်း စစ်ရေးသတင်းအရင်းအမြစ်က ပြောသည်။
စစ်ကောင်စီက ယမန်နေ့ ဧပြီ ၂၁ ရက်နေ့တွင် လေယာဉ်နှင့် ထိုတပ်စခန်းထဲကို အင်အားလာဖြည့်ကာ ထီးခီး ကျေးရွာကိုလည်း ဗုံးကြဲတိုက်ခိုက်မှု ပြုလုပ်ခဲ့သည်။
ပြီးခဲ့သည့် ဧပြီ ၁၇ ရက်နေ့တွင် လေယာဉ် နှစ်စင်းနှင့် အင်အား ၆၀ ကျော် လာရောက်ချပြီးနောက် ယမန် နေ့ ဧပြီ ၂၁ ရက်နေ့တွင်လည်း အင်အားအများအပြား ထပ်မံ ပို့ဆောင်နေသည်ဟု စစ်ရေးသတင်းအရင်း အမြစ်က ပြောသည်။
၎င်းက “၁၇ ရက်နေ့က လေယာဉ် ၃ စင်းနဲ့လူလာချတယ်။ ဒီဘက်က ပစ်တော့ ၂ စင်းပဲချလို့မှီတယ်။ ကျန်တဲ့ တစ်စင်းက ပြန်သွားတယ်။ ပြီးတော့ ဟိုတစ်နေ့တုန်းက ထပ်လာထပ်ပစ်တော့ လူချလို့ မရဘူး။ မနေ့ကတော့ လူပြန်ပြီးထပ်ချတယ်။ ဘယ်လောက်ချလဲ စာရင်းမရ လိုက်ဘူး။ ထီးခီးစခန်းမှာ အခုဆိုရင် တပ်အင်အား လာချတာ ခန့်မှန်းခြေ အယောက် ၁၀၀ လောက်ရှိပြီး” ဟု ကေအိုင်စီသို့ ပြောသည်။
ထီးထာစခန်းနှင့် ထီးခီးစခန်းသည် အကွာအဝေး ၆ မိုင်ခန့်သာရှိကာ လက်ရှိ စစ်ကောင်စီ ထီးခီးစခန်းအပြင် ငါးရံ့နီစခန်းနှင့် ဗောဓိစခန်းကိုလည်း လေယာဉ်ဖြင့် စစ်ကူပို့ဆောင် မှုများ ရှိသည်ဟု သိရသည်။
ထီးထာဗျူဟာကုန်းစခန်းကို ပြီးခဲ့သည့် ဧပြီ ၁၂ ရက်နေ့တွင် KNLA တပ်မဟာ(၄)နှင့်အတူ မဟာမိတ်တော်လှန် ရေးအင်အားစုများက စတင်တိုက်ခိုက်ကာ ဧပြီ ၁၉ ရက်နေ့တွင် လက်နက်များနှင့်အတူ အပြီး တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။
အဆိုပါစခန်းသိမ်းတိုက်ပွဲတွင် ကမ်းရိုးတန်းတိုင်စစ်ဌာနချုပ်၊ ဗျူဟာမှူးအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် အယောက် ၁၀၀ နီးပါးခန့် အားလုံးသေဆုံးသွားကာ ၈ ရက်တာ စခန်းသိမ်းကာလတွင် စစ်ကောင်စီ လေကြောင်းပစ်ကူ အကြိမ်ရေ ၃၀ ထက် မနည်းရှိကြောင်းလည်း ဒေသအတွင်း စစ်ရေးသတင်းအရင်းအမြစ်ထံမှ သိရသည်။
ထိုသို့ ဗုံးကြဲရာတွင် ထိုင်းစစ်တပ်က သတိပေးထားသော်လည်း စစ်ကောင်စီက ထိုင်းနိုင်ငံ ကန်ချနဘူရီ ခရိုင်ထဲသို့ ဗုံးကြဲလေယာဉ် ကျော်ဝင် ကြဲချခဲ့သည်ဟု ထိုင်းသတင်းများ၌ ဖော်ပြထားသည်။



















