Home ဆောင်းပါး တော်လှန်ရေးတပ်ဖွဲ့ ထိန်းချုပ်ထားတဲ့ စစ်တပ်တို့ စားကျက်မြေ

တော်လှန်ရေးတပ်ဖွဲ့ ထိန်းချုပ်ထားတဲ့ စစ်တပ်တို့ စားကျက်မြေ

936

တော်လှန်ရေးတပ်ဖွဲ့ ထိန်းချုပ်ထားတဲ့ စစ်တပ်တို့ စားကျက်မြေ

ဧပြီ ၂၂ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

လွန်ခဲ့တဲ့ နှစ်အနည်းငယ်က နယ်စပ်ကုန်သွယ်ရေး အဓိကလမ်းကြောင်းဖြစ်၍ ထိုနေရာက ယာဉ်သွားယာဉ် လာ၊ လူသွားလူလာတွေနဲ့ ပျားပန်းခတ်လို စည်ကားခဲ့ဖူးတဲ့နေရာ။

စစ်တပ်အပါအဝင် လက်နက်ကိုင်အဖွဲ့အစည်းအချို့တို့ ကြီးစိုးရာ နယ်မြေ၊ ဌာနဆိုင်ရာလုပ်ငန်းတွေ ပုံမှန်လည် ပတ်နေတဲ့နေရာကနေ အခုဆို ခေါင်မိုးမဲ့ ပြိုကျပျက်စီးနေတဲ့ လူနေအိမ်တွေ၊ မီးလောင်တိုက်သွင်းခံရတဲ့ အဆောက်အဦးတွေက နေရာယူကျန်ရစ်လို့ နေပါတယ်။

ပြိုကျပျက်စီးနေတဲ့ အဆောက်အဦးအရှေ့ လမ်းမပေါ်မှာတော့ ပုံမှန်အခြေအနေကဲ့သို့ ယာဉ်သွားယာဉ်လာ၊ လူသွားလူလာတွေ ကြိုကြားကြိုကြား တရိပ်ရိပ်တွေ့မြင်ရပါတယ်။

အဲဒီ မြင်ကွင်းကတော့ ပြီးခဲ့တဲ့နှစ်က တိုက်ပွဲအပြင်းအထန် ဖြစ်ပွားခဲ့ပြီး စစ်ဘေး စစ်ဒဏ် ဆိုးဆိုးရွား ရွားကြုံ တွေ့ခဲ့ရတဲ့ မြဝတီမြို့အနီးက သင်္ဃန်းညီနောင်ကျေးရွာရဲ့ လွန်ခဲ့တဲ့ ၃ ရက်ခန့်က မြင်ကွင်းတစ်နေရာပဲ ဖြစ်ပါတယ်။

သင်္ဃန်းညီနောင်ကျေးရွာဟာ မြဝတီ-ကော့ကရိတ်ကို ဆက်သွယ်ထားတဲ့ အာရှလမ်းမပေါ်မှာတည်ရှိပြီး ကျေးရွာ ရဲ့ တည်နေရာကတော့ မြောက်ပိုင်းဘက်မှာသွားမယ်ဆိုရင် ဖားအံခရိုင်၊ တပ်မဟာ ၇ နယ်မြေ ဟွေ့ရှမ်းနဲ့ မဲ့ပလဲ ကျေးရွာတည်ရှိပြီးတော့ တောင်ဘက်ကိုသွားမယ်ဆိုရင် ဒူးပလာယာခရိုင်၊ တပ်မဟာ ၆ နယ်မြေ၊ နို့ဖိုး-ထီးမူးထာ စတဲ့ကျေးရွာတွေ တည်ရှိပါတယ်။

“အရင်က ဒီလမ်းမထက်မှာဆို ကားလှည့်ဖို့ မပြောနဲ့ လူတောင် ကားလမ်းဖြတ်ဖို့ ရှေ့နောက်သေချာကြည့်ပြီးမှ ဖြတ်ရဲတယ်။ အခုကားတွေ၊ ဆိုင်ကယ်တွေက သွားလာနေတုန်းပဲ အရင်လောက်တော့ ဘယ်ရှိမလဲ။ ” လို့ ခရီးသွား ဒေသခံတစ်ဦးက ဆိုပါတယ်။

တချိန်က ယာဉ်သွားယာဉ်လာတွေနဲ့ အရမ်းစည်ကားခဲ့ပြီး ကျေးနယ်အဆင့်ရှိတဲ့ ရွာတစ်ရွာဖြစ်သလို စစ်ကောင်စီ တပ်ရင်း ၃ ခု ဝန်းရံထားတဲ့ ဗျူဟာတပ်စခန်းအခြေချ တပ်စွဲထားတဲ့နေရာလည်းဖြစ်ပါတယ်။ စစ်ကောင်စီရဲ့ တိုက်ရိုက်ထိန်းချုပ်မှုအောက်မှာရှိတဲ့ ကျေးရွာတစ်ရွာဖြစ်တဲ့အတွက် စစ်တန်းလျားတွေ၊ ဌာနဆိုင်ရာအသီးသီး ရုံးတွေအပြင် ဆေးရုံ၊ စာသင်ကျောင်းတွေ အပြည့်အစုံရှိတဲ့ ရွာဖြစ်ပါတယ်။

ဒါ့အပြင် မြဝတီမြို့အထွက် အာရှလမ်းမ ကုန်သွယ်ရေးလမ်းကြောင်းပေါ်မှာတည်ရှိတဲ့အတွက် ကုန်သွယ်မှု ကနေဆင့် စစ်တပ်နဲ့ လက်နက်ကိုင်အဖွဲ့အချို့တို့ စားကျက်မြေတစ်ခုဖြစ်နေသလို ဌာနဆိုင်ရာတွေအတွက်လည်း ဝင်ငွေကောင်းပြီး လက်ဖျားငွေသီးတဲ့နေရာလည်းဖြစ်ပါတယ်။

သို့သော်လည်း ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဧပြီလ ဆန်းပိုင်းမှာ သင်္ဃန်းညီနောင် ဗျူဟာကုန်းပတ်ပတ်လည်မှာရှိတဲ့ အာဏာသိမ်း စစ်ကောင်စီရဲ့ ခြေလျင်တပ်ရင်း -ခမရ ၃၅၅၊ ၃၅၆၊ ၃၅၇၊ အမြောက်ကုန်းတွေအားလုံးကို ကရင် အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA ဦးဆောင်တဲ့ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက်မှု လုပ်ဆောင်တဲ့အခါမှာ စစ်ကောင်စီဘက်က လေကြောင်းကနေ အပြင်းအထန် ခုခံတိုက်ခိုက်မှု လုပ်ဆောင် ခဲ့ပါတယ်။

အဲဒီလို အပြင်းအထန် ခုခံတိုက်ခိုက်မှုကြောင့် သင်္ဃန်းညီနောင်စခန်းအပါအဝင် ကျေးရွာထဲမှာရှိတဲ့ လူနေအိမ်၊ အဆောက်အဦးအများအပြားဟာလည်း ဆိုးဆိုးရွားရွား ထိခိုက်ပျက်စီးခဲ့ရပါတယ်။ သောင်းနဲ့ချီတဲ့ ဒေသခံတွေ လည်း အသက်ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရပါတယ်။

သင်္ဃန်းညီနောင် ဗျူဟာကုန်းနဲ့ စခန်းတွေအားလုံးကို တော်လှန်ရေးတပ်ဖွဲ့က အပြီးသတ်သိမ်းပိုက်နိုင်ပြီးနောက် ဗျူဟာမှူး ဗိုလ်မှူးကြီး ထွန်းထွန်းလတ်အပါအဝင် တပ်ဖွဲ့ဝင် ၆၀၀ ကျော် လည်း လက်နက်ချ အညံ့ခံခဲ့ပါတယ်။

သင်္ဃန်းညီနောင်စခန်းသိမ်း ဖြစ်စဉ်မှာ စစ်ကောင်စီတပ်ရဲ့ Eurocopter 365 (၁) စီးကို လည်း တော်လှန်ရေး တပ်ဖွဲ့ဘက်က ပစ်ချခဲ့ပြီး ရဟတ်ယာဉ်ပေါ်မှာ တာဝန်ပြောင်းဖို့ ရောက်ရှိလာတဲ့ တပ်မ ၄၄ တပ်မမှူး ဗိုလ်မှူးချုပ် အေးမင်းနောင် အပါအဝင် တပ်ရင်းမှူးနှင့် အရာရှိအဆင့် ၅ ဦး သေဆုံးခဲ့ပါသေးတယ်။

ပျက်ကျသွားတဲ့ စစ်ကောင်စီရဲ့ ရဟတ်ယာဉ် Eurocopter 365 ရဲ့ လက်ရှိအချိန်မှာ ကိုယ်ထည် အစိတ်အပိုင်း အချို့နဲ့ ရဟတ်ဓါးသွားလို့ခေါ်တဲ့ (rotor blades)၊ ဘီးနဲ့ အမြီးပိုင်းသာကျန်တော့ပြီး စက်အင်ကျင်အပါအဝင် ကျန်အရေးကြီးတဲ့စိတ်အပိုင်းတွေကိုတော့ မရှိတော့ပါဘူး။

ရဟတ်ယာဉ် ပျက်ကျတဲ့နေရာကတော့ နှစ်ပေါင်းများစွာ တည်ဆောက်ထားတဲ့ လေယာဉ်ကွင်း၊ စစ်လေ့ကျင့် ရေးကွင်းတွေလည်း မြက်ရိုင်းပင်တွေ ဖုံးအုပ်ထားပြီး အခိုင်အမာတည်ဆောက်ထားတဲ့ စစ်သုံး အဆောက်အဦး တွေလည်း ခေါင်မိုးမဲ့ ပြိုကျပျက်စီးသွားတာကို အကျည်းတန်စွာ မြင်တွေ့ရပါတယ်။

ကျယ့်ပြန့်လှတဲ့ သင်္ဃန်းညီနောင်ကုန်းကြောတစ်ခုလုံးကို သိမ်းပိုက်ထားပြီး အဆောက်အဦးတွေ၊ စစ်လေ့ကျင့်ရေးစခန်းတွေ၊ လေယာဉ်ကွင်းတွေနဲ့ အခိုင်အမာ တည်ဆောက်ထားတဲသင်္ဃန်းညီနောင်ကျေးရွာမှာ အခုဆိုရင် တော်လှန်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်မှုအောက်မှာ လည်ပတ်နေတာ တစ်နှစ်ကျော်လာပါပြီ။ ရွာသားတွေ အများအပြားပြန်လာနေထိုင်ပြီး တရိပ်ရိပ်နဲ့ ပုံမှန်သွားလာလှုပ်ရှားတာတွေကို တွေ့မြင်ရပါပြီ။

သို့သော် ပျက်စီးသွားတဲ့ အဆောက်အဦးတွေကတော့ အခုထိ ပြန်လည် မွမ်းမံနိုင်ခြင်းမရှိဘဲ အဆင်ပြေသလို လမ်းဘေးမှာ တဲထိုးပြီး စျေးရောင်းနေတာကိုလည်း တွေ့မြင်ရပါတယ်။

“လူတွေက ပြန်လာနေတယ်ဆိုပေမယ့် အဆင်ပြေသလိုပဲ နေနေကြတယ်။ အိမ်တွေကို ပြန်ပြင်ပြီးနေတာက မရှိသလောက်ပါပဲ။ အခုထိ အပေါ်က လေယာဉ်က ကြောက်နေရတုန်းပါပဲ ” လို့ တဲထိုးပြီး စျေးရောင်းနေသူ အမျိုးသမီး တစ်ဦးက ပြောပြပါတယ်။

လက်ရှိ သင်္ဃန်းညီနောင်ကျေးရွာရဲ့ တံတားထိပ်မှာတော့ KNLA တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က စစ်ရေး ဂိတ်တစ်ခုချထားပြီး လူအဝင်အထွက်တွေကို ပုံမှန်စစ်ဆေးနေသလို တံတားရဲ့အခြားတစ်ဖက်ကမ်း မြဝတီဘက်ခြမ်းမှာတော့ နယ်ခြားစောင့်တပ်-BGF က စစ်ဆေးရေးဂိတ်ချတာကိုတော့ တွေ့ရပါတယ်။

တဖက်မှာလည်း စစ်ကောင်စီက သူတို့ လက်လွတ်ဆုံးရှုံးထားတဲ့ သင်္ဃန်းညီနောင်စစ်စခန်းတွေကို ပြန်လည်ရရှိရေးအတွက်ဆိုပြီး အာရှလမ်းမအတိုင်း ထိုးစစ်ဆင်လာတဲ့ အောင်ဇေယျစစ်ကြောင်းလည်း အလူးအလဲ ခြေမှုန်းခံရပြီး တစ်နှစ်ကြာတဲ့အထိ ဒေါနတောင်တန်းပေါ်ကို မကျော်ဖြတ်နိုင်ဘဲ ဖြစ်နေပါတယ်။

အခုဆိုရင် သူတို့ရဲ့ စစ်ကူလမ်းကြောင်းဖြစ်တဲ့ ကျုံဒိုး-ကော့ကရိတ်လမ်းပိုင်းကိုလည်း KNLA တော်လှန်ရေး ပူးပေါင်း တပ်ဖွဲ့က ဖြတ်တောက်လိုက်ပါပြီ။ လမ်းမပေါ်က စစ်စခန်းအများအပြားလည်း ခြေမှုန်း သိမ်းပိုက်ခံရပြီဖြစ်သလို အမာခံစခန်းတစ်ခုဖြစ်တဲ့ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်-စကခ ၁၂ စခန်းမှာလည်း တိုက်ပွဲ ပြင်းထန် နေပါတယ်။

ဒါကြောင့် စစ်ကောင်စီက သူတို့လက်လွတ်ဆုံးရှုံးထားတဲ့ သင်္ဃန်းညီနောင်က စခန်းတွေအပြင် ထိုင်းနဲ့မြန်မာ နှစ်နိုင်ငံ ကုန်သွယ်ရေးလမ်းကြောင်းပေါ်က စားကျက်မြေကို ပြန်လည် သိမ်းပိုက်စိုးမိုးနိုင်ရေး အိပ်မက်က စွန့်လွတ်သွားရတော့မဲ့ အခြေအနေမှာရှိနေပါတယ်။