Home သတင်း မြဝတီတောင်ဘက်၊ လေးဒေးတောင်ကြောတွင် စစ်အုပ်စု အထိနာ၍ လေကြောင်းစစ်ကူဖြင့် ဗုံးကြဲနေ

မြဝတီတောင်ဘက်၊ လေးဒေးတောင်ကြောတွင် စစ်အုပ်စု အထိနာ၍ လေကြောင်းစစ်ကူဖြင့် ဗုံးကြဲနေ

6
Photo : AFP, CJ

နိုဝင်ဘာ (၂၄) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက်၊ ဒေါနတောင်တန်းဒေသ လေးဒေးတောင်ကြောတွင် နိုဝင်ဘာ ၁၉ ရက်မှ ၂၂ ရက်အထိ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA ပူးပေါင်းတပ်၏ တိုက်ခိုက်မှုကြောင့် အထိနာလာသည့်စစ်အုပ်စုက လေကြောင်းစစ်ကူခေါ်ကာ ဗုံးကြဲတိုက်ခိုက်နေကြောင်း ကရင်စစ်ရေးသတင်းအရင်းအမြစ်မှ သိရသည်။

ဖလူး-ဝေါလေလမ်းပိုင်း အထက်ဘက်ရှိ ကျော့ဝါးဘိုး၊ လေးဒေး၊ ကျွန်းခုနစ်ပင်နှင့် ရဲကုန်းတောင်ကြော နေရာများသို့ စစ်အုပ်စုတပ်ဖွဲ့များ စစ်ကြောင်းထိုးလာခြင်းကြောင့် KNLA မဟာမိတ်တပ်များက ပိတ်ဆို့တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ တိုက်ပွဲအတွင်း စစ်အုပ်စုဘက်မှ ထိခိုက်သူများ၍ ဂျက်တိုက်လေယာဉ်၊ Y-12 လေယာဉ်များဖြင့် စစ်ကူပေးလာသည်ဟု KNLA တပ်ဖွဲ့ဘက်က ပြောသည်။

“ဂျက်လေယာဉ်က ပေါင် ၅၀၀ ဗုံး လာကြဲတယ်၊ Y-12 က ရိက္ခာနဲ့ ခဲယမ်းချပေးတယ်။ သူတို့မြေပြင်စစ်ကြောင်းက ပြည်သူ့စစ် (ပစ) တွေ အထိနာတာ ဆယ်ဂဏန်းကျော်ရှိတယ်၊ အလောင်းမကောက်ဘဲ ပစ်ထားခဲ့ကြတာ။ လက်နက်ကြီးနဲ့ FPV ဒရုန်းတွေကတော့ သူပစ်ကိုယ်ပစ်ပဲ” ဟု အမည်မဖော်လိုသူ KNLA တပ်ဖွဲ့ဝင်က ပြောသည်။

စစ်အုပ်စု၏ လေကြောင်းဗုံးကြဲမှုကြောင့် KNLA မဟာမိတ်တပ် ဘက်တွင်လည်း ထိခိုက်သေဆုံးသူရှိနေကြောင်း တော်လှန်ရေးတပ်ဖွဲ့များထံ စုံစမ်းချက်အရ သိရသည်။

ထို့အပြင် စစ်ရေးနှင့် ဒေသအနေအထားအရ တိုက်ပွဲအပြင်းအထန်ဖြစ်ပွားနေသည့် ဧရိယာသည် ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် (DKBA) ထိန်းချုပ်နယ်မြေအတွင်းသို့ ကျော်လွန်လာသည်။

Photo : AFP, CJ

ယင်းကြောင့် DKBA ဘက်က ဖလူးဒေသရှိ စစ်အုပ်စုနှင့် KNLA မဟာမိတ်တပ်များ၏ နှစ်ဖက်စစ်ရေးပဋိပက္ခအတွင်း ၎င်းတို့တပ်ဖွဲ့ဝင်များ ပါဝင်ပတ်သက်ခြင်းမရှိစေရန် နိုဝင်ဘာ ၂၀ ရက်က DKBA ဗဟိုဌာနချုပ် (ဆုံဆည်းမြိုင်) မှ အမိန့်ထုတ်ပြန်ထားခြင်းရှိသည်။

DKBA နှင့် နီးစပ်သူတစ်ဦးက “အခု တိုက်ပွဲဖြစ်နေတာက DKBA နေရာတွေအထိ ကျော်ဝင်နေပြီဆိုတော့ စစ်တပ်နဲ့ DKBA ဂိတ်တွေ၊ တပ်ရင်း တပ်စခန်းနေရာတွေက တပ်ဖွဲ့ဝင်တွေ ပစ်ခတ်တာမျိုး ရှိလာမှာစိုးလို့ ကြိုပြီး အမိန့်ထုတ်တာပေါ့နော်။ ဝင်ပစ်တဲ့ အထောက်အထားတွေ့ရင် DKBA တပ်ဖွဲ့ကနေ ထုတ်မယ် အဲ့လိုပေါ့” ဟု ကေအိုင်စီကို ပြောသည်။

ထိုင်း-မြန်မာ နှစ်နိုင်ငံနယ်စပ်တွင် ဖြစ်ပွားနေသည့်တိုက်ပွဲအတွင်း စစ်အုပ်စုသည် မြေပြင်စစ်ကြောင်းများ တိုးဝင်လာခြင်းအပြင် မြဝတီအခြေစိုက် ခြေလျင်တပ်ရင်း ခလရ (၂၇၅) နှင့် လေးကေကော်ဒေသရှိ ရှေ့တန်းကွပ်ကဲရေးနေရာများမှ လက်နက်ကြီးပစ်ကူ၊ ဒရုန်းပစ်ကူများပေးနေခြင်းလည်း ဖြစ်သည်။

ဝေါလေစစ်ဗျူဟာစခန်းကုန်းဘက်သို့ စစ်ကူရောက်ရှိရေး လနှင့်ချီ၍ စစ်အုပ်စု၏ အပြင်းအထန် ထိုးစစ်ဆင်နေသည့်တိုက်ပွဲအရှိန်ကြောင့် ယင်းဒေသနေ ပြည်သူလူထုမှာလည်း ယနေ့ထိတိုင် စစ်ဘေးရှောင်နေရသည်။