Home သတင်း မယ့်ကိုကင်းရွာထဲ RPG ဗုံးသီးထပ်ကျ၍ ထိုင်းစစ်တပ်က မီးကျည်ပစ် သတိပေး

မယ့်ကိုကင်းရွာထဲ RPG ဗုံးသီးထပ်ကျ၍ ထိုင်းစစ်တပ်က မီးကျည်ပစ် သတိပေး

13
Photo: Thai Local News

နိုဝင်ဘာ (၄) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

ထိုင်းနိုင်ငံ၊ မဲဆောက်မြို့နယ်၊ မယ့်ကိုကင်းကျေးရွာထဲသို့ ယမန်နေ့ နိုဝင်ဘာ(၃)ရက်၊ ည(၇)နာရီကျော်အချိန်က မြန်မာဘက်မှပစ်ခတ်လိုက်သည့် RPG ဗုံးသီး ထပ်မံကျရောက်ပေါက်ကွဲခဲ့ရာ ထိုင်းစစ်တပ်ဘက်က မီးကျည်ပစ်ဖောက် သတိပေးခဲ့ကြောင်း ထိုင်း-မြန်မာနယ်စပ်နေ သတင်းအရင်းအမြစ်များအရ သိရသည်။

မြဝတီမြို့တောင်ဘက်၊ မင်းလက်ပံတွင် ဖြစ်ပွားနေသည့် စစ်အုပ်စုနှင့် ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော်-KNLA မဟာမိတ်တပ်များ၏ တိုက်ပွဲမှ ပစ်ခတ်လိုက်သည့် RPG ဗုံးသီးတစ်လုံးမှာ မယ့်ကိုကင်းရွာထဲ ထပ်မံကျရောက်ပေါက်ကွဲခဲ့ရာ ထိုင်းဒေသခံပိုင် တဲတစ်လုံး ပျက်စီးသွားသည်ဟု ထိုရွာတွင်ရောက်ရှိနေသည့် မြန်မာ ရွှေ့ပြောင်းအလုပ်သမားများက ပြောသည်။

“ညက ရှမ်းကြီး တောင်ယာကုန်းက တဲကို ဗုံးသီးကျတယ် လူတော့မထိဘူး။ ဒီမနက်တော့ စိုက်ခင်း တွေဘက်မသွားဖို့၊ ပစ်သံကြားရင် ဘုန်းကြီးကျောင်းမှာသွားနေဖို့ စာသင်ကျောင်းထဲက ဗုံးခိုကျင်းမှာနေဖို့ သူကြီး နဲ့လမ်းမှူးတွေက စပီကာနဲ့အော်ပြောတယ်” ဟု မြန်မာရွှေ့ပြောင်းအလုပ်သမားတစ်ဦးက ပြောသည်။

ထိုသို့ နယ်စပ်ဖြတ်ကျော် လက်နက်ကျည် ထပ်မံပေါက်ကွဲမှုအပေါ် ထိုင်းနယ်ခြားစောင့်စစ်တပ် နရစွမ် တပ်ဖွဲ့ လက်အောက်ခံ ရာချာမနူး အထူးတပ်ဖွဲ့က မီးကျည်(အလင်းရောင်ပြကျည်) ဖြင့် ချက်ချင်း တုံ့ပြန်ပစ်ဖောက်ကာ သတိပေးခဲ့ကြောင်းလည်း ထိုင်းစစ်တပ်ဘက်က သတင်းထုတ်ပြန်ထားသည်။

ထိုင်းပိုင်နက်သို့ မြန်မာဘက်က မကြာခဏကျည်ကျော်ကျရောက်မှုများ ဖြစ်ပွားခဲ့ခြင်းအပေါ် နိုဝင်ဘာ(၂)ရက်တွင် ထိုင်းတော်ဝင်တပ်က မြန်မာစစ်အုပ်စု၏ စစ်သံမှူး ဗိုလ်မှူးချုပ်ဝင်းသူလင်းကို ဘန်ကောက်မြို့၌ ခေါ်ယူသတိပေးသည်အထိ ရှိခဲ့သော်လည်း နောက်တစ်ရက်မှာပင် ယခုလို ကျည်ကျော်ကျရောက်မှု ဖြစ်ပွားခဲ့သည်။

Photo: Thai Local News

စစ်အုပ်စု၏ ခြေလျှင်တပ်ရင်း ခလရ-၂၇၅ တပ်ဖွဲ့ဝင်များသည် စစ်ကြောင်းနှစ်ကြောင်းဖြင့် မင်းလက်ပံသို့ ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိရာ ၎င်းစစ်ကြောင်းကို KNLA မဟာမိတ်တပ်များက ပျောက်ကြားစနစ်ဖြင့် ဖြတ်တောက်နေသည်။

ထို့ကြောင့် စစ်အုပ်စု ရှေ့ဆက်မတိုးနိုင်ဘဲ လက်ခတ်တောင်၊ လေးကေကော် နေရာများမှ ပစ်ကူတိုက်ခိုက်နေခြင်းကြောင့် လက်နက်ကျည်များမှ တိုက်ပွဲနေရာမှကျော်လွန်ပြီး ထိုင်းနိုင်ငံသို့ ကျရောက် ပေါက်ကွဲခြင်းဖြစ်သည်ဟု ကရင်စစ်ရေးသတင်းအရင်းအမြစ်များက ဆိုသည်။

KNLA မဟာမိတ်တပ်မှ တပ်ဖွဲ့ဝင်တစ်ဦးက “နှစ်ဖက်ရင်ဆိုင်တိုက်နေတာက လက်နက်ငယ်တွေပဲရှိတယ်။ သူတို့စစ်တပ်ကသာ လက်နက်ကြီးရော အသေခံဒရုန်းရော ပစ်တာ။ ကုန်းအမြင့်နေရာကပစ်တော့ မင်းလက်ပံကိုကျော်ပြီး ထိုင်းကိုကျတယ်လေ။ အသေခံဒရုန်းတွေလွှတ်ရင်လည်း ဂျန်ပါမိရင် လေကြောင်းလွဲပြီး ထိုင်းဘက်ကျတယ်” ဟု ကေအိုင်စီကို ပြောသည်။

မြဝတီတောင်ပိုင်းတွင် တိုက်ပွဲများပြန်လည်ပြင်းထန်လာသည့်နောက် ထိုင်းအာဏာပိုင်များသည် မယ်ထော်သလေးကျေးရွာမှ ဝေါလေကျေးရွာအထိ နှစ်နိုင်ငံနယ်စပ် သောင်ရင်းမြစ် လှေကူးဂိတ်များကို အောက်တိုဘာ (၃၀) ရက်မှ နိုဝင်ဘာလ (၅) ရက်အထိ ပိတ်ထားသည်။ ယင်းကြောင့် ကူးသန်းသွားလာရေး ခက်ခဲနေသည်ဟုလည်း နယ်စပ်နေဒေသခံများက ဆိုသည်။

Photo: Thai Local News