Home သတင်း လာမည့်နှစ်ဆန်း သက်တမ်းကုန်မည့် ထိုင်း Work Permit များ ၂ နှစ် သက်တမ်းတိုးပေးမည့် သတင်းထွက်ပေါ်

လာမည့်နှစ်ဆန်း သက်တမ်းကုန်မည့် ထိုင်း Work Permit များ ၂ နှစ် သက်တမ်းတိုးပေးမည့် သတင်းထွက်ပေါ်

10
Photo: Piyawan Kohkaew

နိုဝင်ဘာ (၉) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

ထိုင်းနိုင်ငံအတွင်း တရားဝင်အလုပ်လုပ်ကိုင်ခွင့်ရရန် ထိုင်းအစိုးရက ထုတ်ပေးသည့် Work Permit (အလုပ်လုပ်ခွင့်) ကိုင်ဆောင်ထားပြီး ၂၀၂၇ ခုနှစ်၊ ဖေဖော်ဝါရီနှင့် မတ်လတွင် သက်တမ်းကုန်ဆုံးမည့်သူများအား ယခုတစ်ကြိမ်တွင် သက်တမ်း ၂ နှစ် တိုးမြှင့်ပေးမည်ဖြစ်ကြောင်း အကျိုးဆောင်(ပွဲစား)အသိုင်းအဝိုင်းမှ သတင်းထွက်ပေါ်လျက်ရှိသည်။

စာရွက်စာတမ်းအထောက်အထား ဝန်ဆောင်မှု ပေးနေသူအများစု ပြောပြချက်အရ မူလက တစ်ကြိမ်လျှင် သက်တမ်းတစ်နှစ်တိုးရန် ခွင့်ပြုထားပြီး လာမည့်နှစ်ဆန်း သက်တမ်းကုန်မည့် အလုပ်သမားများအတွက် Work permit နှင့် ထိုင်းတွင် တရားဝင်နေထိုင်အလုပ်လုပ်ခွင့်ဆိုင်ရာဗီဇာ Non LA (Non-Immigrant L-A visa) ကို ၂၀၂၇ မှ ၂၀၂၉ အထိ နှစ်နှစ်သက်တမ်းတိုးပေးမည် ဖြစ်ကြောင်း သိရသည်။

“၂ နှစ် တိုးလို့ရမယ်။ Work Permit ရော Visa ရော အရင်လို သက်တမ်းတိုးရမှာ။ စျေးနှုန်းကတော့ ဘယ်လိုလာမလဲမသိသေးဘူး။ အရင်တုန်းက ဗီဇာ တုံးထုတာရော အပါအဝင် စျေးဘယ်လောက်ဆိုပြီး ယူတာရှိတဲ့အတွက် ဒီနှစ်မှာလည်း အဲ့လိုပဲ လုပ်ရမှာပေါ့” ဟု အခကြေးငွေယူပြီး အကျိုးဆောင်ပေးနေသည့် အမျိုးသမီးက ပြောသည်။

ထို့အပြင် ပြီးခဲ့သည့် နိုဝင်ဘာ (၆) ရက်နေ့က ထိုင်းအလုပ်သမားရေးဝန်ကြီးဌာန၏ အစည်းအဝေးတွင် ထိုင်းနိုင်ငံတွင် လာရောက်အလုပ်လုပ်ကိုင်နေပြီး လာမည့် ၂၀၂၇ ခုနှစ်၊ ဖေဖော်ဝါရီနှင့် မတ်လတွင် သက်တမ်းကုန်ဆုံးမည့် နိုင်ငံခြားသားအလုပ်သမား ၂.၃ သန်းကျော် ရှိနေပြီး ၎င်းတို့ကို ၂ နှစ် သက်တမ်းတိုးပေးမည်ဖြစ်ကြောင်း ဆုံးဖြတ်ချက် ချမှတ်ခဲ့ခြင်းလည်း ဖြစ်သည်။

တဖက်တွင်မူ အထောက်အထား သက်တမ်းတိုးရာတွင် တစ်နှစ်ပိုလာသဖြင့် ယခင် ကုန်ကျစရိတ်ထက် ပိုမိုငွေကုန်ကြေးကျမည့်အရေး ရွှေ့ပြောင်းအလုပ်သမားများက စိုးရိမ်နေကြသည်။

မဲဆောက်မြို့နေ မြန်မာရွှေ့ပြောင်းအလုပ်သမားတစ်ဦးက “ပွဲစားတွေကို မေးကြည့်တော့ ၂ နှစ် ပေးတိုးမှာ သေချာသလောက် ရှိတယ်။ ဘယ်လောက်ကျမလဲ ဆိုတာတော့ မသိရသေးဘူး။ Work Permit ဖိုး ၂ နှစ်စာအပြင် Visa တုံးထုရမှာလည်း ပါတော့ သေချာတာ ၁ နှစ်စာထက်တော့ ပိုကုန်မှာပဲ။ သူများနိုင်ငံမှာ အလုပ်လုပ်ရတာ အထောက်အထားလုပ်ဖို့ ပွဲစားကို ပေးရတဲ့ စရိတ်နဲ့က ကြိုမစုထားရင် မလွယ်ပါဘူး” ဟု ကေအိုင်စီသို့ ပြောသည်။

ထိုင်းအလုပ်သမားရေးဝန်ကြီးဌာနသည် အလုပ်သမားစီမံခန့်ခွဲမှုနှင့်ပတ်သက်သည့် ပြီးခဲ့သည့်ရက်ပိုင်းက အစည်းအဝေးတွင် ဆုံးဖြတ်ချက်များ ချမှတ်ခဲ့သော်လည်း ထိုင်းအစိုးရအဖွဲ့ထံ ဆက်လက်တင်ပြရန်ဖြစ်သည်။

အစိုးရက အတည်ပြုပြီး သက်ဆိုင်ရာဝန်ကြီးဌာနများက တရားဝင်ထုတ်ပြန်ပြီးမှသာ အဆိုပါသက်တမ်းတိုးကိစ္စများ ဆောင်ရွက်နိုင်မည်ဖြစ်၍ လုပ်ငန်းရှင်များနှင့် အလုပ်သမားအနေဖြင့် သက်ဆိုင်ရာကိုစောင့်ကြည့်မေးမြန်းကြရန် ထိုင်းအလုပ်သမားဝန်ကြီးဌာနက တိုက်တွန်းထားသည်။

ထို့အတူ အဆိုပါအစည်းအဝေးတွင် နှစ်နိုင်ငံနားလည်မှုစာချွန်လွှာ-MOU (၄) နှစ် သက်တမ်းပြည့်မည့် လာအိုနှင့် မြန်မာအလုပ်သမားများကို ရက်ပေါင်း ၃၀ နားရမည့် စည်းမျဉ်းမှ ကင်းလွတ်ခွင့်ပေးခြင်း၊ ထိုင်းနိုင်ငံတွင် တရားမဝင် အလုပ်လုပ်ကိုင်နေသည့် နိုင်ငံခြားသားများကို ယာယီနေထိုင်ခွင့်နှင့် ၁ နှစ် အလုပ်လုပ်ကိုင်ခွင့် ကင်းလွတ်ခွင့် ပေးခြင်းတို့ကိုလည်း ထိုင်းအလုပ်သမားဝန်ကြီးဌာနက ဆုံးဖြတ်ချက်ချခဲ့ခြင်းရှိသည်။