Home သတင်း ကရင်ပြည်နယ်နေ့ပွဲတွင် ရောင်းကုန်များဈေးကြီးသဖြင့် ဝယ်ယူစားသုံးသူနည်းပါး

ကရင်ပြည်နယ်နေ့ပွဲတွင် ရောင်းကုန်များဈေးကြီးသဖြင့် ဝယ်ယူစားသုံးသူနည်းပါး

4
Photo: CJ

နိုဝင်ဘာ (၉) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

ပြည်နယ်စစ်အုပ်စုဦးဆောင်ပြီး ကရင်ပြည်နယ်၊ ဖားအံမြို့တွင် ကျင်းပနေသည့် (၇၁) နှစ်မြောက် ကရင်ပြည်နယ်နေ့ ပွဲတော်အတွင်း ရောင်းချသည့်ကုန်ပစ္စည်းနှင့်စားသောက်စရာများ ဈေးကြီးသဖြင့် ဝယ်ယူစားသုံးသူ နည်းပါးနေကြောင်း ဆိုင်ရှင်များနှင့် သွားရောက်လည်ပတ်သူများထံမှ သိရသည်။

နိုဝင်ဘာ (၇) ရက်မှ (၁၁) ရက်အထိ ကျင်းပနေသည့် ပြည်နယ်နေ့ပွဲတော်အတွက် နေရာအခင်းအကျင်းပေါ် မူတည်၍ ဆိုင်ခန်းဌားခ ကျပ်ငွေ ၅ သိန်းမှ သိန်းရာနှင့်ချီ ပေးဆောင်ရသည်။ ထို့ကြောင့် ရောင်းချသည့်ကုန်နှင့်စားသောက်စရာများကိုပါ ဈေးမြှင့်တင်ရောင်းချနေရပြီး လက်တွေ့တွင် ဝယ်သူနည်းပါးနေသည်ဟု ဈေးဆိုင်ခင်း၍ရောင်းချသူများက ပြောသည်။

“ဆိုင်ခန်းခ ၁၀ ပေပတ်လည် တစ်နေရာစာကို ၅ သိန်းကနေ သိန်းရာကျော်အထိ ရှိတယ်။ ပွဲခင်းလူလာများတဲ့ နေရာအပေါ်မူတည်ပြီး ဈေးရောင်းနေရာယူရတာ။ ရောင်းတဲ့ပစ္စည်းတွေ စားစရာတွေကို ဈေးထပ်တက်ပြီး ရောင်းရတော့ ဝယ်သူရော စားသူရော နည်းတာမျိုးပါ” ဟု ပွဲခင်းအတွင်း အင်္ကျီဆိုင်ဖွင့်ရောင်းချသူ တစ်ဦးက ပြောသည်။

ပြည်နယ်နေ့ပွဲတော်တွင် ရောင်းချသည့်စားသောက်ကုန်များအတွက် တောထမင်း တစ်ပွဲလျှင် ကျပ် ၁၅,၀၀၀ မှ ၂၀,၀၀၀ ၊ ဘီယာတစ်ဗူး ၅,၀၀၀ ကျပ် စသည့်ဖြင့်ရှိ၍ ယာဥ်အပ်နှံခမှာလည်း တစ်စီးလျှင် ၁‌၀,၀၀၀ ကျပ် အထိ ပေးဆောင်နေရခြင်းရှိသည်။

Photo: CJ

ထို့အပြင် စုစုပေါင်း မြို့နယ်အလိုက် ဒုံးအသင်း (၂၄) သင်း ပါဝင်ယှဥ်ပြိုင်သည့် ဒုံးအကပြိုင်ပွဲများကိုလည်း ကရင်ပြည်နယ်နေ့ပွဲအတွင်း ထည့်သွင်းကျင်းပလျက်ရှိသည်။ ထိုဒုံးပြိုင်ပွဲများနှင့် ကရင်တေးဂီတဖျော်ဖြေရေးပွဲတစ်ခုမှလွဲ၍ ကရင်ပြည်နယ်နေ့ကိုဖော်ညွှန်းထားသော ရိုးရာပွဲများ ထည့်သွင်းထားခြင်းမရှိဟုလည်း သွားရောက်လည်ပတ်သူများက ဆိုသည်။

ဖားအံမြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာအချို့တို့တွင်မူ ပြီးခဲ့သည့်အောက်တိုဘာကတည်းက ဒုံးပြိုင်ပွဲများအပါအဝင် ပြည်နယ်နေ့ပွဲတော်အတွက် အားကစားပွဲများ ကျင်းပရန် စစ်အုပ်စုခန့်အုပ်ချုပ်ရေးမှူးများက တစ်အိမ်ထောင်လျှင် ကျပ်ငွေ ၂၀,၀၀၀ မှစ၍ ကောက်ခံခဲ့သေးသည်။

လက်ရှိ ကရင်ပြည်နယ်နေ့ပွဲတော်ကို ပြည်နယ်ကွင်း(သီရိကွင်း) နေရာ၌ ပြုလုပ်ကျင်းပနေခြင်းဖြစ်ပြီး ပြခန်းမုဒ်ဦး၊ ပွဲဈေးတန်း၊ ကျောက်တိုင်ကွင်းနှင့် ဒုံးစင်နေရာများကို ပွဲခင်းအဖြစ်သတ်မှတ်ထားကာ ပွဲအဝင်နေရာများတွင် စစ်အုပ်စုတပ်ဖွဲ့ဝင်များက နေရာယူ စစ်ဆေးနေကြောင်းလည်း ပွဲအလည်အပတ်သွားသူများထံမှ သိရသည်။