Home သတင်း မူတြော်ခရိုင်တွင် အောက်တိုဘာအတွင်း စစ်အုပ်စုတပ်ဖွဲ့ဝင် (၇၉) ဦး သေဆုံးခဲ့

မူတြော်ခရိုင်တွင် အောက်တိုဘာအတွင်း စစ်အုပ်စုတပ်ဖွဲ့ဝင် (၇၉) ဦး သေဆုံးခဲ့

21
Photo: AFP

နိုဝင်ဘာ (၅) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

ကေအဲန်ယူ–ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ (၅) နယ်မြေ၊ မူတြော် (ဖာပွန်) ခရိုင်တွင် ပြီးခဲ့သည့် အောက်တိုဘာ တစ်လအတွင်း တိုက်ပွဲပေါင်း (၁၅၈) ကြိမ် ဖြစ်ပွားခဲ့ပြီး စစ်အုပ်စုတပ်ဖွဲ့ဝင် (၇၉) ဦး သေဆုံးခဲ့ကြောင်း ကေအဲန်ယူက နိုဝင်ဘာ (၄) ရက်နေ့ ထုတ်ပြန်သည့် လချုပ်မှတ်တမ်းအရ သိရသည်။

အောက်တိုဘာလ (၁) ရက်မှ (၃၁) ရက်နေ့အထိ နှစ်ဖက်တိုက်ပွဲအတွင်း ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (KNLA) ဘက်မှ ထိခိုက်ဒဏ်ရာရရှိသူ အနည်းငယ်ရှိသော်လည်း စစ်အုပ်စုဘက်တွင် ထိခိုက်သေဆုံးမှုများပြားကြောင်း အဆိုပါ ထုတ်ပြန်ချက်က ဖော်ပြသည်။

တိုက်ပွဲများအတွင်း စစ်အုပ်စုတပ်ဖွဲ့ဝင် (၇၉) ဦးသေဆုံးသလို၊ ထိခိုက်ဒဏ်ရာရရှိသူ (၄၅) ဦးရှိသည်။ ထိခိုက်သည့်အထဲတွင် ဗိုလ်ကြီးအဆင့် (၂) ဦး၊ စစ်ဗိုလ် တစ်ဦး၊ တပ်ရင်းမှူး တစ်ဦး၊ ဒု-ဗိုလ် တစ်ဦးနှင့် တပ်ကြပ် (၂) ဦး ပါဝင်သည်ဟု ကေအဲန်ယူ တပ်မဟာ(၅)ဘက်က ဆိုသည်။

တဖက်တွင်လည်း မူတြော်ခရိုင်အတွင်း တစ်လတာလုံး စစ်အုပ်စုက လေယာဥ်ဖြင့်(၁၆) ကြိမ်၊ ဒရုန်းဖြင့်(၇) ကြိမ်၊ လက်နက်ကြီးဖြင့်ပစ်ခတ်မှုအကြိမ်ရေ(၄၀)ထက်မနည်း လုပ်ဆောင်ခဲ့ရာ အရပ်သားပြည်သူနေထိုင်ရာကျေးရွာများကို ဦးတည်ခဲ့ကြောင်း သိရသည်။

ထို့ကြောင့် ဒေသခံ တစ်ဦး သေဆုံးခဲ့ရပြီး (၁၄) ဦး ထိခိုက်ဒဏ်ရာ ရရှိကာ နေအိမ် (၄၁) လုံးအပါအဝင် အဆောက်အအုံတချို့ ထိခိုက်ပျက်စီးခဲ့ကြောင်းလည်း ကေအဲန်ယူ၏ ထုတ်ပြန်ချက်က ဖော်ပြသည်။

ကေအဲန်ယူအုပ်ချုပ်သည့် ကော်သူးလေနယ်မြေ၊ မူတြော်ခရိုင်အတွင်း စစ်အုပ်စုသည် နယ်မြေအုပ်ချုပ်ရေးနှင့် ၎င်းတို့လက်လွှတ်ဆုံးရှုံးထားရသည့် ဖာပွန်မြို့နှင့် တပ်စခန်းများကို ပြန်လည်ထိန်းချုပ်နိုင်ရန် ယခုနှစ်၊ မေလကတည်းက ထိုးစစ်ဆင်နေခြင်းဖြစ်သည်။

၎င်းတို့စစ်ကြောင်းထိုးလာသည့် ခြောက်လတာအတွင်း စစ်အုပ်စု၏ တပ်ရင်းမှူးအဆင့် အရာရှိ(၂)ဦး အပါအဝင် (၂၀၈) ဦး သေဆုံးခဲ့ကြောင်းလည်း ကေအဲန်ယူက မှတ်တမ်းပြုစုထုတ်ပြန်ထားခြင်းရှိသည်။

ထိုသို့ လက်နက်ကိုင်ပဋိပက္ခများကြောင့် နယ်မြေထဲရှိ ရွာ(၁၉)ရွာမှ လူဦးရေ(၅၄,၅၂၁)ဦးမှာ နေရပ်စွန့်ခွာ ထွက်ပြေးနေကြရသည်ဟု မူတြော်ခရိုင်ဘက်က ဆိုသည်။