နိုဝင်ဘာ (၄) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
မြန်မာ-ထိုင်းနယ်စပ်၊ တာ့ခ်ခရိုင်၊ ထာ့ဆောင်ယန်းမြို့နယ်၊ မယ်လဒုက္ခသည်စခန်းတွင် မီးဘေးအန္တရာယ်ကာကွယ်ရန် လွယ်ကထုံကာလ မီးရှူး၊ မီးပန်းနှင့် ဗျောက်အိုးဖောက်ခြင်းကို တားဆီးပိတ်ပင်ထားကြောင်း စခန်းအုပ်ချုပ်ရေးကော်မတီထံမှ သိရသည်။
မီးရှူး၊ မီးပန်း၊ ဗျောက်အိုးဖောက်ခြင်းနှင့် မီးပုံးလွတ်တင်ရာမှ မီးဘေးအန္တရာယ်ဖြစ်လာနိုင်သဖြင့် ထိုင်းအာဏာပိုင်များ၏ ညွှန်ကြားချက်အရ တားဆီးပိတ်ပင်ရန် မယ်လစခန်းတွင်နေထိုင်သူများကို အသိပေးထားခြင်းဖြစ်သည်ဟု ဆိုသည်။
စခန်းအထွေထွေရေးရာတာဝန်ရှိသူတစ်ဦးက “မီးပန်းတွေဖောက်တာ စခန်းထဲမှာ မီးလောင်တာရှိခဲ့ဖူးတယ်။ အဲဒါကြောင့် ထိုင်းဘက်က ဒါတွေကိုမလုပ်ဖို့ အသိပေးလာတော့ ထုတ်ပြန်တာဖြစ်တယ်” ဟု ကေအိုင်စီသို့ပြောသည်။
မီးပန်းများဖောက်ခြင်းကြောင့် အင်ဖက်မိုး၊ ထရံကာဖြင့်နေရသည့် ဒုက္ခသည်စခန်းအတွင်းရှိ နေအိမ်များအတွက် မီးကူးစက်ပြီး မီးလောင်လွယ်သလို ယခင်ကလည်း လူနေအိမ်ခေါင်မိုးပေါ်သို့မီးစကျကာ မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ခြင်းရှိသည်။
ထို့အပြင် အသံဆူညံသည့် ဗျောက်အိုးများကြောင့် နှလုံးမကောင်းသည့် သက်ကြီးရွယ်အိုများ၏ ကျန်းမာရေးလည်း ထိခိုက်စေနိုင်သည့်အတွက် ပိတ်ပင်ရခြင်းဖြစ်သည်ဟု စခန်းတာဝန်ရှိသူများက ဆိုသည်။
တားဆီးပိတ်ပင်ထားသည့်ကြားမှ မီးရှူး၊ မီးပန်းနှင့် ဗျောက်အိုးများကို ရောင်းချပါက အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း မယ်လစခန်းထဲတွင် ဈေးဆိုင်ဖွင့်လှစ်ရောင်းချသူများကို အသိပေးထားသည်။
အလားတူ မြန်မာပြည်သားများ ပြောင်းရွှေ့နေထိုင်မှုများသည့် မဲဆောက်မြို့တွင်လည်း လွယ်ကထုံ ပွဲတော်ကာလအတွင်း မီးဘေးအန္တရာယ်အပြင် ယာဉ်မတော်တဆမှု လျှော့ချရန်အတွက် မီးပုံးလွတ်ခြင်း၊ မီးရှူးမီးပန်း၊ ဗျောက်အိုးဖောက်ခြင်း၊ မီးပန်းအလှကစားခြင်းများကို ရှောင်ကြဥ်ကြရန် မဲဆောက်မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ သတိပေးထုတ်ပြန်သည်။
မယ်လဒုက္ခသည်စခန်းသည် ထိုင်း-မြန်မာနယ်စပ်တစ်လျှောက် အကြီးဆုံး ကရင်ဒုက္ခသည်စခန်းတစ်ခုဖြစ်သည်။ စခန်းထဲတွင် မကြာခဏ မီးဘေးအန္တရာယ်ဖြစ်ပွားခဲ့ရာ ပြီးခဲ့သည့် မတ်လပိုင်းက မတော်တဆမီးလောင်ကျွမ်းမှုမှ လူနေအိမ် (၇)လုံး မီးလောင်ပျက်ဆီးမှုအထိ ဖြစ်ပေါ်ခဲ့သည်။


















