နိုဝင်ဘာ (၄) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
မြန်မာ-ထိုင်းနယ်စပ် ကုန်သွယ်ရေးလမ်းကြောင်းများ ပိတ်ဆို့ခြင်းသည် ဒေသတွင်းပဋိပက္ခ ဖြေရှင်းရေးအတွက် စစ်မှန်သည့်နည်းလမ်းမဟုတ်ဘဲ နယ်စပ်ဒေသရှိ အရပ်သားပြည်သူများ၏ အသက်မွေးဝမ်းကျောင်းကို ထိခိုက်စေကြောင်း ကရင်အမျိုးသားအစည်းအရုံး (ကေအဲန်ယူ) က ယမန်နေ့ နိုဝင်ဘာ ( ၃ ) ရက်တွင် ထုတ်ပြန်သည်။
ပြီးခဲ့သည့်ရက်ပိုင်းအတွင်း သံလွင်မြစ်တစ်လျှောက်ရှိ နယ်စပ်ကူးတို့ဆိပ်များ ပိတ်ဆို့ခံရခြင်းကြောင့် နယ်စပ်ဖြတ်ကျော် သွားလာနေထိုင်ကြသည့် ဒေသခံအရပ်သားပြည်သူ ၁၂,၀၀၀ ကျော်၊ စိုက်ပျိုးရေးတောင်သူများနှင့် အသေးစားကုန်သည်များမှာ စားဝတ်နေရေးနှင့် အသက်မွေးဝမ်းကျောင်းဆိုင်ရာ အခက်အခဲများ ရင်ဆိုင်နေရကြောင်း အဆိုပါ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
စစ်အုပ်စုသည် မြဝတီ-ဖားအံ-မော်လမြိုင်လမ်းမကြီးအပါအဝင် သင်္ဃန်းညီနောင်၊ ကော့ကရိတ်၊ သံလွင်တံတားရှိ စစ်ဆေးရေးဂိတ်များတွင် စစ်ဆေးမှုများ တင်းကျပ်ထားသည့်အပြင် ထိုင်းကုန်ပစ္စည်းသိုလှောင်ရုံများနှင့် ကုန်တင်ယာဉ်များကိုလည်း ဝင်ရောက်စီးနင်းမှုများ ပြုလုပ်နေပြီး နယ်စပ်ကုန်သွယ်ရေးကို လက်နက်သဖွယ် အသုံးပြုနေသည်ဟု ကေအဲန်ယူက ဆိုသည်။
ထို့ကြောင့် ထိုင်းလုပ်ငန်းရှင်များနှင့် နယ်စပ်စီးပွားရေးကိုပါ ထိခိုက်စေပြီး ပြည်သူများအတွက် အခြေခံစားသောက်ကုန် ပြတ်လပ်မှုနှင့် ကုန်ဈေးနှုန်းမြင့်တက်မှုများပါ ရင်ဆိုင်နေရကြောင်း ကေအဲန်ယူက ထောက်ပြသည်။
ပြီးခဲ့သည့်ရက်ပိုင်းကလည်း မူတြော်(ဖာပွန်)ခရိုင်၊ သံလွင်မြစ်ပေါ်ရှိ မြစ်ကူးဆိပ် ၃ ခုဖြစ်သည့် မယ်နူထာ၊ ရာထာနှင့် သော်လဲထ နေရာများကို စစ်အုပ်စုက လေကြောင်းမှ ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် အရပ်သားပြည်သူများ ထိခိုက်ဒဏ်ရာရရှိခဲ့ခြင်းရှိသည်။
ယင်းဖြစ်စဥ်အပါအဝင် အောက်တိုဘာလအတွင်း မူတြော်ခရိုင်၌ စစ်အုပ်စုက နှစ်ပတ်တာဝန်းကျင် လေကြောင်းတိုက်ခိုက်မှုများ၊ ဒရုန်းများနှင့် လက်နက်ကြီးများ အသုံးပြုကာ တိုက်ခိုက်ခဲ့ကြောင်းကိုလည်း ထုတ်ပြန်ချက်တွင် မှတ်တမ်းတင်ထားသည်။
ယင်းကြောင့် ထိုင်းနိုင်ငံ၊ အာဆီယံနှင့် ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် စစ်အုပ်စု၏ အရပ်သားပြည်သူများအပေါ် လေကြောင်းတိုက်ခိုက်မှုများ အဆုံးသတ်စေရန် ဖိအားပေးရမည်ဖြစ်ပြီး လေယာဉ်သုံးလောင်စာဆီ ရရှိမှုကို ကန့်သတ်ခြင်းအပါအဝင် အရေးယူဆောင်ရွက်မှုများ ပြုလုပ်ရန် ကေအဲန်ယူက တောင်းဆိုသည်။
အထူးသဖြင့် ထိုင်းအာဏာပိုင်များအနေဖြင့် နယ်စပ်ဖြတ်ကျော်ကုန်သွယ်မှုကို ဆက်လက်ဖွင့်လှစ်ထားပေးရန်၊ စစ်ရေးတိုက်ခိုက်မှုများကြောင့် ထွက်ပြေးလာရသည့် အရပ်သားပြည်သူများကို ဘေးကင်းစွာ ခိုလှုံခွင့်ပေးရန်နှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ဆက်လက်ပေးအပ်ရန်လည်း တိုက်တွန်းသည်။
နယ်စပ်နှစ်ဖက်ရှိ ပြည်သူများ၏ အသက်မွေးဝမ်းကျောင်း၊ တရားဝင်ကုန်သွယ်ရေးနှင့် နယ်စပ်လုံခြုံရေးအတွက် ထိုင်းအာဏာပိုင်များနှင့် ကေအဲန်ယူ၊ နယ်စပ်အခြေစိုက် အရပ်ဘက်လူမှုအဖွဲ့အစည်းများအကြား ပူးပေါင်းဆောင်ရွက်မှု ပိုမိုအားကောင်းလာစေရန် ကေအဲန်ယူက တောင်းဆိုသည်။
မြန်မာဘက်က လက်နက်ကိုင်ပဋိပက္ခကြောင့် ထိုင်းနယ်စပ်ကိုဖြတ်ကျော်ပြီး လက်နက်ကျည်ကျရောက်မှုများ အကြိမ်ကြိမ်ရှိခဲ့ရာတွင် ထိုင်းအစိုးရအာဏာပိုင်အဖွဲ့သည် မြန်မာဘက်သို့ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းအချို့ကို ပိတ်ဆို့ခြင်းနှင့် ထိုင်းပိုင်နက်နှင့်ထိုင်းပြည်သူများ မထိခိုက်ရေး မြန်မာစစ်အုပ်စုထံ သတိပေးတိုက်တွန်းခဲ့ခြင်းရှိသည်။
စစ်အုပ်စုဘက်ကမူ ကေအဲန်ယူအပါအဝင် တော်လှန်ရေးလက်နက်ကိုင်အဖွဲ့များက ထိုင်းနှင့်မြန်မာ နှစ်နိုင်ငံချစ်ကြည်ရေးနှင့် နယ်စပ်တည်ငြိမ်ရေး ပျက်ပြားစေရန် ရည်ရွယ်ပြီး ထိုင်းပိုင်နက်အတွင်း လက်နက်ပစ်ခတ်မှုများ လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်ဟု ယမန်နေ့ရက်စွဲဖြင့် တုံ့ပြန်ပြောဆိုထားသည်။


















