အောက်တိုဘာ (၂၀) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ်၊ ဖားအံမြို့နယ်အတွင်း လာမည့် (၇၁)ကြိမ်မြောက် ကရင်ပြည်နယ်နေ့ပွဲအခမ်းအနားတွင်ထည့်သွင်းကျင်းပမည့် ဒုံးအပါအဝင် အားကစားပွဲများအတွက် မြို့ပေါ်ရပ်ကွက်၊ ကျေးရွာနေအိမ်များထံမှ ပြည်နယ်စစ်အုပ်စုခန့် အုပ်ချုပ်ရေးအဖွဲ့များက ငွေကြေးကောက်ခံနေကြောင်း ဒေသခံများက ပြောသည်။
ဖားအံမြို့ပေါ် ရပ်ကွက်များနှင့် အချို့ကျေးရွာများတွင် ယခုအောက်တိုဘာလဆန်းပိုင်းမှစ၍ ပြည်နယ်နေ့ ဒုံးပွဲ၊ ဘောလုံးပွဲ စသဖြင့်အတွက်ဟုဆိုကာ တစ်အိမ်ထောင်လျှင် ငွေကျပ် (၂၀,၀၀၀)မှစ၍ ကောက်ခံမှုများ ပြုလုပ်နေခြင်းဖြစ်သည်။
“ရွာဘက်မှာက မြို့နယ်ကိုယ်စားပြု ဒုံးတစ်ဒုံး ထွက်ပေးရတယ်။ ဒုံးတစ်ဒုံးထွက်ရင် အနည်းဆုံး သိန်းထောင်နဲ့ချီ ကုန်ပါတယ်။ ကုန်စျေးနှုန်းတက်တော့ အစားအသောက်ဖိုး အဝတ်အစားဖိုးအစ စျေးကြီးတယ်။ တိုက်နယ်တစ်ခုကို သိန်း ၅၀ လောက် ထည့်ပေးရတယ်လို့ ကြားတယ်” ဟု ဖားအံမြို့ခံ အမျိုးသားတစ်ဦးက ပြောသည်။
ကရင်ပြည်နယ်နေ့အတွက် ငွေကြေးကောက်ခံမှုမှာ နှစ်စဉ်ပုံမှန်လုပ်ဆောင်သည့်ကိစ္စဖြစ်သော်လည်း လက်ရှိတွင် စစ်မှုထမ်းကြေးထည့်ဝင်မှုကလည်း လစဥ်ရှိသလို အခြားပွဲများအတွက်ပါ ခေါင်းစဥ်တပ် လိုက်လံကောက်ခံနေ၍ ငွေကုန်ကြေးကျအခက်တွေ့လာသည်ဟု ဒေသခံများက ဆိုသည်။
အမည်မဖော်လိုသူ ရွာခံအမျိုးသားတစ်ဦးက “ဒုံးအတွက်လည်း ထည့်ရတယ်။ ဘောလုံးပွဲအတွက်လည်း ထည့်ရတယ်။ တခြားပွဲတွေရှိရင်လည်း ရွာကနေ ကောက်တာပဲ။ အပေါ်မှာ သူတို့က မျက်နှာယူပြီးတော့ ကုန်ကျစရိတ်က ရွာကလူတွေ ထည့်ရတာ။ စေတနာရှိသလောက် ထည့်ရတာမဟုတ်ဘဲ တစ်အိမ်ကို ဘယ်လောက်ဆိုပြီး သတ်မှတ်ပြီး ကောက်တာ” ဟု ကေအိုင်စီကို ပြောသည်။
ပဋိပက္ခများဆက်လက်ဖြစ်ပွားနေသည့် မြန်မာနိုင်ငံအတွင်း စက်သုံးဆီအကြပ်အတည်းအပါအဝင် စစ်အုပ်စု၏စီးပွားရေးမူဝါဒများကြောင့် ကုန်ဈေးနှုန်းအတက်ဘက်သာသွားနေသလို အခြေခံလူတန်းစားများ စားဝတ်နေရေးပိုမိုခက်ခဲလာခြင်းရှိသည်။
ထိုအထဲမှ ကရင်ပြည်နယ်စစ်အုပ်စု၏ အကြောင်းအမျိုးမျိုးပြပြီး ငွေကြေးကောက်ခံသည့် အစဉ်အလာများကြောင့် လူထု အကျပ်အတည်းကိုပိုဖြစ်လာစေကြောင်း ဒေသခံများပြောပြချက်အရ သိရသည်။
လာမည့် နိုဝင်ဘာ(၇)ရက်နေ့တွင် ကျရောက်မည့် (၇၁) နှစ်မြောက် ကရင်ပြည်နယ်နေ့ အထိမ်းအမှတ် ဒုံးအကပြိုင်ပွဲတွင် ကရင်ပြည်နယ်ရှိ ခရိုင်၊ မြို့နယ်၊ တိုက်နယ်၊ မြို့စသည့် ကိုယ်စားပြုဒုံးအဖွဲ့ (၁၈ )ဖွဲ့မှ ယှဉ်ပြိုင်သွားမည်ဟု ဒုံး ပြိုင်ပွဲဖြစ်မြောက်ရေးကော်မတီ က ဆိုသည်။
ယခုနှစ်ပြိုင်ပွဲတွင် မြဝတီခရိုင်ဒုံး၊ ကော့ကရိတ်၊ လှိုင်းဘွဲမြို့နယ် ကိုယ်စားပြုဒုံးများ၊ ဖားအံ မြို့နယ်ရှိ မြို့တော်ဒုံး အပြင် ကရင်နယ်ခြားစောင့်တပ်-BGF၊ ကရင်ငြိမ်းချမ်းရေးကောင်စီ(PC) နှင့် ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော်-DKBA စသည့် အဖွဲ့ကိုယ်စားပြု ဒုံးအဖွဲ့ များလည်း အသီးသီး စာရင်းပေးသွင်းထားခြင်းရှိသည်။
ယခုနှစ် ဒုံးပြိုင်ပွဲများကို နိုဝင်ဘာ(၅)ရက်မှ (၈)ရက်နေ့ အထိ ညအချိန်တွင် ယှဉ်ပြိုင် တင်ဆက်မည် ဖြစ်ပြီး ပွဲတော်ကာလ၌ ကရင့်ရိုးရာ လက်ဝှေ့ပွဲ၊ ဘောလုံးပွဲ အပါအဝင် အားကစားပြိုင်ပွဲ၊ ဒုံးပြိုင်ပွဲ၊ စင်မြင့် တေးဂီတ (စတိတ်ရှိုး)များနှင့် ပျော်ပွဲရွှင်ပွဲများ ကျင်းပရန် စီစဥ်ထားကြောင်း မြို့ခံများထံမှ သိရသည်။


















