Home ဆောင်းပါး “ဒေသကို အခြေခံတဲ့ ဖက်ဒရယ်” ဟာ အန္တရာယ်ပါ

“ဒေသကို အခြေခံတဲ့ ဖက်ဒရယ်” ဟာ အန္တရာယ်ပါ

15

“ဒေသကို အခြေခံတဲ့ ဖက်ဒရယ်” ဟာ အန္တရာယ်ပါ

မောင်ကျော်စွာ

(၂၀၂၆ ခုနှစ်၊ အောက်တိုဘာ ၂၂ ရက်)

မင်းအောင်လှိုင်တို့ စစ်အုပ်စုက သူတို့လက်ထဲက “ဒေသကို အခြေခံတဲ့ ဖက်ဒရယ်” ဆိုတာကို တစတစ ချပြလာနေပါတယ်။

“ဖက်ဒရယ်စနစ်ဆိုသည်မှာ လူပုဂ္ဂိုလ်၊ လူမျိုးအတွက် ရည်ညွှန်းခြင်းမဟုတ်ဘဲ ဒေသတစ်ခု၊ နယ်မြေ တစ်ခုအပေါ် ရည်ညွှန်းဆောင်ရွက်ရခြင်းဖြစ်သည်။” ဆိုတာကနေ ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၅ ရက်နေ့ (NCA) စာချုပ် (၁၁)နှစ် ပြည့်ပွဲမှာ မင်းအောင်လှိုင်က “ဒေသအတွင်း နေထိုင်သူအားလုံးကို ကိုယ်စားပြုနိုင်မယ့် ပြည်နယ် အမည်သတ်မှတ်ရေး”အထိ ပြောဆိုလာပါပြီ။ မင်းအောင်လှိုင်ရဲ့ ပြောကြားချက်ထဲက လိုရင်းကိုပဲ (မူရင်းအ တိုင်း) ကောက်နုတ်ဖော်ပြပါ့မယ်။

– “ကျွန်တော်တို့နိုင်ငံရဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာ လူမျိုးပေါင်းစုံ၊ တိုင်းရင်းသားပေါင်းစုံ ရောယှက်နေထိုင် ကြတာဖြစ်ပါတယ်။ ဥပမာအားဖြင့် အမည်နာမအားဖြင့် သတ်မှတ်ထားတဲ့ ရှမ်းပြည်နယ်မှာ ရှမ်းလူမျိုး ၃၅ ရာခိုင် နှုန်းကျော်သာရှိပြီး ကချင်ပြည်နယ်မှာလည်း ကချင်လူမျိုး ၃၉ ရာခိုင်နှုန်းသာရှိတယ်လို့ ဖော်ပြထားပါတယ်။

– ဒါကြောင့် ပြည်နယ်တစ်ခုဟာ လူမျိုးတစ်မျိုးတည်းရဲ့ ပိုင်ဆိုင်မှုမဟုတ်ဘဲ အဲဒီဒေသမှာနေထိုင်ကြတဲ့ လူမျိုးအား လုံးရဲ့ ပိုင်ဆိုင်မှုဖြစ်တယ်ဆိုတဲ့ သဘောထားကို အလေးထားဖို့ လိုပါတယ်။ ဒေသအတွင်း နေထိုင်သူအားလုံးကို ကိုယ်စားပြုနိုင်မယ့် ပြည်နယ်အမည်သတ်မှတ်ရေးနဲ့ပတ်သက်ပြီးလည်း အမျိုးသားစည်းလုံးညီညွတ်ရေးကို ရှေး ရှုပြီး အားလုံးဝိုင်းဝန်း စဉ်းစားအဖြေရှာကြဖို့ တိုက်တွန်းလိုပါတယ်” တဲ့။

ဒီအချက်ကို မင်းအောင်လှိုင်က အောက်တိုဘာလ ၁၅ ရက်နေ့ (NCA) စာချုပ် ၁၁နှစ်ပြည့်ပွဲသို့ပေးပို့တဲ့ ဗီဒီယိုမိန့်ခွန်းမှာရော (NCA) စာချုပ် ၁၁နှစ် ပြည့်ပွဲကို လာရောက်ကြတဲ့ တိုင်းရင်းသားအဖွဲ့တချို့က ပုဂ္ဂိုလ်များကို လက်ခံတွေ့ဆုံတဲ့ပွဲမှာပါ ထည့်သွင်းပြောဆိုခဲ့တာပါ။

တကယ့်တန်းတူရေးအတွက်ဆိုရင် ဗမာလူမျိုးကလည်း ပြည်နယ်တစ်ခုသတ်မှတ်ဖွဲ့စည်းရမယ်။ ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်း (၈)ပြည်နယ် ဖွဲ့စည်းရေး ဆိုတဲ့ တိုင်းရင်းသားလူမျိုးစုများ တစိုက်မတ် မတ် စွဲကိုင်လာခဲ့ကြတဲ့ ဖက်ဒရယ်အဆိုပြုချက်ကို ပယ်ချလိုက်တာဖြစ်ပါတယ်။

တနည်းအားဖြင့် စစ်အုပ်စုက ဖွဲ့စည်းမယ်ဆိုတဲ့ “ဒေသကို အခြေခံတဲ့ ဖက်ဒရယ်” ဆိုတာမှာ “လူမျိုးအ မည်” ပြည်နယ်တွေနဲ့ ဖွဲ့စည်းမှာမဟုတ်ဘူးလို့လည်း သတင်းစကားပါးလိုပုံရပါတယ်။ တစ်ချက်ခုတ် နှစ်ချက်ပြတ် တိုင်းရင်းသားလူမျိုးစုတွေ အစဉ်တစိုက် အဆိုပြုခဲ့ကြတဲ့ “ဗမာပြည်နယ်ဖွဲ့စည်းရေး” ဆိုတဲ့အချက်ကို ဆန့်ကျင် ပယ်ချလိုက်ပြီးသားလည်း ဖြစ်နေပါတယ်။

ဒီတော့ အခြားတစ်ဖက်ကလည်း ပါးကိုက်နားကိုက်လုပ်မယ်ဆိုရင် “မြန်မာ”နိုင်ငံဆိုတဲ့ အမည်ပြောင်း ရေးအထိ ရောက်လာစရာရှိပါတယ်။

ဒါ့အပြင် “ကချင်” ဆိုတာ မျိုးနွယ်စု (၆)ခု [ ဂျိန်းဖော (Jinghpaw)၊ ဇိုင်ဝါး (Zaiwa)၊ လော်ဝေါ် (Lhaovo / Maru)၊ လာချိဒ် (Lachik)၊ ရဝမ် (Rawang)၊ လီဆူ (Lisu)] ရဲ့ ဘုံနာမည်ဖြစ်နေတယ် မဟုတ်ပါလား။ ဒီကိစ္စအ တွက်လည်း လက်ရှိ ကချင်ပြည်နယ်အတွင်းက မျိုးနွယ်စုဝင်တွေ အချင်းချင်းအကြား စကားအခြေအတင် ပြော ဆိုနေကြရတယ် မဟုတ်ပါလား။

“ကရင်နီ”ကိစ္စမှာလည်း အလားတူပါပဲ။ “ကယား” ဆိုတဲ့ လူမျိုးတစ်မျိုးရဲ့အမည်နာမည်ကနေ မျိုးနွယ်စု အားလုံးကို လွှမ်းခြုံနိုင်မယ်ဆိုတဲ့“ကရင်နီ” ဆိုတဲ့ အသုံးအနှုန်းကို ဆွေးနွေးငြင်းခုန်နေကြတယ် မဟုတ်ပါလား။

ရှမ်းပြည်နယ်ကတော့ အပိုင်းပိုင်း စိတ်ပိုင်းခံရမယ့်သဘောပါပဲ။ ၂၀၀၈ အခြေခံဥပဒေအရ (ဝ၊ ကိုးကန့်၊ ပလောင်၊ ဓနု၊ ပအိုဝ်း) ဆိုပြီး ခွဲခြားစိတ်ပိုင်းထားပြီးပြီ မဟုတ်ပါလား။

“မွန်”ကတော့ အခြားမျိုးနွယ်စုရယ်လို့ မရှိတဲ့အတွက် သက်သာရာရနိုင်မလားတော့ အတတ်မဆိုနိုင်ပါ ဘူး။

“ကရင်”ကနေ “ကော်သူးလေ”လို့ အမည်ပြောင်းလဲယူကြမယ့်သူတွေအတွက်လည်း စဉ်းစားစရာပါ။ “စစ်အာဏာရှင်စနစ်အုပ်စိုးမှု”က တစ်ဆင့်တက်ပြီး လူမျိုးပေါင်းစုံပြည်သူများရဲ့ အမည်နာမဝိသေသလက္ခဏာ ချက်တွေကိုပါ ထင်သလို ဖျက်ဆီးပစ်ဖို့ ပက်ပက်စက်စက် ကြံစည်လုပ်ဆောင်လာတာလို့ပဲ ပြောရပါလိမ့်မယ်။

တစ်ဆက်ထဲ ကြည့်မြင်သင့်တဲ့အချက်ကတော့ စစ်အုပ်စုက ဖွဲ့စည်းမယ်ဆိုတဲ့ “ဒေသကို အခြေခံတဲ့ ဖက် ဒရယ်”ဆိုတာထဲမှာ တိုင်းရင်းသားလူမျိုးစုတွေရဲ့ သမိုင်းအစဉ်အလာနဲ့ အမည်နာမဝိသေသတွေကိုပါ ဖျက်ဆီးချေ မှုန်းပစ်ရေးဆိုတဲ့ ရည်ရွယ်ချက် အခိုင်အမာပါရှိနေတယ်ဆိုတဲ့ အချက်ပါပဲ။

ဒါကြောင့် ဘုံရန်သူတော်လှန်ရေးအင်အားစုအားလုံးအနေနဲ့ စစ်အာဏာရှင်စနစ် အကုန်အစင် တိုက်ဖျက် ရေးနဲ့ ၂၀၀၈အခြေခံဥပဒေဖျက်သိမ်းပစ်ရေး ဦးတည်ချက်နဲ့ လုပ်ငန်းတာဝန်ကို ဘယ်လိုအကြောင်းအချက် ကြောင့်မျှ ယိမ်းယိုင်သွေဖည် လမ်းချော်သွားလို့ မဖြစ်ပါဘူး။

ဘုံရန်သူတော်လှန်ဆန့်ကျင်ရေး အင်အားစုတွေအကြား ပိုမို နီးနီးကပ်ကပ်နဲ့ ညှိနှိုင်းပေါင်းစပ်ဆောင်ရွက် ကြဖို့လည်း အချိန်တန်ပြီဖြစ်ပါကြောင်း အလေးအနက် တိုက်တွန်းပါရစေ။