Home သတင်း ဒူးသထူခရိုင်တွင် စစ်အုပ်စု၏ လေကြောင်းနှင့် လက်နက်ကြီးတိုက်ခိုက်မှုကြောင့် ကလေးအပါအဝင် ၈ ဦးသေဆုံး၊ ၉ ဦးဒဏ်ရာရ

ဒူးသထူခရိုင်တွင် စစ်အုပ်စု၏ လေကြောင်းနှင့် လက်နက်ကြီးတိုက်ခိုက်မှုကြောင့် ကလေးအပါအဝင် ၈ ဦးသေဆုံး၊ ၉ ဦးဒဏ်ရာရ

22
Photo: CJ

အောက်တိုဘာ ၁၄ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ဒူးသထူ (သထုံ) ခရိုင်အတွင်းရှိ ကျေးရွာများကို အာဏာသိမ်းစစ်တပ် က အောက်တိုဘာလ ၁၂ ရက်နှင့် ၁၃ ရက်တို့တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်း၊ ဒရုန်းနှင့် လက်နက် ကြီးများဖြင့် ဆက်တိုက် တိုက်ခိုက်မှုကြောင့် ကလေးငယ်အပါအဝင် ဒေသခံ ၈ ဦး သေဆုံးပြီး ၉ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း ဒေသခံသတင်းအရင်းအမြစ်များက ပြောသည်။

အောက်တိုဘာလ ၁၂ ရက်နေ့၊ မွန်းလွဲ ၁၂ နာရီနှင့် ညနေ ၃ နာရီတို့တွင် ကျိုက်ထိုမြို့နယ်၊ တကွီးပူ (ငှက်ပျောတော) ကျေးရွာအုပ်စုအတွင်းသို့ စစ်အုပ်စုတပ်၏ အမှတ် (၄၄) ခြေမြန်တပ်မဌာနချုပ်က ဒရုန်းဖြင့် ဒေါ့ဒုန်းဗုံးသီးများ နှစ်ကြိမ် ကြဲချခဲ့သည်။ အဆိုပါ တိုက်ခိုက်မှုကြောင့် အမျိုးသမီးတစ်ဦး အပါအဝင် ရွာသား ၃ ဦး ဗုံးထိမှန် သေဆုံးခဲ့ပြီး ၁ ဦး ဒဏ်ရာအပြင်းအထန် ရရှိခဲ့ပြီး နေအိမ် ၁ လုံး၊ မော်တော်ယာဉ် ၁ စီးနှင့် ဆိုင်ကယ် ၁ စီး ထိခိုက်ပျက်စီးခဲ့သည်ဟု သိရသည်။

ထို့အပြင် အောက်တိုဘာလ ၁၃ ရက်နေ့၊ ညနေ ၅ နာရီမှ ၆ နာရီအတွင်း ဆောသုခီး (ကျောက်ဖျာ) ကျေးရွာ အနီးဝန်းကျင်ရှိ စစ်ဘေးရှောင်စခန်း အနီးသို့ စစ်အုပ်စုတပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှု ၁ ကြိမ်၊ လက်နက်ကြီး ပစ်ခတ်မှု ၂ ကြိမ်နှင့် အသေခံဒရုန်း ၅ စီးဖြင့် တိုက်ခိုက်မှု ၁ ကြိမ် ပြုလုပ်ခဲ့သည်။ အဆိုပါ အသေခံဒရုန်းများသည် အရပ်သားပြည်သူများ၏ လုပ်ငန်းခွင်အတွင်းသို့ ကျရောက်ပေါက် ကွဲခဲ့ပြီး စစ်ဘေးရှောင် တဲ ၃ လုံး ထိခိုက်ပျက်စီးခဲ့ကြောင်း ဒေသခံများက ပြောသည်။

ထိုနေ့ည ၁၀ နာရီဝန်းကျင်တွင် ကျိုက်ထို(ဘီးလင်း)မြို့နယ်၊ အာလူးကြီးကျေးရွာထဲသို့ စစ်အုပ်စုတပ်က လေကြောင်းမှ အလားတူ ထပ်မံ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အသက် ၁၃ နှစ်အရွယ် ကလေးငယ်တစ်ဦး အပါအဝင် အရပ်သားပြည်သူ ၅ ဦး သေဆုံးခဲ့ပြီး ၈ ဦး ဒဏ်ရာရရှိခဲ့ကာ နေအိမ် ၁၂ လုံး ပျက်စီးခဲ့သည်။

Photo: CJ

အမည်မဖော်လိုသူ ဒေသခံတစ်ဦးက “သူတို့က ရွာထဲကိုရမ်းသမ်းပစ်တော့ ရွာသား (၅) ယောက်သေပြီး (၈) ယောက်ဒဏ်ရာရတယ်။ သေတဲ့သူတွေထဲ (၁၃) နှစ်အရွယ် ကလေးတဦးလည်းပါတယ်။ ဒဏ်ရာရတဲ့အထဲက တစ်ယောက်က ခြေထောက်ဖြတ်လိုက်ရတယ်။ သူတို့ဘာအကြောင်းကြောင့် လာပစ်လဲဆိုတာ မစဉ်းစားတတ်တော့ဘူး” ဟု ကေအိုင်စီသို့ ပြောသည်။

စစ်အုပ်စု၏ အဆိုပါ တိုက်ခိုက်မှုများကြောင့် ကျေးရွာအတွင်းရှိ နေအိမ်များစွာ ပျက်စီးခဲ့သည့်အပြင် မြေပြင်တွင်လည်း ဗုံးကျင်းအများအပြားဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

ဒူးသထူခရိုင်အတွင်း ပြီးခဲ့သည့် အောက်တိုဘာလ ၂ ရက်နှင့် ၉ ရက်နေ့တို့တွင်လည်း စစ်အုပ်စုတပ်က ဒရုန်းနှင့် လက်နက်ကြီးများဖြင့် တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သေးကြောင်း KNU-ဗဟို၏ လူမှုကွန်ရက်စာမျက်နှာ ဖော်ပြချက်များအရ သိရသည်။

Photo: CJ