Home သတင်း ကျိုက်ထိုတွင် လေကြောင်းရန်ကြောင့် စာသင်ကျောင်းများ ပြန်မဖွင့်ရဲ

ကျိုက်ထိုတွင် လေကြောင်းရန်ကြောင့် စာသင်ကျောင်းများ ပြန်မဖွင့်ရဲ

35
Photo crd: KNU (စက်တင်ဘာ(၁၉)ရက်နေ့က ဘီးလင်းမြို့နယ်၊ ကြသောင်းဆိပ်ရွာ စာသင်ကျောင်းသို့ စစ်အုပ်စုလေကြောင်းတိုက်ခိုက်မှု-ပုံဟောင်း)

အောက်တိုဘာ (၁၈) ရက်၊ ၂၀၂၆ ခုနှစ်။‌ ကေအိုင်စီ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ဒူးသထူ(သထုံ)ခရိုင်၊ ကျိုက်ထိုမြို့နယ်ထဲတွင် စစ်အုပ်စု၏လေကြောင်းနှင့်လက်နက်ကြီး ပစ်ခတ်မှုများကြောင့် ပြီးခဲ့သည့်စက်တင်ဘာမှ လက်ရှိအချိန်ထိ စာသင်ကျောင်းများပြန်မဖွင့်ရဲဘဲ ဘေးလွတ်ရာတွင် စစ်ရှောင်ရင်းဖြစ်သလို ပညာသင်နေရကြောင်း နယ်မြေအုပ်ချုပ်မှုတာဝန်ရှိသူနှင့် ဒေသခံများထံမှသိရသည်။

ကျိုက်ထိုမြို့နယ်၊ ငှက်ပျောတောနှင့်ကျောက်ဖျာကျေးရွာအုပ်စုတို့တွင် ပြီးခဲ့သည့်စက်တင်ဘာလထဲ စစ်အုပ်စု၏ဒရုန်း၊ လက်နက်ကြီးနှင့် လေယာဥ်ပစ်ခတ်မှုများ နေ့စဥ်လိုလိုရှိနေ၍ ဒေသခံအများစု နေရပ်စွန့်ခွာ တိမ်းရှောင်နေရပြီး စာသင်ကျောင်းများလည်းပြန်မဖွင့်နိုင်သေးကြောင်း ကေအဲန်ယူ ကျိုက်ထိုမြို့နယ် တာဝန်ရှိသူက ဆိုသည်။

“ဆောသုခီး(ကျောက်ဖျာ)အုပ်စုထဲက ရွာတွေက ဒေသခံအများစုကတော့ ထွက်ပြေးတိမ်းရှောင်နေကြရတယ်။ ကျောင်းတွေလည်း ဘယ်လိုမှပြန်မဖွင့်ရဲကြသေးဘူး။

လေယာဉ်တွေ ဒရုန်းတွေ လက်နက်ကြီးတွေ ထပ်ပစ်လာမှာကို မိဘတွေကစိုးရိမ်နေကြတာ။ ငှက်ပျောတောရွာတွေမှာလည်း ဒီလိုပဲ။ အခုလောလောဆယ်တော့ လုံခြုံတဲ့နေရာတွေမှာပဲ ဖြစ်သလို စာသင်နေရတယ်” ဟု အဆိုပါတာဝန်ရှိသူက ပြောသည်။

ထို့အပြင် နေရပ်မှစွန့်ခွာကာ စစ်ဘေးရှောင်နေရခြင်းကြောင့် နေရာထိုင်ခင်းအပြင်၊ စားသောက်ရေးနှင့် ကျန်းမာရေး အခက်အခဲများ ဒေသခံများတွေ့ကြုံနေရသည်ဟု ကေအဲန်ယူ ကျိုက်ထိုမြို့နယ်ဘက်က ဆိုသည်။

နယ်မြေအတွင်း ကင်းထောက်ဒရုန်းများ ညစဥ်ပျံသန်းမှုအပါအဝင် အချိန်မရွေးလေကြောင်းရန် ခြိမ်းခြောက်ခံနေရခြင်းသည် ကိုယ်ရောစိတ်ပါ မလုံခြုံသည့်အခြေအနေကို ရောက်ရှိစေကြောင်း ကျောက်ဖျာဘက်မှ စစ်ရှောင်နေရသူ ဒေသခံအမျိုးသမီးတစ်ဦးကလည်း ယခုလိုပြောသည်။

လုံခြုံရေးအရ အမည်မဖော်လိုသူ ၎င်းအမျိုးသမီးက “လေယာဉ်ရော ဒရုန်းရော လက်နက်ကြီးရော ကြောက်နေရတယ်။ တနေရာနဲ့တနေရာ ဆိုင်ကယ်နဲ့လည်းမသွားရဲ လမ်းလျှောက်လည်းမသွားရဲဘူး။ မနက်ဆို တနေ့လုံးစာ ထမင်းဟင်းချက်ပြီး ညဘက်မီးမထွန်း ဖုန်းတောင်မသုံးရဲ ဒရုန်းတွေက ညတိုင်းအများကြီးလာတယ်” ဟု ကေအိုင်စီကို ပြောသည်။

တပ်မဟာ(၁)နယ်မြေတွင် စစ်အုပ်စု လှုပ်ရှားမှုကို စောင့်ကြည့်နေသည့် သတင်းအရင်းအမြစ်ပြောပြချက်အရ ဘီးလင်းမြို့နှင့် စစ်တောင်းတံတားကြားနေရာ တစ်လျှောက်တွင် လက်ရှိ စစ်အုပ်စုတပ်ဖွဲ့များ လှည့်လည်သွားလာနေခြင်းရှိသော်လည်း ရွာများဘက်သို့ စစ်ကြောင်းတိုက်ရိုက်ထိုးလာခြင်းမရှိသေးကြောင်း သိရသည်။

ပြီးခဲ့သည့် စက်တင်ဘာမှ အောက်တိုဘာ(၁၂)ရက်နေ့အထိ ကျိုက်ထိုမြို့နယ်ရှိ ကျေးရွာများကို စစ်အုပ်စုကပစ်မှတ်ထားပြီး ပစ်ခတ်တိုက်ခိုက်မှုများ ကျူးလွန်ခဲ့ရာတွင် ဒေသခံ အမျိုးသမီးနှင့်ကလေးငယ်အပါအဝင် (၅)ဦးထက်မနည်းသေဆုံးကာ (၆)ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းလည်း ကေအဲန်ယူက မှတ်တမ်းတင်ထားသည်။