Home သတင်း အဖမ်းအဆီးကြောင့် မဲဆောက်က မြန်မာရွှေ့ပြောင်းကျောင်းတချို့ ယာယီပိတ်ထားရ

အဖမ်းအဆီးကြောင့် မဲဆောက်က မြန်မာရွှေ့ပြောင်းကျောင်းတချို့ ယာယီပိတ်ထားရ

18
Photo: Social Media

အောက်တိုဘာ (၂၀) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့တွင် ယခု အောက်တိုဘာလအတွင်း ထိုင်းအာဏာပိုင်အဖွဲ့စုံက ရှောင်တခင်ရှာဖွေဖမ်းဆီးမှုများ ဆက်တိုက်လုပ်ဆောင်နေခြင်းကြောင့် မြန်မာရွှေ့ပြောင်း ကျောင်းသူ၊ ကျောင်းသားများအတွက် ပညာသင်ကြားပေးနေသည့် စင်တာတစ်ချို့ ယမန်နေ့၊ အောက်တိုဘာ(၁၉)ရက်မှစ၍ ယာယီရပ်နားလိုက်ရကြောင်း သိရသည်။

ထိုင်းအာဏာပိုင်များသည် နယ်စပ်လုံခြုံရေးတိုးမြှင့်ဆောင်ရွက်မှုနှင့် တရားမဝင်လုပ်ငန်းများ တားဆီးနှိမ်နင်းရေး(အာရုဏ်ဦးစီမံချက်)ဖြင့် အထောက်အထားမဲ့နေထိုင်မှုများကိုပါ စစ်ဆေးဖမ်းဆီးနေခြင်းဖြစ်ပြီး ယင်းကြောင့် ရွှေ့ပြောင်းကျောင်းသားများ လုံခြုံရေးအရ အဆိုပါစင်တာတချို့ကို ယာယီပိတ်ထားရသည်ဟု မြန်မာရွှေ့ပြောင်းပညာရေးအသိုင်းအဝိုင်းက ဆိုသည်။

“တောမောင်းဝင်စစ်မယ်ဆိုတာမျိုး သတင်းတွေထွက်နေတယ်။ အထောက်အထားမရှိတာ မစုံတာမျိုးတွေများတော့ မိဘဖမ်းမိလည်း၊ ကလေးတွေကျောင်းတက်ဖို့ခက်ကုန်တယ်။ ပြီးရင် ကျောင်းပါ စစ်ဆေးရေးဝင်တာမျိုးဖြစ်လာမယ်။ အဲဒါကြောင့် ကျောင်းတွေခဏပိတ်ထားတယ်” ဟု သင်ကြားရေးစင်တာတစ်ခု၏ ကော်မတီဝင်တစ်ဦးက ပြောသည်။

ထိုအထဲတွင် မဲဆောက်ရှိ ရွှေ့ပြောင်းမြန်မာအမျိုးသမီးနှင့်လူငယ်များအတွက် ပညာရေးနှင့်လူမှုစောင့်ရှောက်ရေး အကူအညီပေးနေသည့် Social Action for Women (SAW)လက်အောက်ရှိ သင်ကြားရေးစင်တာလည်း ပါဝင်သည်။ SAW ကျောင်းကို သီတင်းနှစ်ပတ်ကြာ ယာယီပိတ်ထားမည်ဖြစ်၍ ကျောင်းသူ၊ ကျောင်းသားများအနေဖြင့် နေအိမ်မှာပင် စာဆက်လက်လေ့လာရမည်ဖြစ်ကြောင်း သိရသည်။

ထို့အပြင် စီမံချက်ကာလသည် ရွှေ့‌ပြောင်းပညာ‌ရေးပူး‌ပေါင်း‌ဆောင်ရွက်‌ရေးဌာန(MECC) အဖွဲ့ဝင် စင်တာများတွင် နှစ်ဝက်စာမေးပွဲများဖြေဆိုနေသည့် ကာလလည်းဖြစ်သဖြင့် ကျောင်းသားများအနေဖြင့် သီတင်းကျွတ်ကျောင်းပိတ်ရက် အသွားအလာဆင်ခြင်ကြရန် သင်ကြားရေးဆရာများက သတိပေးသည်။

Photo: Social Media

ဆရာတစ်ဦးက “အခုက MECC အောက်က ဆာသူးလေတို့ Light School တို့ စာမေးပွဲဖြေနေကြပြီ။ သီတင်းကျွတ် ကျောင်းပိတ်ရက်ရှိမယ်။ အခုလိုတောမောင်းဖမ်းနေတာမျိုးဆို ကလေးတွေကျောင်းပိတ်ရက် ဟိုသွားဒီသွားတာမျိုးက လုံခြုံရေးကိစ္စ အခုကျောင်းမပိတ်ခင် သတိပေးထားဖို့လိုတယ်” ဟု ကေအိုင်စီကို ပြောသည်။

လတ်တလော မဲဆောက်မြို့နယ်အတွင်း ရွှေ့ပြောင်းမြန်မာပညာရေးကွန်ယက်အဖွဲ့ဝင် ကျောင်းများမဟုတ် သေးသည့် ကိုယ်ထူကိုယ်ထကျောင်းတစ်ချို့လည်း ထိုင်းအာဏာပိုင်အဖွဲ့စုံ၏ အစစ်အဆေးများသည့်အခြေအနေကြောင့် ယာယီကျောင်းပိတ်ထားရခြင်းရှိသည်။

မဲဆောက်မြို့ပေါ် ရပ်ကွက်များတွင် မူးယစ်ဆေးဝါး၊ လူကုန်ကူးမှု၊ အွန်လိုင်းငွေလိမ်ဂိုဏ်း(ကျားဖြန့်)နှင့် လက်နက်ခဲယမ်းကိစ္စများအပြင် တရားမဝင်အထောက်အထားမဲ့နေထိုင်သူများကို ပြီးခဲ့သည့် အောက်တိုဘာ(၁၅)ရက်မှစ၍ ဖမ်းဆီးစစ်ဆေးလျက်ရှိရာ လက်ရှိအချိန်ထိ ဖမ်းဆီးခံရသူ (၁၀၀) ထက်မနည်း ရှိကြောင်း အာဏာပိုင်များထုတ်ပြန်ချက်အရ သိရသည်။

ထို့အတူ ယနေ့၊ အောက်တိုဘာ(၂၀)ရက် မနက်ပိုင်းတွင် မဲဆောက်-မြဝတီ ချစ်ကြည်ရေးတံတားအနီး ဝန်းကျင်နေအိမ်များကို ထိုင်းအာဏာပိုင်များက စစ်ဆေးနေသလို တံတားထိပ်ရှိမြန်မာမော်တော်ယာဥ်များ စည်းကမ်းမဲ့ယာဉ်ရပ်နားမှုမရှိစေရေး ယာဉ်စည်ကမ်းသတ်မှတ်ချက်အသစ်များ ထုတ်ပြန် ကန့်သတ်ရန်လည်း ရှိနေသည်။