Home သတင်း မယ်လစခန်း ရေပေးဝေရေးစနစ်အတွက် IRC တပ်ဆင်ပေးထားသည့် ဆိုလာစနစ်များ လွှဲပြောင်းပေး

မယ်လစခန်း ရေပေးဝေရေးစနစ်အတွက် IRC တပ်ဆင်ပေးထားသည့် ဆိုလာစနစ်များ လွှဲပြောင်းပေး

22
Photo: CJ

စက်တင်ဘာ (၂၉ ) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

ထိုင်း-မြန်မာနယ်စပ်ရှိ မယ်လဒုက္ခသည်စခန်းတွင် ရေပေးဝေရေးစနစ် လည်ပတ်နိုင်ရန် နိုင်ငံတကာကယ်ဆယ်ရေးကော်မတီ (IRC) က တပ်ဆင်ပေးထားသည့် ဆိုလာစနစ်များကို ပြီးခဲ့သည့် စက်တင်ဘာလ (၂၅) ရက်နေ့တွင် စခန်းတာဝန်ရှိသူများထံ လာရောက်လွှဲပြောင်းပေးခဲ့ကြောင်း သိရသည်။

အဆိုပါ လုပ်ငန်းလွှဲပြောင်းမှုနှင့်ပတ်သက်၍ စက်တင်ဘာလ (၂၃) ရက်နေ့က IRC တာဝန်ရှိသူများ၊ ထိုင်းအာဏာပိုင်များ နှင့် ဒုက္ခသည်စခန်းကိုယ်စားလှယ်များ ပါဝင်သည့် အစည်းအဝေးတစ်ရပ် ပြုလုပ်ခဲ့ပြီး လုပ်ငန်းနှင့် သက်ဆိုင်သည့် ပစ္စည်း ကိရိယာများကို စက်တင်ဘာလ (၂၅) ရက်နေ့၌ စခန်းအတွင်းသို့ တရားဝင် လာရောက်လွှဲပြောင်းခဲ့ခြင်း ဖြစ်သည်။

မယ်လစခန်းအတွင်း ယခင်က လျှပ်စစ်မီတာခ မြင့်မားမှုများကြောင့် ကျန်းမာရေး၊ လူမှုရေးနှင့် စခန်းရုံးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အခက်အခဲများရှိခဲ့ပြီး ယခုအခါ ဆိုလာစနစ်များ ရရှိလာသည့်အတွက် လုပ်ငန်းများ ဆောင်ရွက်ရာတွင် ပိုမိုအဆင်ပြေလာကြောင်း ကရင်ဒုက္ခသည်များကော်မတီ (KRC) အတွင်းရေးမှူး စောပွယ်စေးက ပြောသည်။

“ IRC က hand overအစီစဉ်နဲ့ ပြန်လည်နေရာချပေးတာ။ အရင်က မီတာခဈေးကြီးတာတွေကြောင့် အခက်အခဲရှိခဲ့ပေမဲ့ အခု ဆိုလာစနစ် ရလာတဲ့အတွက် ကျန်းမာရေး၊ လူမှုရေးနဲ့ စခန်းရုံးလုပ်ငန်းတွေအတွက် အဆင်ပြေသွားပါတယ်။ အစိုးရအစီအစဉ်နဲ့ လာတာ ဖြစ်တဲ့အတွက် လက်ရှိ ထူးထူးခြားခြား ပြောစရာမရှိသေးပါဘူး” ဟု ၎င်းက ကေအိုင်စီသို့ ပြောသည်။

ထို့အပြင် IRC ဘက်က ရေစနစ်လည်ပတ်ရေးအတွက် တပ်ဆင်ထားသည့် ဆိုလာစနစ်များ၏ ရရှိထားမှုအခြေအနေနှင့် အရေအတွက်များကို တင်ပြခဲ့ပြီး အဆိုပါ ဆိုလာစနစ်များကို စခန်းအတွင်းရှိ လိုအပ်သည့်နေရာများတွင် ထားရှိပေးကြောင်း သိရသည်။

Photo: CJ

IRC သည် မယ်လဒုက္ခသည်စခန်းအတွင်း ကျန်းမာရေးစောင့်ရှောက်မှု၊ ရေပေးဝေရေးနှင့် သန့်ရှင်းရေးလုပ်ငန်းများအပါအဝင် အခြေခံဝန်ဆောင်မှုများကို နှစ်ပေါင်းများစွာ ကူညီပံ့ပိုးပေးခဲ့သည့် နိုင်ငံတကာ လူသားချင်းစာနာထောက်ထားရေးအဖွဲ့အစည်းတစ်ခု ဖြစ်သည်။

အမေရိကန်အစိုးရ၏ အကူအညီရပ်ဆိုင်းမှုကြောင့် ထိုင်း-မြန်မာနယ်စပ်ရှိ မယ်လအပါအဝင် ဒုက္ခသည်စခန်း ၉ ခုကို ထောက်ပံ့ပေးနေသည့် The Border Consortium (TBC) ၏ လုပ်ငန်းများလည်း ထိခိုက်ခဲ့ပြီး ၂၀၂၅ ခုနှစ် ဩဂုတ်လမှစတင်ကာ ဒုက္ခသည်များ၏ ရိက္ခာထောက်ပံ့မှုများ ဖြတ်တောက်ခံခဲ့ရသည်။

ထို့အပြင် မယ်လစခန်းတွင် သောက်သုံးရေရရှိရေး၊ ကျန်းမာရေးစောင့်ရှောက်မှုနှင့် အမှိုက်သိမ်းဆည်းရေးလုပ်ငန်းများအပါအဝင် ကဏ္ဍ ၃ ခုကို IRC ဘက်က ရပ်ဆိုင်းထားကြောင်း သိရသည်။

ယင်းနောက် နယ်စပ်ဒုက္ခသည်စခန်းများတွင် ကျန်းမာရေး စောင့်ရှောက်မှုအပြင် သန့်ရှင်းရေးစနစ်နှင့်ရေပေးဝေရေးစနစ် အကူအညီ မရရှိတော့သည့်အတွက် ရရှိသည့် ရံပုံငွေအနည်းငယ်ဖြင့် ကိုယ်ထူကိုယ်ထ လည်ပတ်နေကြရခြင်းရှိသည်။

ထိုင်းနိုင်ငံ မဲဆောက်မြို့၏ မြောက်ဘက် ကီလိုမီတာ ၆၀ ခန့်အကွာတွင် တည်ရှိသည့် မယ်လဒုက္ခသည်စခန်း၌ ဒုက္ခသည်ဦးရေ လေးသောင်းခန့် ခိုလှုံနေပြီး ထိုင်း-မြန်မာနယ်စပ်တစ်လျှောက်ရှိ ဒုက္ခသည်စခန်းများအနက် အကြီးဆုံးစခန်းဖြစ်ကြောင်း သိရသည်။