Home သတင်း မုတ်သုံလေအားကောင်းမှုကြောင့် ကရင်အပါအဝင် တိုင်းနှင့်ပြည်နယ်အများအပြား မိုးဆက်ကြီးနိုင်

မုတ်သုံလေအားကောင်းမှုကြောင့် ကရင်အပါအဝင် တိုင်းနှင့်ပြည်နယ်အများအပြား မိုးဆက်ကြီးနိုင်

12
Photo crd- ဇမ္ဗူသီရိလူမှုကူညီကယ်ဆယ်ရေးအဖွဲ့

စက်တင်ဘာ (၂၉) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

ကပ္ပလီပင်လယ်အော်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေ အားကောင်းနေသောကြောင့် ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းအပါအဝင် တိုင်းနှင့်ပြည်နယ်အများအပြားတွင် မိုးဆက်လက်ကြီးနိုင်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန၏ ယနေ့ စက်တင်ဘာလ (၂၉) ရက် ထုတ်ပြန်ချက်အရ သိရသည်။

နံနက်ဖြန်(စက်တင်ဘာ ၃၀ ရက်နေ့)အထိ နေပြည်တော်၊ မန္တလေး၊ ပဲခူး၊ မကွေးတိုင်းနှင့် ကရင်၊ မွန်၊ ရခိုင်ပြည်နယ်တို့တွင် ဒေသအလိုက်မိုးကြီးနိုင်သလို ရန်ကုန်၊ စစ်ကိုင်း၊ ဧရာဝတီတိုင်းနှင့် ချင်းပြည်နယ်၊ ရှမ်းပြည်နယ်(တောင်ပိုင်း) တို့တွင် နေရာကွက်၍ မိုးကြီးနိုင်သည်ဟု မိုးလေဝသ က ခန့်မှန်းထားသည်။

မိုးတိမ်တောင်များကြောင့် ထိုဒေသများတွင် မိုးရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းနှင့် မိုးသီးကြွေခြင်းတို့ ဖြစ်ပေါ်နိုင်ကြောင်းလည်း တဆက်တည်း သတိပေးထားသည်။

ထို့အပြင် ဖြစ်ပေါ်နေသော ကုန်းတွင်းမုန်တိုင်းငယ်မှာ ပဲခူးတိုင်း၊ ရေတာရှည်မြို့အနီးမှဖြတ်ကျော်ခဲ့ပြီး လက်ရှိတွင် မကွေးတိုင်း၊ ရေနံချောင်းမြို့၏ အရှေ့တောင်ဘက် မိုင် ၄၀ ခန့်နှင့် မကွေးမြို့၏ အရှေ့တောင်ဘက် ၂၅ မိုင်ခန့်အကွာကို ဗဟိုပြုနေကြောင်း သိရသည်။ ၎င်းမှဆက်လက်၍ ဘင်္ဂလားဒေ့ရှ်နှင့်အိန္ဒိယဘက်သို့ ရောက်ရှိမည်ဖြစ်ပြီး မုန်တိုင်း တဖြည်းဖြည်းပျက်ပြယ်သွားရန် ရှိသည်။

Photo crd- ဇမ္ဗူသီရိလူမှုကူညီကယ်ဆယ်ရေးအဖွဲ့

လာမည့်အောက်တိုဘာလဆန်းရက်များတွင်မူ မုတ်သုံလေအားလျော့ရာမှ နိုင်ငံတစ်ဝန်း မိုးရွာသွန်းမှုများ သိသိသာသာလျော့နည်းလာမည်ဖြစ်သည်ဟုလည်း မိုးလေဝသပညာရှင်များက ခန့်မှန်းထားသည်။

သို့ရာတွင် မိုးရွာသွန်းမှုများပြားခြင်းကြောင့် တောင်ကျရေဆင်းခြင်းနှင့်မြေပြိုမှုအန္တရာယ်ကို သတိထားကြရန် လိုအပ်သလို ရခိုင်နှင့် ဧရာဝတီမြစ်ဝကျွန်းပေါ်ကမ်းရိုးတန်းဒေသများတွင် လေတိုက်နှုန်းနှင့် လှိုင်းရိုက်ခတ်မှုအခြေအနေကို လတ်တလော သတိထားကြရန် ပညာရှင်များက သတိပေးသည်။

ထို့အတူ ပြီးခဲ့သည့်ရက်ပိုင်းတွင် ထိုင်းနိုင်ငံဘက်မှ ရွေ့လျားလာသည့် လေဖိအားနည်းရပ်ဝန်းနှင့် မုန်တိုင်းလေတိုက်ခတ်မှုကြောင့် မြန်မာနိုင်ငံတောင်ပိုင်းတွင် မိုးကြီးခဲ့သည်။

အထူးသဖြင့် ထားဝယ်ခရိုင်အတွင်း ရေကြီးပြီးမြေပြိုမှုများကြောင့် ယနေ့အထိ သေဆုံးသူ (၁၇) ဦး၊ ပျောက်ဆုံးသူ(၃၀)ထက်မနည်း ရှိနေကြောင်း မိုးလေ၀သနှင့် ဒေသတွင်းသတင်းအရင်းအမြစ်များမှ သိရသည်။