Home သတင်း ဖန်းဖောင်ဒေးရှင်းမှ ကော်သူးလေ ကျောင်းသူ၊ ကျောင်းသား (၁၀၀) ဦးအတွက် ပညာသင်ဆု ချီးမြှင့်

ဖန်းဖောင်ဒေးရှင်းမှ ကော်သူးလေ ကျောင်းသူ၊ ကျောင်းသား (၁၀၀) ဦးအတွက် ပညာသင်ဆု ချီးမြှင့်

20

စက်တင်ဘာ (၂၂ )ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

ဖန်းဖောင်ဒေးရှင်း (Phan Foundation) မှ ကော်သူးလေဒေသရှိ ပညာသင်ယူရန် စိတ်အားထက်သန်သော်လည်း ငွေကြေးအခက်အခဲရှိသည့် ကျောင်းသူ၊ ကျောင်းသား (၁၀၀) ဦးကို ၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် ပညာသင်ဆုများ ချီးမြှင့်လိုက်ကြောင်း သိရသည်။

အဆိုပါ ပညာသင်ဆုတွင် ကရင်ပညာရေးနှင့် ယဉ်ကျေးမှုဌာန (KECD) လက်အောက်ရှိ ကျောင်းများမှ အထက်တန်းအဆင့် ကျောင်းသူ၊ ကျောင်းသား (၃၅) ဦးနှင့် Junior College တက်ရောက်နေသူ (၆၅) ဦး ပါဝင်ပြီး အမည်စာရင်းများကို ဖန်းဖောင်ဒေးရှင်းနှင့် KECD မှ စက်တင်ဘာလ ( ၁၇) ရက်နေ့တွင် ပူးတွဲထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

“KECD ဘက်က ပို့တဲ့ထူးချွန်လူငယ်စာရင်းကို ကျနော်တို့ ပြန်စိစစ်ပြီး ပညာသင်ဆုပေးတာပါ။ ရရှိတဲ့ အလှူငွေ ပမာဏအပေါ် မူတည်ပြီး လူငယ်တွေကို ပညာရေးအတွက် ဒီထက်မက တိုးမြှင့် ထောက်ပံ့ပေးသွားမှာပါ။ ကော်သူးလေ ပညာရေးဌာန ဘက်ကလည်း ဒေသတွင်း ပညာရေးကို နိုင်ငံတကာ အဆင့်အတန်းနဲ့အညီ ဆက်သွားနိုင်အောင် လုပ်ဆောင်ပေးနေတာ ဖြစ်ပါတယ်” ဟု ပဒိုမန်းရှာလားဖန်း၏သားကြီး စောစေးစေးဖန်းက ပြောသည်။

ထို့အပြင် ပညာသင်စရိတ် ထောက်ပံ့မှုသည် ကျောင်းသူ၊ ကျောင်းသားများ ပညာဆက်လက်သင်ယူနိုင်ရေးသာမက ၎င်းတို့၏ အနာဂတ်နှင့် ကရင်လူမှုအသိုင်းအဝိုင်း၏ ပညာရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် ရင်းနှီးမြှုပ်နှံမှုတစ်ရပ်ဖြစ်ကြောင်းလည်း ပူးတွဲထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဖန်းဖောင်းဒေးရှင်းကချီးမြှင့်သည့် ပညာသင်ဆုကို မိဘမပြည့်စုံသူများ၊ ပညာသင်ယူရန် ငွေကြေးအခက်အခဲရှိသူများ၊ ကိုယ်ကျင့်တရားကောင်းမွန်ပြီး ပညာကို ကြိုးစားသင်ယူလိုစိတ်ရှိသည့် ကျောင်းသူ၊ ကျောင်းသားများ လျှောက်ထားနိုင်ရန် သတ်မှတ်ထားခြင်းဖြစ်သည်။

ပညာသင်ဆုအစီအစဉ်တွင် ကရင်-ကနေဒါ ပညာရေးမဟာမိတ်အဖွဲ့ (Karen-Canadian Education Alliance) ကလည်း ပူးပေါင်းပါဝင် ပံ့ပိုးကူညီထားကြောင်း သိရသည်။

ဖန်းဖောင်ဒေးရှင်းကို ကွယ်လွန်သူ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၏ အထွေထွေအတွင်းရေးမှူးချုပ်ဟောင်း ပဒိုမန်းရှာလားဖန်းနှင့် ဇနီး နမ့်ရွှေကျင်တို့အား ဂုဏ်ပြုသည့်အနေဖြင့် ကျန်ရစ်သူ သားသမီးများက ၂၀၀၈ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ခြင်းဖြစ်သည်။

ဖန်းဖောင်ဒေးရှင်းသည် ဒေသတွင်းပညာရေးမြှင့်တင်ရေးအပြင် ဆင်းရဲနွမ်းပါးမှုလျှော့ချရေး၊ လူ့အခွင့်အရေးကာကွယ်မြှင့်တင်ရေး၊ လူမှုဖွံ့ဖြိုးရေးနှင့် ယဉ်ကျေးမှုထိန်းသိမ်းမြှင့်တင်ရေးတို့ကို အဓိကထား ထောက်ပံ့ကူညီလျက်ရှိသည်။

ထို့အပြင် အသက် ၃၅ နှစ်အောက် စွမ်းဆောင်ရည်ရှိသည့် ကရင်လူငယ်များကို ရွေးချယ်၍ “ပဒိုမန်းရှာ လူငယ်ခေါင်းဆောင်ဆု” ကိုလည်း နှစ်စဉ် ပေးအပ်လျက်ရှိကြောင်း သိရသည်။