စက်တင်ဘာ (၂၀) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၁)၊ သထုံ/ဒူးသထူခရိုင်၊ ဘီးလင်းမြို့နယ်၊ ကြသောင်းဆိပ်/ယိုကလား ကျေးရွာအုပ်စုသို့ ယမန်နေ့ စက်တင်ဘာ(၁၉)ရက် ညပိုင်းက စစ်အုပ်စုက ဂျက်ဖိုက်တာဖြင့် ပေါင်(၅၀၀)ဗုံး(၃)လုံးကြဲချတိုက်ခိုက်ရာ ရွာစာသင်ကျောင်း(၂)ကျောင်း ထိခိုက်ပျက်စီးသွားကြောင်း ဒေသတွင်းသတင်းအရင်းအမြစ်မှ သိရသည်။
ကြသောင်းဆိပ်ကျေးရွာအုပ်စု၊ အရှေ့ ကြသောင်းဆိပ်ရွာနှင့်အနောက် ကြသောင်းဆိပ်ရွာသို့ ယမန်နေ့ည(၁၁)နာရီဝန်းကျင်က ကျရောက်ပေါက်ကွဲခဲ့သည့် စစ်အုပ်စု၏ပေါင်(၅၀၀)ဗုံးများကြောင့် ကျောင်း(၂)ခုပေါင်း၊ အဆောက်အအုံ(၅)လုံး ပျက်စီးမှုရှိခဲ့ပြီး လူနေအိမ်အချို့လည်း ဗုံးစထိမှန်သွားသည်ဟု ဒေသခံများက ပြောသည်။
“အိမ်တွေလည်းဗုံးစထိတာရှိသေးတယ် ဒါမယ့်စာရင်းအတိအကျတော့ မသိရသေးဘူး။ ရွာသားတွေလည်း ကြိုတင်ရှောင်တိမ်းလိုက်နိုင်လို့ အထိအခိုက်မရှိဘူး” ဟု ဘီးလင်းနေ ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။

ထို့အပြင် ကေအဲန်ယူ-သထုံခရိုင်ဘက်ကိုစုံစမ်းချက်အရ စစ်အုပ်စုသည် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ရပ်ရွာမျိုးဆက်သစ်များ၏ ပညာရေးကိုအနှောင့်အယှက်ဖြစ်စေရန် ရည်ရွယ်ပြီး စာသင်ကျောင်းများသို့ လေကြောင်းတိုက်ခိုက်မှု တစ်ချိန်တည်းတွင် ၁၂၀ မမ လက်နက်ကြီး(၃)လုံးကိုပါ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
လက်နက်ကြီးတိုက်ခိုက်မှုကိုမူ ကတိုင်တိအခြေစိုက် နယ်မြေစစ်အုပ်စုဘက်က လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်ဟု ကေအဲန်ယူ-သထုံခရိုင်ဘက်က ဆိုသည်။
သထုံခရိုင်အတွင်း စာသင်ကျောင်း၊ ဘုန်းကြီးကျောင်းအပါအဝင် အရပ်သားပစ်မှတ်မဟုတ်သည့် ကျေးရွာများသို့ စစ်အုပ်စု၏ လေကြောင်းနှင့်လက်နက်ကြီးခြိမ်းခြောက် တိုက်ခိုက်မှု အကြိမ်ကြိမ်ဖြစ်ပေါ်နေပြီး စက်တင်ဘာ(၆)ရက်နေ့ကလည်း ကျိုက်ထို၊ ညောင်ထောက်ရွာမှ အသက်(၁၀)နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး လက်နက်ကြီးထိမှန်သေဆုံးမှု ရှိခဲ့သေးသည်။


















