စက်တင်ဘာ (၁၅) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ရှမ်းပြည်နယ်မြောက်ပိုင်း တအာင်းဒေသအတွင်း လက်နက်ကိုင်ပဋိပက္ခ မတည်ငြိမ်မှုများကြားမှ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ဖြစ်စဉ်ပေါင်း (၃၄) မှုဖြစ်ပွားခဲ့ကြောင်း တအာင်းအမျိုးသမီးအဖွဲ့အစည်း-TWO ၏ ယနေ့ စက်တင်ဘာ (၁၅) ရက်နေ့ ထုတ်ပြန်ချက်အရ သိရသည်။
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလမှ ဩဂုတ်လအထိ (၈) လတာ ကာလတွင် ဒေသအတွင်းအဖြစ်အပျက်များကို စုစည်းထားသည့် “တအာင်းဒေသအတွင်း လူ့အခွင့်အရေးချိုးဖောက်မှု အခြေအနေ” အစီရင်ခံစာတွင် TWO က ထိုသို့ဖော်ပြထားခြင်းဖြစ်သည်။ ထိုကာလအတွင်း တအာင်းဒေသက မိန်းကလေးငယ်များအပါအဝင် အမျိုးသမီးများသည် အဓမ္မပြုကျင့်ခံရမှု၊ အိမ်တွင်းအကြမ်းဖက်ခံရမှု၊ လူကုန်ကူးခံရမှုနှင့် အကြမ်းဖက်ခံရမှု ဖြစ်စဉ် စုစုပေါင်း (၃၄) မှု တွေ့ကြုံခဲ့ရသည်ဟု ဆိုသည်။
အမျိုးသမီးများအနေဖြင့် အသက်အန္တရာယ် စိုးရိမ်ရသည့် အခြေအနေအထိ ဖြစ်ပွားရသော်လည်း သက်ဆိုင်ရာ အာဏာပိုင်များထံ တိုင်ကြားမှု ရှားပါးနေခြင်းရှိသည်။ TWO အနေဖြင့် ဥပဒေကြောင်းအရ အရေးယူနိုင်ရန် ကူညီပေးခဲ့သော်လည်း ယနေ့အချိန်ထိ ထွက်ပြေးလွတ်မြောက်နေသည့် တရားခံများလည်း ရှိနေသေးကြောင်း အစီရင်ခံစာက ဖော်ပြသည်။
“ဒေသထဲမှာ အမျိုးသမီးတွေ အိမ်တွင်းရုပ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု ကြုံရတာကို လူမှုပတ်ဝန်းကျင်က သာမန်ဖြစ်စဉ်လိုမျိုး မှတ်ယူပြီး လျစ်လျူရှုထားကြတယ်။ အာဏာပိုင်တွေဘက်ကလည်း ထိရောက်စွာ အရေးယူ ဆောင်ရွက်မှု အားနည်းတော့ ကျူးလွန်သူတွေက ပိုပြီး ရဲတင်းလာကြတာမျိုး ရှိတယ်” ဟု TWO တာဝန်ရှိသူတစ်ဦးက ပြောသည်။
ထို့အပြင် ဒေသအတွင်း KTV လုပ်ငန်းများ၊ မူးယစ်ဆေးဝါးများ၊ လောင်းကစားလုပ်ငန်းများနှင့် သဘာဝသယံဇာတ စီမံကိန်းများ တိုးပွားလာခြင်းကြောင့် လိင်ဖျော်ဖြေရေး လုပ်ငန်းများ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်လာပြီး မိန်းကလေးငယ်အများအပြား လိင်လုပ်သားဘဝသို့ ရောက်ရှိလာကြ၍ အိမ်ထောင်ရေး ပြဿနာနှင့် ရောဂါကူးစက်မှုများပါ တိုးပွားလာနေကြောင်း TWO က ထောက်ပြသည်။

ယင်းဖြစ်စဥ်များအပြင် (၈) လတာအတွင်း ဒေသအခြေစိုက် လက်နက်ကိုင်ပဋိပက္ခနှင့် ဆက်စပ်သည့် အခြားလူ့အခွင့်အရေး ချိုးဖောက်မှုများကြောင့် ဒေသခံ (၅၃) ဦး သေဆုံးပြီး (၂၄၈) ဦး ဒဏ်ရာရရှိခဲ့ကြောင်းလည်း အစီရင်ခံစာအရ သိရသည်။
နမ့်ခမ်းမြို့နယ် ကောင်းတပ်ကျေးရွာ၌ ပြီးခဲ့သည့် မေလအတွင်း ယမ်းသိုလှောင်ရုံ ပေါက်ကွဲမှုသည် အဆိုးဆုံးဖြစ်၍ ထိုအထဲတွင် ကလေး (၇၃) ဦး အပါအဝင် အရပ်သား(၂၂၅)ဦး ထိခိုက်သေဆုံးပြီး ကျေးရွာရှိ စာသင်ကျောင်း၊ ဘာသာရေး အဆောက်အအုံနှင့် လူနေအိမ် စုစုပေါင်း (၇၃၂) ခု ပျက်စီးခဲ့ရသည်ဟု ဆိုသည်။
ထို့အပြင် စစ်အုပ်စု၏ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှု၊ လက်နက်ကြီး ပစ်ခတ်မှုနှင့် လက်နက်ကိုင် အဖွဲ့အစည်းအချို့၏ အရပ်သားများအပေါ် မတရား ဖမ်းဆီးခြင်း၊ ညှဉ်းပန်းနှိပ်စက်ခြင်း၊ သတ်ဖြတ်ခြင်း စသည့် ဖြစ်စဉ်များကြောင့်လည်း ဒေသခံများ ထိခိုက်သေဆုံးခြင်းရှိခဲ့သည်။
ယင်းကြောင့် ဒေသအတွင်းအခြေအနေများကို လူထုနှင့် အဖွဲ့အစည်းများ သိရှိပြီး အကူအညီရရှိရန်၊ ကျူးလွန်သူများကို ထိရောက်စွာ အရေးယူ ဆောင်ရွက်လာနိုင်စေရန်နှင့် အရပ်သားများ၏ အခွင့်အရေးကို ကာကွယ်ပေးနိုင်သည့် ယန္တရားများ အကောင်အထည်ဖော် ပေါ်ပေါက်လာစေရန် TWO က ဖော်ပြသည်။
TWO အနေဖြင့် မိုးမိတ်၊ နောင်ချို၊ ကျောက်မဲ၊ လားရှိုး၊ တန့်ယန်း၊ သိန္နီ၊ ကွတ်ခိုင်၊ မူဆယ် နှင့် နမ့်ခမ်း စသည့် မြို့နယ်များသို့ ၎င်းတို့ဝန်ထမ်းများကိုယ်တိုင် ကွင်းဆင်း၍ နစ်နာသူများ၊ မျက်မြင်သက်သေများနှင့် တွေ့ဆုံမေးမြန်းကာ မှတ်တမ်းယူထားခြင်းလည်း ဖြစ်သည်။ သို့ရာတွင် လက်လှမ်းမမီနိုင်သည့် ဒေသများတွင် လူ့အခွင့်အရေးချိုးဖောက်မှုများ ယခုထက် ပိုမိုများပြားနိုင်သည်ဟု TWO က ဆိုသည်။


















