Home သတင်း ကျိုက်ထိုတွင် လေကြောင်းနှင့် လက်နက်ကြီးပစ်ခတ်မှုကြောင့် စိုက်ပျိုးခြံများ ပျက်စီး

ကျိုက်ထိုတွင် လေကြောင်းနှင့် လက်နက်ကြီးပစ်ခတ်မှုကြောင့် စိုက်ပျိုးခြံများ ပျက်စီး

20
Photo: CJ

စက်တင်ဘာ ၃၀ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ဒူးသထူ/သထုံခရိုင်၊ ကျိုက်ထိုမြို့နယ်ထဲရှိ ကျေးရွာများသို့ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်အုပ်စုက လေကြောင်း၊ လက်နက်ကြီးနှင့် အသေခံဒရုန်းများဖြင့် ဆက်တိုက်ပစ်ခတ်တိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူများ၏ စိုက်ပျိုးဥယျဥ်ခြံများ ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။

စက်တင်ဘာလ ( ၂၈) ရက်နေ့ ညသန်းခေါင်ယံအချိန်တွင် စစ်အုပ်စုသည် ကျိုက်ထိုမြို့နယ်၊ ဆောသုခီး (ကျောက်ဖျာ) ကျေးရွာအုပ်စုထဲသို့ ဂျက်ဖိုက်တာဖြင့် ပေါင်(၃၀၀)ဗုံး (၂)လုံး၊ ပေါင် (၅၀၀) ဗုံး ၁ လုံး ပစ်ခတ်ခဲ့သည်ဟု ကေအဲန်ယူ-သထုံခရိုင်က ထုတ်ပြန်ထားသည်။

ထို့အပြင် ထိုနေ့နံနက်အစောပိုင်းတွင် ချောင်းစောက်ရွာသစ် အပါအဝင် အနီးဝန်းကျင်ရွာများသို့ ဂျက်ဖိုက်တာနှင့် Y12 အသုံးပြု ဗုံးကြဲသွားခြင်းကြောင့် လူထုလုပ်ငန်းခွင်ထဲ ဗုံးကျည်များကျရောက် ပေါက်ကွဲခဲ့ရာ စိုက်ပျိုးပင်များ ပျက်စီးခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။

တစ်ချိန်တည်းတွင် အမှတ် (၄၄) ခြေမြန်တပ်မဌာနချုပ်နှင့် ပဲခူးတိုင်း၊ ဝေါမြို့နယ်၊ လက်ပံရွာရှိ စစ်အုပ်စု၏ တပ်စခန်းများမှ ၁၂၂ မမ လက်နက်ကြီး ၄ လုံး ပစ်ခတ်ခဲ့သလို အသေခံဒရုန်း ၄ စင်း ကျရောက်ပေါက်ကွဲမှုကြောင့် အရပ်သားပြည်သူများ၏ ဥယျာဉ်ခြံများအတွင်းရှိ စိုက်ပျိုးပင်များ ထိခိုက်ပျက်စီးမှု ရှိခဲ့ကြောင်း သထုံခရိုင်က ဆိုသည်။

Photo: CJ

စက်တင်ဘာ (၂၉) ရက် နံနက် ၇ နာရီ ၃၈ မိနစ်ခန့်တွင်လည်း စစ်အုပ်စု၏ စစ်အုပ်စု၏ ခြေမြန်တပ်မဌာနချုပ် အမှတ်(၄၄)နှင့် အမြှောက်တပ် အမတ(၃၁၀)တို့မှ ၁၂၀ မမ လက်နက်ကြီး ၆ လုံး ပစ်ခတ်ခဲ့သည်။ ထိုပစ်ခတ်မှုကြောင့် ဝေါ်ကေး (ဝင်းကံ) ကျေးရွာအုပ်စုနှင့် ခရော် (ခရွဲ) ကျေးရွာ အုပ်စုကြားရှိ ဝင်းကံရွာနှင့် ကျောက်ရေတွင်းရွာ အနီးတဝိုက်ရှိ အရပ်သား ပြည်သူများ၏ လုပ်ကိုင်စားသောက်ရာနေရာများသို့ ကျရောက် ပေါက်ကွဲခဲ့သေးသည်ဟုလည်း သထုံခရိုင်ဘက်က ပြောသည်။

ထိုနေ့တွင်ပင် အမှတ် (၄၄) ခြေမြန်တပ်မဌာနချုပ်မှ တကွီးပူ (ငှက်ပျောတော) ကျေးရွာအုပ်စု အတွင်းသို့ ၆၀ မမ လက်နက်ကြီး ၂ လုံး ထပ်မံပစ်ခတ်ခဲ့ရာ ငှက်ပျောတောရွာအနီးဝန်းကျင်ရှိ ဒေသခံလူထုများ၏ စိုက်ပျိုးဥယျာဉ်ခြံများအတွင်း ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။

ယခုစက်တင်ဘာအတွင်း ကေအဲန်ယူတပ်မဟာ (၁)နယ်မြေထဲတွင် နေ့စဉ်နီးပါး စစ်အုပ်စုက လေကြောင်းဖြင့် ထောက်လှမ်းမှု လုပ်ဆောင်နေပြီး လေယာဥ်ဗုံးကြဲတိုက်ခိုက်မှုနှင့်လက်နက်ကြီး ပစ်ခတ်မှုများကြောင့် လူထိခိုက်သေဆုံးမှုဖြစ်စဥ်များ မကြာခဏ ဖြစ်ပွားနေကြောင်းလည်း ဒေသခံများက ပြောသည်။