စက်တင်ဘာ (၃၀) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA ဆေးဌာနမှ ကြီးမှူးပြုလုပ်သည့် ငါးကြိမ်မြောက် ဆေးသင်တန်းဆင်းပွဲအခမ်းအနားကို ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ထိန်းချုပ်နယ်မြေတစ်နေရာတွင် ပြီးခဲ့သည့် စက်တင်ဘာ (၂၈) ရက်နေ့က ပြုလုပ်ကျင်းပခဲ့ရာ သင်တန်းတက်ရောက်သူ(၄၄)ဦး အောင်မြင်စွာ သင်တန်းဆင်းနိုင်ခဲ့ကြောင်း သိရသည်။
ကေအဲန်ယူ-ဗဟို၏ ယမန်နေ့(စက်တင်ဘာ ၂၉ ရက်နေ့) ထုတ်ပြန်ချက်အရ (၁)နှစ်ကြာမြင့်ခဲ့သည့် အဆိုပါသင်တန်းကို ခရိုင်အသီးသီးနှင့် မိတ်ဖက်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်သင်တန်းသူ/သားများ တက်ရောက်ခဲ့ကြသည်။ သင်တန်းပြီးမြောက်သူများအနေဖြင့် သက်ဆိုင်ရာဒေသအလိုက် ကျန်းမာရေးဝန်ဆောင်မှုပြန်ပေးနိုင်ရန် ရည်ရွယ်၍သင်တန်းပေးခြင်းဖြစ်ကြောင်းလည်း ဦးဆောင်သူက ဆိုသည်။
“ပြည်တွင်းမှာပဋိပက္ခတွေဖြစ်နေပြီး အဖက်ဖက်က ယိုယွင်းပျက်စီးနေတာကြောင့် လိုအပ်တဲ့ ကျန်းမာရေးကဏ္ဍတွေမှာ မိမိတတ်စွမ်းသလောက် အတူတကွပါဝင်လုပ်ဆောင်ကြဖို့ ကျနော်တို့မျှော်လင့်တယ်” ဟု KNLA ဆေးဌာန၏ ဒုတိယဌာနမှူး စောဝင်းကျော်က ပြောသည်။

ထို့အပြင် အနာဂတ်ဖယ်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးတွင် ညီညွှတ်မှုရှိစေရန် ရည်ရွယ်ပြီး အဆိုပါသင်တန်းတွင် ကရင်အပြင် အခြားတိုင်းရင်းသားများလည်း ပါဝင်စေခဲ့ကြောင်း KNLA ဆေးဌာနမှ သိရသည်။
စက်တင်ဘာ(၂၈)ရက်နေ့ကပြုလုပ်ခဲ့သည့် KNLA ၏ ငါးကြိမ်မြောက် သင်တန်းဆင်းပွဲအခမ်းအနားသို့ KNLA ဆေးဌာနမှ တာဝန်ရှိသူများ၊ သင်တန်းဆရာ၊ ဆရာမများအပြင် မိတ်ဖက်အဖွဲ့အစည်းများမှ ခေါင်းဆောင်များ တက်ရောက်ခဲ့ပြီး သင်တန်းပြီးမြောက်အောင်မြင်သူများအား ဂုဏ်ပြုအားပေးစကား ပြောကြားခဲ့သည်။
KNLA ဆေးဌာနကဦးဆောင်၍ ၂၀၂၁ ခုနှစ်ကတည်းက စတင်ဖွင့်လှစ်ခဲ့သည့် ဆေးသင်တန်းများကို တစ်ပတ်စဥ်လျှင် ပျှမ်းမျှလူ(၄၀)ဦး သတ်မှတ်သင်တန်းပေးခဲ့ခြင်းဖြစ်ရာ လက်ရှိ အပတ်စဥ်အထိ သင်တန်းတက်ရောက်သူ စုစုပေါင်း(၂၀၀)ဦးဝန်းကျင်အား သင်တန်းဆင်းပေးနိုင်ခဲ့ပြီးဖြစ်သည်။


















