Home တွေ့ဆုံမေးမြန်းခန်း “ကော်” ထိန်းသိမ်းမှုနှင့်ပတ်သက်၍ (KESAN) ဒါရိုက်တာ စောပေါလ်စိန်ထွား နှင့် တွေ့ဆုံမေးမြန်းချက်

“ကော်” ထိန်းသိမ်းမှုနှင့်ပတ်သက်၍ (KESAN) ဒါရိုက်တာ စောပေါလ်စိန်ထွား နှင့် တွေ့ဆုံမေးမြန်းချက်

18

“ကော်.. ဆိုတာ ကျနော်တို့ရဲ့ ဌာနေ ကရင်လူမျိုးတွေ နှစ်ပေါင်းရာချီ၊ ထောင်ချီ နေထိုင်လာခဲ့တဲ့ မိဘဘိုးဘွားတို့ရဲ့ နိုင်ငံ၊ ဒေသလို့ ပြောလို့ရပါတယ်။ ဒါကြောင့် သဘာဝတရားကို သန့်ရှင်းစွာ ထိန်းသိမ်းပြီး နောင်လာနောက်သားတွေအတွက် ရေရှည်တည်တံ့အောင် ကာကွယ်စောင့်ရှောက်ကြတာ ဖြစ်ပါတယ်။” စောပေါလ်စိန်ထွား (ဒါရိုက်တာ – KESAN)

“ကော်” ထိန်းသိမ်းမှုနှင့်ပတ်သက်၍ (KESAN) ဒါရိုက်တာ စောပေါလ်စိန်ထွား နှင့် တွေ့ဆုံမေးမြန်းချက်

( စက်တင်ဘာ ၁၁ရက်၊ ၂၀၂၆)

ဌာနေ ကရင်လူမျိုးတို့၏ သမိုင်းစဉ်ဆက် ထိန်းသိမ်းစောင့်ရှောက်လာခဲ့ကြသည့် “ကော်” (Kaw) ဆိုသည်မှာ ရေ၊ မြေ၊ တောတောင်နှင့် သဘာဝပတ်ဝန်းကျင်ကို မိဘဘိုးဘွားတို့လက်ထက်မှစ၍ စနစ်တကျ ကာကွယ်စောင့်ရှောက်ပုံဖော်လာခဲ့ကြသော နယ်မြေဒေသနှင့် ဓလေ့ထုံးတမ်း စီမံခန့်ခွဲ မှုစနစ်တစ်ခု ဖြစ်သည်။

လက်ရှိ စစ်ရေးဆိုင်ရာ ပဋိပက္ခများနှင့် သယံဇာတတူးဖော်ထုတ်ယူမှု စိန်ခေါ်မှုများကြားတွင် “ကော်” ၏ အဓိပ္ပာယ်၊ ကေအဲန်ယူ အုပ်ချုပ်နယ်မြေအတွင်း တရားဝင် အသိအမှတ်ပြု ဆောင်ရွက်နေမှုများ၊ စိန်ခေါ်မှုများနှင့် အနာဂတ်မျှော်မှန်းချက်များနှင့် ပတ်သက်၍ ကရင်သဘာဝပတ်ဝန်းကျင်နှင့် လူမှု‌ရေးဆိုင်ရာလှုပ်ရှားမှုကွန်ရက် (KESAN) ဒါရိုက်တာ စောပေါလ်စိန်ထွား နှင့် တွေ့ဆုံမေးမြန်းထားသည်များကို စုစည်းဖော်ပြလိုက်ပါသည်။

မေး။ ။ ပထမဦးဆုံးအနေနဲ့ (ကော်) ဆိုတဲ့ အဓိပ္ပာယ်ကို ရှင်းပြပေးပါဦး။
ဖြေ။ ။ “ကော်” ဆိုတာကတော့ ကျနော်တို့ရဲ့ ဌာနေ ကရင်လူမျိုးတို့ရဲ့ နှစ်ပေါင်းရာချီ၊ ထောင်ချီ နေထိုင် လာခဲ့တဲ့ မိဘဘိုးဘွားတို့ရဲ့ နိုင်ငံဒေသဆိုတာ ပြောလို့ရတယ်။ သူတို့ရဲ့ သမိုင်းနဲ့ မြေရာဒေသနဲ့ တစ်ရင်း တစ်နှီး ရှိခဲ့တဲ့အပြင် မြေနေရာတစ်ခုနဲ့တစ်ခုစီရဲ့ ရည်ရွယ်ချက်၊ အကြောင်းတွေကို သေချာနား လည်တယ်၊ (ဥပမာ) တောင်ယာခုတ်တဲ့နေရာဖြစ်စေ၊ တားမြစ်ထားတဲ့ တောင်ယာ ခုတ်နယ် မြေတွေဖြစ်စေ၊ ရေတက်နိုင်ခြေရှိတဲ့ သွားရောက်လုပ်ကိုင်စားသောက်လို့ မရတဲ့ မြေနေရာ တွေဖြစ်စေ၊ မြစ်၊ ရေချောင်းများနဲ့ တိရစ္ဆာန်ကျင်လည်ကျက်စားတဲ့နေရာတွေ စသဖြင့် ဒီနေရာတွေကို အရင်က တည်းက မိဘဘိုးဘွားတွေဟာ မြေနေရာဒေသတွေကို ကာကွယ်ထိန်း သိမ်းစောင့်ရှောက်ဖို့ ခေတ်အဆက်ဆက် တင်းကျပ်စွာ ဆက်ခံလာခဲ့တာပဲ ဖြစ်ပါတယ်။

မေး။ ။ “ကော်” တစ်ခု ဖြစ်လာဖို့အတွက် ဘယ်လိုပုံစံနဲ့ ဘယ်လိုနည်းလမ်းတွေကို ချမှတ်ထားပါသလဲ။
ဖြေ။ ။ အမှန်တကယ်တော့ “ကော်” ဆိုတာ အရင်ကတည်းက နှစ်ပေါင်းရာချီ၊ ထောင်ချီကြာ တည်ရှိထားပြီးသား ဖြစ်တယ်၊ ဒါပေမဲ့ ခုခေတ်မှာ စစ်ပွဲတွေကြောင့်ဖြစ်စေ၊ နေရာပြောင်း ရွှေ့ရတာကြောင့်ဖြစ်စေ၊ စစ်ရှောင်ရတာဖြစ်စေ အကြောင်းအမျိုးမျိုးကြောင့် ကြာလာတဲ့အခါမှာ “ကော်” ရဲ့ ပုံပန်းသဏ္ဌာန်တွေ၊ အုပ်ချုပ်တဲ့စနစ်တွေ၊ စည်းကမ်းနဲ့ လိုက်နာရမယ့် ထုံးတမ်း စဉ်လာတွေဟာ တဖြည်းဖြည်းနဲ့ ပျောက်ဆုံးလာတာ ဖြစ်ပါတယ်။ ဒီလိုအကြောင်းအရာတွေမကဘဲ ဘာသာတရားနဲ့ ယုံကြည်ရာကိုယ်စီတွေ ပြောင်းလဲသွားကြတာတွေအပေါ် မူတည်ပြီးတော့လည်း သူတို့ ထုံးတမ်းစဉ်လာတွေဟာ ပျောက်ကွယ်သွားတာမျိုးတွေလည်း ရှိတာဖြစ်ပါတယ်။

ဘာကြောင့်လဲဆိုတော့ “ကော်” ရဲ့ ပုံပန်းသဏ္ဌာန်တွေက ပုံမကျဘူးဆိုရင် သတ်မှတ်ချက်နဲ့ စာချုပ်တွေပေးတဲ့အခါမှာ ပျက်စီးဆုံးရှုံးမှုတွေ ဖြစ်လာနိုင်တယ်။ ဘာကြောင့် ဒီလိုပြောရလဲဆိုတော့ စာချုပ်သက်သေနဲ့တကွ သတ်သတ်မှတ်မှတ် ပေးပြီဆိုရင် ပေးခံရတဲ့သူဟာဆိုရင် တာဝန်ယူ၊ တာဝန်ခံမှုနဲ့ ကာကွယ်ထိန်းသိမ်းရေးမှာ ကြီးမားတဲ့တာဝန်ရှိသွားပြီဖြစ်တဲ့ အတွက်ကြောင့် ကျနော်တို့ဘက်က ယုံကြည်စိတ်ချရဖို့နဲ့ လက်ခံလို့ရတဲ့ အခြေအနေမျိုးဖြစ်ဖို့ရန် ညွှန်ကြားချက်တွေ ချရမှာဖြစ်ပါတယ်။

ကော်မတီချပေးထားတဲ့ ညွှန်ကြားချက်ဟာဆိုရင် “ကျနော် ဒီရွာက မြေယာကိုလိုချင်တယ် ပြောတဲ့အခါမှာ ခေါင်းဆောင် ၁ ယောက်၊ ၂ ယောက်နဲ့ ရေးပြီးတင်လိုက်တာမျိုး မဟုတ်ဘူး”။ ညွှန်ကြားချက်ပေးရတဲ့ ရည်ရွယ်ချက်က “ကော်” အတွက် အခြေခံကနေစပြီး စလုပ်ဖို့ဖြစ်တယ်။ ဥပမာ မြေယာထိန်းသိမ်းကာကွယ်ရေးနဲ့ ပတ်သက်ပြီး ရှေးခေတ်ကတည်းက မိဘဘိုးဘွားတွေ ဘယ်လိုအစဉ်အလာနဲ့ လုပ်လာခဲ့လဲဆိုတာရယ်၊ သမိုင်းနဲ့ ဘယ်လိုဆင်းသက်လာလဲ၊ ဘယ်လောက်ကြာ ပြီလဲဆိုတာတွေ စသဖြင့် သမိုင်းတွေကို ခုခေတ်နဲ့အညီ ဘာတွေပြောင်းလဲ ပျောက်ကွယ်သွားတာတွေ ရှိလဲကအစ လေ့လာသင်ယူ ရေးသားရမှာ ဖြစ်ပါတယ်။

ဒီအရာတွေ လုပ်ဆောင်တဲ့အခါမှာ ခေါင်းဆောင်တွေ သာမကဘဲ လူကြီး၊ လူငယ်၊ ကျား၊ မ မရွေး အားလုံးအတူတူ ဆွေးနွေးတိုင်ပင်တာမျိုး ရှိရမယ်။ KNU ကနေ ချမှတ်ပေးထားတဲ့ အစီအစဉ်အရ ရွာလူကြီးတွေလည်း ပါဝင်ရမယ်၊ တစ်ဆင့်ပြီးတစ်ဆင့် လုပ်ပြီးတဲ့အခါမှာ မြေယာတိုင်းထွာတာတွေ လုပ်ရမယ့်အပေါ်မှာ KNU ဆီ လျှောက်ရမှာဖြစ်ပါတယ်။ ပြီးတာနဲ့ အဆင်သင့်ဖြစ်ပြီဆိုရင် အဖွဲ့ခေါင်းဆောင်ကနေတစ်ဆင့် မြို့နယ်အုပ်ချုပ်ရေးမှူး၊ ခရိုင်မှူးမှတစ်ဆင့် ဌာနချုပ်သို့ အဆင့်ဆင့် တင်ပြရမှာဖြစ်ပါတယ်။ ပြည်သူလူထုတွေက အခြေခံကနေစပြီးတော့ တစ်ဆင့်ချင်းစီ လုပ်သွားတဲ့ အတွက်ကြောင့်မို့လို့ လုပ်ဆောင်ချက်တိုင်းမှာ စည်းလုံးညီညွတ်မှုတွေရှိမယ်၊ စိတ်အားထက်သန်မှုတွေ ရှိလာမယ်။

ဒါ့အပြင် ရွာသားတွေဟာ တစ်ယောက်နဲ့တစ်ယောက် သဘောထား ကွဲလွဲတာမျိုးတွေလည်း ရှိလာနိုင် မယ်ဆိုတော့ ပြဿနာအပေါ်မှာ ဆွေးနွေးတိုင်ပင်ပြီး ဖြေရှင်းနိုင်မှာ ဖြစ်ပါတယ်။ ဒီအတွက်ကြောင့် စတင်တည်ဆောက်တဲ့အခါမှာ တစ်ပါတည်း စီမံအုပ်ချုပ်ရေး ကော်မတီတွေနဲ့ စာချုပ်ထဲမှာ သေချာစွာ လုပ်ထားရမှာ ဖြစ်ပါတယ်။ ထိုမှသာ KNU ဌာနချုပ် မြေယာကော်မတီကနေပြီးတော့ လက်ခံသဘောတူညီမှု ပေးမှာဖြစ်ပါတယ်။

မေး။ ။ ဌာနေတိုင်းရင်းသားများရဲ့ “ကော်” ဆိုတာက သစ်တောကြိုးဝိုင်းနဲ့ ဘယ်လိုကွာခြားပါသလဲ။
ဖြေ ။ ။ ဒီနှစ်ခုရဲ့ ကွာခြားချက်ကတော့ ကြိုးဝိုင်းဆိုတာက ကာကွယ်ထားတဲ့ နယ်မြေဒေသဖြစ်တယ်။ ဥပမာ သစ်တောထိန်းသိမ်းရေးဖြစ်စေ၊ တိရစ္ဆာန်ထိန်း သိမ်းစောင့်ရှောက်ရေးဖြစ်စေ သဘာဝတရားအလျောက် ထိန်းသိမ်းထားတဲ့ နေရာမျိုးဖြစ်ပြီးတော့ ဥပဒေအရ အစိုးရကနေ တာဝန်ယူပြီး ထိန်းချုပ်ထားတာမျိုး ဖြစ်ပါတယ်။

“ကော်” ရဲ့ အဓိကလုပ်ဆောင်ပုံကတော့ ဌာနေတိုင်းရင်းသားတွေက တာဝန်ယူထိန်းသိမ်းတာမျိုး ဖြစ်တယ်။ သူတို့ရဲ့ ထုံးစံစဉ်လာအရ တစ်ခုတည်းနဲ့ လုပ်တာမျိုး မဟုတ်ဘဲ သစ်တော ထိန်းသိမ်း ရေးဆိုင်ရာ အဖွဲ့အစည်းတွေနဲ့လည်း အတူတကွ လုပ်ဆောင်တာဖြစ်ပါတယ်။ KNU ရဲ့ ကူညီ ဆောင်ရွက်ညွှန်ကြားချက်အောက်မှာ သူတို့နှစ်ဖက် အတူတကွ ပူးပေါင်းလုပ်ရခြင်း အကြောင်း မှာလည်း နှစ်ဦးနှစ်ဖက်လုံးဟာ စည်းမျဉ်းစည်းကမ်းတွေအရ လုပ်ဆောင်ရမှာ ဖြစ်တယ်။ ဥပမာ “ကော်” ထဲမှာ သစ်လာခုတ်တာမျိုးတွေမှာဆို ခွင့်ပြုချက်မပါဘဲ လာရောက်လုပ်ဆောင်တာမျိုး မရဘူး။

ဒါကြောင့် ဌာနေတိုင်းရင်းသားတွေနဲ့ သစ်တောထိန်းသိမ်းရေးဆိုင်ရာ အဖွဲ့အစည်းတွေ အတူတကွ ပူးပေါင်းဆောင်ရွက်တဲ့အခါမှာ ဌာနေတိုင်းရင်းသားတွေအနေနဲ့ ပိုပြီး စိတ်အားထက်သန်တာမျိုးတွေ ရှိလာမယ်၊ လုပ်ဆောင်နိုင်မယ့် အခွင့်အရေးနဲ့ တာဝန်တွေလည်း များစွာရှိလာမှာ ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ တချို့နေရာဒေသတွေမှာရှိတဲ့ သစ်တောကြိုးဝိုင်းဖြစ်စေ၊ တိရစ္ဆာန်ကြိုးဝိုင်းဖြစ်စေ ဒါတွေကို KNU ဘက်က ထိန်းသိမ်းစောင့်ရှောက်မှုတွေ မရောက်ရှိနိုင်တဲ့ နေရာတွေမှာ ရွာသားတွေနဲ့ ကြိုးဝိုင်းတို့က အတူတကွ ပူးပေါင်းလုပ်ဆောင်ကြတာမျိုးတွေ ရှိတာကို “အတူတကွ ပူးပေါင်းဆောင်ရွက်ခြင်း” လို့ ခေါ်ပါတယ်။

မေး။ ။ ဌာနေတိုင်းရင်းသားရဲ့ “ကော်” လို့ ပြောလိုက်တာနဲ့ အိမ်ခြေ ဘယ်လောက်အတိုင်းအတာ ရှိရမလဲဆိုတာမျိုးရော ရှိပါသလား၊ ပြောပြပေးပါအုံး။
ဖြေ ။ ။ “ကော်” တစ်ခုထဲမှာ ရွာတစ်ခုစီထဲမှာ အိမ်ခြေဘယ်လောက် ရှိရမလဲဆိုတာ မသတ် မှတ်ထားပါဘူး။ ဒါပေမဲ့ အနည်းဆုံးတော့ ရွာတစ်ရွာ ရှိရမှာပေါ့နော်။ ရွာတစ်ရွာမှ မရှိရင် ရွာပျက်လို့ ခေါ်တာဖြစ်တယ်၊ ဥပမာ.. ရွာခံတွေက တခြားနယ်မြေဒေသသို့ ပြောင်းရွှေ့ သွားတာမျိုးဖြစ်စေ၊ ဒုက္ခသည်စခန်းသို့ ပြောင်းရွှေ့သွားတာမျိုးဖြစ်စေ၊ ဦးဆောင်နေတဲ့ ခေါင်းဆောင်တွေ မရှိတော့တာဖြစ်စေ စသဖြင့်တို့ ရှိတာဖြစ်ပါတယ်။

ဒါကြောင့် ရွာတစ်ရွာလောက်တော့ အနည်းဆုံး ရှိရမှာဖြစ်ပါတယ်။ ဥပမာ ရွာတွေအများကြီးရှိတဲ့ “ကော်” ကိုပြောပါဆိုရင် မူတြော်(ဖာပွန်)ခရိုင်မှာရှိတဲ့ “ကော်” မှာဆိုရင် ရွာပေါင်း ဆယ်ကျော် ရှိပါတယ်။ နောက်ပိုင်းမှာလည်း စစ်ဘေးကြောင့်ဖြစ်စေ၊ ပြောင်းရွှေ့နေထိုင်တာတွေဖြစ်စေ အကြောင်းအမျိုးမျိုးကြောင့် ရွာတွေက များလာတာမျိုးနဲ့ ကြီးလာတာမျိုးတွေ ရှိလာတာ ဖြစ်ပါတယ်။

မေး။ ။ “ကော်” တစ်ခုချင်းစီအတွင်းမှာ ကိုယ်ပိုင်အုပ်ချုပ်ရေးနဲ့ စီမံခန့်ခွဲရေးတာဝန်တွေကို ကိုယ်တိုင် တည်ဆောက်ချမှတ်ထားတာကို သိရပါတယ်။ ဒီအကြောင်းအရာကို နည်းနည်း ရှင်းပြပေးပါ။
ဖြေ ။ ။ “ကော်” ထဲမှာရှိတဲ့ မြေကြီး၊ သစ်ပင်ကြီးများ၊ တောရိုင်းတိရစ္ဆာန် ဒါတွေကို စီမံခန့်ခွဲတာတွေ တိတိကျကျ ရှိပါတယ်။ ဒီအရာတွေဟာ အစိုးရရဲ့ စာရွက်စာတမ်းတွေပေါ်မှာ ရေးမှတ်ထားခြင်းမျိုး မဟုတ်ဘဲသားစဉ်မြေးဆက် အဆက်ဆက်ကို နှုတ်အားဖြင့်သွန်သင်ပေးတာ၊ ကဗျာအလင်္ကာတွေနဲ့ သွန်သင်တာနဲ့ သူတို့ရဲ့ မှတ်ဉာဏ်ထဲမှာ ရှိနေတာ စသဖြင့် ဖြစ်ပါတယ် ။ သက်ကြီးရွယ်အိုတွေရဲ့ မှတ်ဉာဏ်ထဲမှာ “ကော်” ရဲ့ နယ်နိမိတ်တွေက ဘယ်မှာရှိလဲဆိုတာ သူတို့ သိကြတယ်။

ဌာနေတိုင်း ရင်းသားတွေက ၇ နှစ်၊ ၁၀ နှစ် အကြာလောက်ဆိုရင် သူတို့ရဲ့ “ကော်” ကို ပြန်ပြီးခုတ်ထွင်ပါတယ်။ နောင်လာနောင်သားတွေက သူတို့ရဲ့ “ကော်” ဘယ်နေရာမှာရှိတာကို မှတ်မိဖို့ သူတို့ရဲ့ “ကော်” ကို ပြန်ခုတ်ထွင်တယ်။ သူတို့ “ကော်” ကို ပြန်လည်သစ်လွင်စေကြတယ်။ “ကော်” ကို ပြန်ခုတ်ထွင်တဲ့အခါမှာ အနီးအနားမှာရှိတဲ့ “ကော်” တွေက လူတွေက သူတို့ကို လာရောက်ကြိုဆိုကြပြီး ဝိုင်းဖွဲ့အရက်သောက်ကြ၊ ကဗျာလင်္ကာတွေ ရွတ်ဆိုကြပြီး ပွဲခံကြပါတယ်။

ဆိုတော့ သူတို့မှာ အဲဒါနဲ့ ပတ်သက်တဲ့ မှတ်ဉာဏ်ရှိပြီး ကဗျာအလင်္ကာတွေ၊ ဆောင်ရန်ရှောင်ရန်တွေနဲ့ ထိန်းသိမ်းကြတယ်။ ဆောင်ရန်ရှောင်ရန် ဆိုတာက ဥပမာ ကိုယ်ဝန်ရှိနေတဲ့ တိရစ္ဆာန်တစ်ကောင်ကို ပစ်သတ်လို့မရဘူး၊ ပစ်မိပါက သင့်အပေါ် အပြစ်သက်ရောက်လာလိမ့်မယ်၊ ဥပမာ အောက်ချင်းငှက်ကို မပစ်ရဘူး၊ ပစ်ပါက အမ၊ အကောင်ပါ အတူတူ လိုက်သေလိမ့်မယ် စသဖြင့် ညွှန်ကြားချက်တွေ ရှိပါတယ်။ အဲညွှန်ကြားချက်တွေကို ကဗျာလင်္ကာ၊ လက်ဆင့်ကမ်းစကား၊ ဥပမာစကား စသဖြင့် လက်ဆင့်ကမ်းလာကြတယ်။

တောင်ယာခုတ်ထွင်ရာမှာ ဘယ်လိုနေရာသဏ္ဌာန်တွေကို ရှောင်ရမှာလဲ စသဖြင့် ရှိပါတယ်။ ဥပမာ လယ်ယာခုတ်ထွင်တဲ့အခါ တောင်တန်းတစ်ခုနဲ့ တစ်ခုကြားက ဆက်ပေးတဲ့နေရာကို ရှောင်ရပါတယ်။ အဲဒီနေရာဟာ အစပ်ကြားဖြစ်လို့ တောင်ယာခုတ်ရာမှာ ချန်လှပ်ထားရမှာဖြစ်တယ်။ ဒါကြောင့် သူတို့ ဆီမှာ တိကျတဲ့ စည်းကမ်းချက်တွေ ရှိတာဖြစ်တယ်။ သူတို့က လူမှုရေးကိုလည်း အလေးထားတယ်။ လူမှုရေးပိုင်းမှာလည်း ဖြောင့်မှတ်မှန်ကန်မှု၊ သန့်ရှင်းစင်ကြယ်မှု ရှိရမယ်။ မကောင်းတဲ့ လုပ်ရပ် တွေဖြစ်တဲ့ သူတစ်ပါး သားမယားကို ဖောက်ပြားကျူးလွန်တာ ၊ လူသတ်တာ၊ ခိုးတာ နဲ့ လက်မထပ်ခင် အတူနေမိတာ စတာတွေဟာ လူမှုရေးဆိုင်ရာ လေးနက်တဲ့အမှုတွေဖြစ်တယ်လို့ သူတို့ သဘောထားတယ်။

ဌာနေတိုင်းရင်းသားတွေ နဲ့ “ကော်” ဆက်စပ်မှုဟာ အဲဒီယုံကြည်ချက်တွေနဲ့သက်ဆိုင်တယ်။ ငါဟာ ကောင်းမွန်စွာ မနေထိုင်ပါက ငါ့ရဲ့ “ကော်” ကို ပိုပြီး ပူစေမယ်လို့ ယုံကြည်တယ်။ ပိုပြီးတော့ ပူစေမယ်ဆိုတာက ဥပမာ- မုန်တိုင်းတိုက်လာနိုင်တယ်၊ မြေကြီးတွေ ပျက်စီးလာမယ်၊ မကောင်း တဲ့အရာတွေ ရောက်လာမယ် စသဖြင့် ဖြစ်လာနိုင်တာကြောင့် သန့်ရှင်းစွာ နေထိုင်ရမယ်၊ အမှားတစ်ခုခု လုပ်မိရင်လည်း နယ်မြေအေးချမ်းအောင် ပြန်လုပ်ရမှာ ဖြစ်ပါတယ်။

အပြစ်ပြန်ဖြေဖို့ အရင်ခေတ်က နွားနဲ့ ကျွဲတို့နဲ့ အပြစ်ပြန်ဖြေတာမျိုး လုပ်ရတာ ဖြစ်တယ်။ ဒါပေမဲ့ ဒီခေတ်မှာတော့ “ကော်” ရဲ့ စည်းမျဉ်းတွေကတော့ လျှော့ချပေးထားတာမျိုးတွေ ရှိတာပေါ့နော်။ တချို့နေရာဒေသတွေမှာတော့ စည်းမျဉ်း တင်းကျပ်တာမျိုးတွေလည်း ရှိနိုင်တယ်၊ တချို့ ဒေသတွေမှာတော့ ဒီခေတ်နဲ့အညီ ပြောင်းလဲလာမှုတွေရှိတဲ့အပေါ် မူတည်ပြီး လိုက်လျောညီထွေမှု ရှိအောင် လုပ်ထားတာမျိုးလည်း ရှိပါတယ်။

မေး။ ။ KNU နယ်မြေထဲမှာ “ကော်” အဖြစ် သတ်မှတ်ထားတဲ့ နယ်မြေတွေ စုစုပေါင်း ဘယ်လောက်ရှိပါသလဲ။ ပြီးတော့ အဲဒီ “ကော်” တွေဟာ အများအားဖြင့် ဒေသမှာ တည်ရှိပါသလဲ။
ဖြေ။ ။ “ကော်” ဆိုတာ ကရင်အမျိုးသားတော်လှန်ရေး မစတင်ခင်ကတည်းက ရှိခဲ့တာဖြစ်တယ်။ ဒါပေမဲ့ နယ်မြေတည်ငြိမ်မှုရှိအောင် ကေအဲန်ယူဘက်ကနေ အသိအမှတ်ပြုလက်မှတ်ထုတ်ပေးတဲ့အပေါ်မှာ အဆင့်တစ်ခုချင်းစီ နောက်လိုက်ရမယ်။ ဒီတော့ အခုချိန်မှာ သတ်မှတ်ထားတဲ့ “ကော်” ဟာ ၃၈ ခု ရှိပြီဖြစ်ပါတယ်။ ပထမဆုံးတစ်ခါမှာ “ကော်” ၅ ခု ပေးတယ်၊ ခုနောက်ဆုံးတစ်ခါမှာတော့ ၃၃ ခု ပေးတာဖြစ်ပါတယ်။

“ကော်” အများဆုံးရှိတဲ့ဒေသက တောအူး(တောင်ငူ)ခရိုင် (သောသီတောအူး) မှာရှိတယ်၊ ဒုတိယတစ်ခုကတော့ မူတတြော်ခရိုင်မှာ ဖြစ်ပါတယ်။ ဒီခရိုင်တွေမှာ ဌာနေကရင်လူမျိုးတွေ အများ စုရှိတာဖြစ်ပြီး အဖွဲ့များစွာလည်း ရှိတဲ့ခရိုင်တွေ ဖြစ်ပါတယ်။ တောအူးခရိုင်မှာ “ကော်” ၂၇ ခုရှိပြီး မူတြော်ခရိုင်မှာ “ကော်” ၁၁ ခု ရှိတာပဲဖြစ်ပါတယ်။

ဒါပေမဲ့ ကေအဲန်ယူ မြေယာမူဝါဒထဲမှာ တချို့ မှတ်ပုံမတင်ထားတဲ့ “ကော်” တွေမှာ ဌာနေတိုင်းရင်းသားတွေဟာ သူတို့ကိုယ်ပိုင် ကာကွယ်စောင့်ရှောက်ထိန်းသိမ်းဖို့အခွင့်အရေး အပြည့်အဝရှိပေမဲ့ ဒီထက်စိတ်ပိုချရတဲ့ နည်းလမ်းနဲ့ လုပ်ချင်ပါက မှတ်ပုံတင်ဖို့ လျှောက်ထားနိုင်တာ ဖြစ်ပါတယ်။ ဒါပေမဲ့ ဌာနေတိုင်းရင်းသားတွေရဲ့ “ကော်” ကို ဘယ်သူကမှ သွားရောက်နှောင့်ယှက်လို့ မရတဲ့အတွက် ကေအဲန်ယူဘက်ကနေပြီးတော့လည်း တစ်ခုခုလုပ်မယ်ဆိုရင် ရွာခံတွေနဲ့ တိုင်ပင်ဆွေးနွေးပြီးမှ လုပ်တာမျိုး ဖြစ်ပါတယ်။

သို့ပေမဲ့ အတည်တကျ လုပ်ထားတာက မြေယာစာချုပ်၊ ပုံ စတာတွေနဲ့ ဆောင်ရွက်မှာဖြစ်တယ်။ ဥပမာ ရွာခံတွေဟာ နောက်ပိုင်း မြေနေရာလုယူမှုတွေ ဖြစ်လာခဲ့မယ်ဆိုရင် ပြဿနာကို အလွယ်တကူ ဖြေရှင်းနိုင်အောင် သက်သေစာချုပ်တွေနဲ့ ရှိထားမယ်ဆိုရင် ပိုပြီး စိတ်ချရမှာ ဖြစ်ပါတယ်။

မေး။ ။ ၂၀၂၁ အာဏာသိမ်းမှုဖြစ်ပွားတဲ့နောက်ပိုင်း KNU အုပ်ချုပ်နယ်မြေထဲမှာ မြေအောက်သယံဇာတ တူးဖော်ထုတ်ယူမှုတွေကြောင့် ဌာနေတိုင်းရင်းသားတွေရဲ့ “ကော်” ထိန်းသိမ်းရေးအပေါ် ဘယ်လို သက်ရောက်မှုနဲ့ စိန်ခေါ်မှုတွေ ဖြစ်ပေါ်နေပါသလဲ။
ဖြေ။ ။ နောက် အားလုံးသိရှိကြတဲ့အတိုင်း ၂၀၂၁ ခုနှစ် စစ်အုပ်စုက အာဏာသိမ်းပြီးနောက်ပိုင်း တစ်နိုင်ငံလုံး စစ်ရေးပဋိပက္ခများ ပြန်လည်ဖြစ်ပွားလာခဲ့တဲ့အတွက်ကြောင့် စစ်အကျိုးဆက်အနေနဲ့ ကုန်ကျမှုတွေ၊ ပျက်စီးဆုံးရှုံးမှုတွေဖြစ်ပြီး နောက်ပိုင်း တော်လှန်ရေးအဖွဲ့အစည်းတွေက မြေအောက်သယံဇာတတွေ တူးဖော်ထုတ်ယူခြင်းဖြင့် မှီခိုရတာကိုလည်း အားလုံးက သိရှိထားပြီးသား ဖြစ်ပါတယ်။

ဒါကို မှီခိုအားထားရခြင်းမှာ အရေးပေါ် လိုအပ်ချက်တွေကြောင့် ဖြစ်ပါတယ်။ ဥပမာအားဖြင့် လက်နက်ကြီးကျရောက်တဲ့အချိန်မှာ မိမိကိုယ်ကို ကာကွယ်နိုင်ဖို့၊ စစ်သည်တွေနဲ့ လူနာတွေကို သယ်ယူပို့ဆောင်ရာမှာ လမ်းကြောင်းတွေ ဖောက်လုပ်ပေးဖို့၊ အစားအသောက်တွေ ပို့ဆောင်ဖို့ စတဲ့ လိုအပ်ချက်တွေရှိပါတယ်။ အဲဒီအပြင် နိုင်ငံခြားက အကူအညီတောင်းခံဖို့ အခက်အခဲရှိသလိုပဲ ပြည်သူ လူထုထံက အခွန်ကောက်ခံဖို့လည်း မဖြစ်နိုင်တဲ့အတွက် သဘာဝတရားက ပေးအပ်ထားတဲ့ သယံဇာတတွေကိုသာ မှီခိုအားထားပြီး လုပ်ဆောင်ကြရတာဖြစ်ပါတယ်။

ဒီလို အရေးပေါ်လိုအပ်ချက်တွေအတွက် လုပ်ဆောင်ရာမှာ စိန်ခေါ်မှုတွေ ရှိခဲ့ပေမယ့်လည်း နှစ်ဖက် အပြန်အလှန် နားလည်မှုနဲ့ ဖြေရှင်းနိုင်ခဲ့ပါတယ်။ ဌာနေတိုင်းရင်းသားတွေအနေနဲ့လည်း အဲဒီ လုပ်ဆောင် မှုတွေရဲ့ လိုအပ်ချက်တွေကို နားလည်ပေးခဲ့ကြပါတယ်။ အကြောင်းကတော့ KNU ဘက်က လိုအပ်တဲ့ လုပ်ဆောင်မှုတွေ မပြုလုပ်ရင် သူတို့တွေရဲ့ နေ့စဉ်လူမှုဘဝအတွက် အခက်အခဲတွေ ဖြစ်ပေါ်လာနိုင်သလို လုံခြုံရေးအတွက်လည်း လိုအပ်ချက်တွေ ရှိနေအတွက်ကြောင့် ဖြစ်ပါတယ် ။ ဒါကြောင့် နှစ်ဖက်အကြား အပြန်အလှန် နားလည်မှုတွေရှိခဲ့ကြတာဖြစ်ပါတယ်။

ဒါပေမဲ့ ဌာနေတိုင်းရင်းသားတွေ၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့နဲ့ မြေယာ ကော်မတီအဖွဲ့တွေအနေနဲ့ မြေအောက်သယံဇာတတွေကို တူးဖော်ရာမှာ သင့်လျော်မှန်ကန်တဲ့ နည်းလမ်းတွေနဲ့ KNU ရဲ့ စည်းမျဉ်းများနဲ့အညီ တဖြည်းဖြည်း ပိုမိုကောင်းမွန်လာစေဖို့ လုပ်ဆောင် သွားမှာဖြစ်ပါတယ်။ ဒါ့အပြင် သဘာဝပတ်ဝန်းကျင်အပေါ် ထိခိုက်မှုများ လျော့နည်းစေဖို့နဲ့ ဌာနေတိုင်းရင်းသားတွေနဲ့ ပြည်သူလူထုအတွက် ရေရှည်တည်တံ့ခိုင်မြဲတဲ့ ဖွံ့ဖြိုးတိုးတက်မှု ဖြစ်စေဖို့ ဆက်လက်လုပ်ဆောင်သွားမှာဖြစ်ပါတယ်။

မေး။ ။ အနာဂတ်ကာလမှာ “ကော်” အနေနဲ့ ဆက်လက်တည်ရှိနိုင်ဖို့အတွက် ဆရာတို့ဘက်က လုပ်ဆောင်မယ့် အစီအစဉ်တွေ ဘယ်လို ချမှတ်ထားပါသလဲ။
ဖြေ- “ကော်” အနေနဲ့ ဆက်လက်တည်ရှိနိုင်ဖို့အတွက် သက်သေစာချုပ် ပြုလုပ်ရတာက ရွာသား တွေအနေနဲ့ သဘာဝပတ်ဝန်းကျင်ကို အချင်းချင်း ပူးပေါင်းထိန်းသိမ်းနိုင်ဖို့နဲ့ သူတို့ရဲ့ အသက်မွေး ဝမ်းကြောင်းများ ရေရှည်တည်တံ့ခိုင်မြဲစေဖို့ ရည်ရွယ်တာဖြစ်ပါတယ်။ အဓိကအားဖြင့် အစား အစာဖူလုံမှုရှိစေဖို့၊ ရာသီဥတု အပူအအေးမျှတမှုကို ထိန်းသိမ်းနိုင်ဖို့နဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအပေါ် အသိပညာနဲ့ သတိပြုမှုတွေ ပိုမိုရှိလာစေဖို့ ရည်ရွယ်ပါတယ်။ အဲဒီအပြင် ဒေသခံ တွေရဲ့ အသက်မွေးဝမ်းကြောင်းလုပ်ငန်းတွေ ပိုမိုတိုးတက်ကောင်းမွန်လာစေဖို့အတွက်လည်း အစီအစဉ်တစ်ရပ်အနေနဲ့ ဆောင်ရွက်တာဖြစ်ပါတယ်။

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းတွေကို တစ်ဦးတစ်ဖွဲ့တည်းနဲ့ ဆောင်ရွက်လို့ မရတဲ့အတွက် အားလုံး ပူးပေါင်းလက်တွဲဆောင်ရွက်တာက အရေးကြီးပါတယ်။ ဒါ့အပြင် လိုအပ်တဲ့ ဒေသတွေမှာ သစ်ပင်နဲ့ ဝါးပင်တွေ ပြန်လည်စိုက်ပျိုးတဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းတွေကိုလည်း ဆောင်ရွက်သွားဖို့ ရည်ရွယ်ပါတယ်။