Home သတင်း NCA ညှိနှိုင်းစဉ်ကာလကဲ့သို့ တွေ့ဆုံဆွေးနွေးပွဲပုံစံ ပုံဖော်ရန် 7 EAO Alliance ကြိုးပမ်းမည်

NCA ညှိနှိုင်းစဉ်ကာလကဲ့သို့ တွေ့ဆုံဆွေးနွေးပွဲပုံစံ ပုံဖော်ရန် 7 EAO Alliance ကြိုးပမ်းမည်

18
Photo: 7 EAO Alliance

စက်တင်ဘာ (၂၉) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးမှုများကို အများလက်ခံနိုင်ပြီး အဓိပ္ပာယ်ပြည့်ဝသောငြိမ်းချမ်းရေး ရုပ်လုံးမပေါ်သေးမီ အချိန်ကာလအထိ အပစ်ရပ် NCA စာချုပ် ညှိနှိုင်းစဉ်ကာလကဲ့သို့ အခင်းအကျင်း ဖြစ်ပေါ်လာအောင် ကြိုးပမ်းရန်ဆန္ဒရှိကြောင်း 7 EAO Alliance က ယနေ့ (စက်တင်ဘာလ ၂၉ ရက်) တွင် ထုတ်ပြန်သည်။

စစ်အုပ်စု၏ငြိမ်းချမ်းရေးဖော်ဆောင်မှုကော်မတီ(NSPNC)နှင့် NCA အပစ်ရပ်အဖွဲ့များ ရန်ကုန်မြို့တွင် ယနေ့စတင်ပြုလုပ်သည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဆိုင်ရာ ပြန်လည်သုံးသပ်ခြင်း တတိယအကြိမ်မြောက် တွေ့ဆုံဆွေးနွေးပွဲ အမှာစကားတွင် အဖွဲ့ခေါင်းဆောင် ဗိုလ်မှူးကြီး စိုင်းငင်း က ထိုသို့ထည့်သွင်းပြောဆိုထားခြင်း ဖြစ်သည်။

အပစ်ရပ် တိုင်းရင်းသားလက်နက်ကိုင်(၇)ဖွဲ့ပါဝင်သည့် ၎င်းတို့ 7 EAO Alliance အနေဖြင့် လူအများလက်ခံနိုင်ပြီး အဓိပ္ပာယ်ပြည့်ဝသောငြိမ်းချမ်းရေးလုပ်ငန်းစဉ် မပေါ်ပေါက်ခင်အထိ တွေ့ဆုံဆွေးနွေးရေးကို NCA စာချုပ် ညှိနှိုင်းဆွေးနွေးစဉ်ကာလ ဆွေးနွေးမှုများကဲ့သို့ ကြိုးပမ်းလိုသည်ဟု ထုတ်ပြန်ချက်တွင် ဆိုသည်။

ငြိမ်းချမ်းရေးလုပ်ငန်းစဥ်များ ပုံမှန်စတင်နိုင်ရေး တတ်နိုင်သလောက်ကြိုးပမ်းနေသလို ၎င်းတို့၏ ငြိမ်းချမ်းရေးဖော်ဆောင်မှုအား အခြားတိုင်းရင်းသားလက်နက်ကိုင်များ နားလည်နိုင်ရန် လုပ်ဆောင်နေကြောင်းလည်း ထည့်သွင်းပြောဆိုသွားသည်။

Photo: 7 EAO Alliance

နှစ်ရက်ကြာမြင့်မည့် ယခုတတိယအကြိမ်မြောက်ဆွေးနွေးပွဲသည် ပြီးခဲ့သည့်ဇူလိုင်လ၊ တတိယအပတ်က ဆွေးနွေးပွဲနှင့်ဆက်စပ်နေပြီး ထိုပွဲမှနှစ်ဖက်အဖွဲ့အဆိုပြုချက်များကို ဆက်လက်ဆွေးနွေး၊ သဘောထားစုစည်းသွားကြရန်ရှိကြောင်း သိရသည်။

အာဏာသိမ်းပြီးနောက် မူလက စစ်အုပ်စုနှင့် NCA အပစ်ရပ်လက်မှတ်ထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် (၁၀) ဖွဲ့ပူးပေါင်းထားသော မဟာမိတ်အဖွဲ့အတွင်း သဘောထားကွဲလွဲမှုများ ဖြစ်လာခဲ့ပြီး စစ်အုပ်စုနှင့်ငြိမ်းချမ်းရေးဆက်လက်ဆွေးနွေးလိုသည့် (၇)ဖွဲ့ က မဟာမိတ်အဖြစ် ကျန်ရှိနေသည်။

ထို့နောက် ၂၀၂၄ ခုနှစ်တွင် 7 EAO Alliance အဖြစ်ပြောင်းလဲဖွဲ့စည်းလိုက်ပြီးနောက် အဖွဲ့လိုက်ဖြစ်စေ၊ တစ်ဖွဲ့ချင်းဖြစ်စေ စစ်ခေါင်းဆောင်ဦးဆောင်သော အစိုးရအဖွဲ့နှင့် ငြိမ်းချမ်းရေးဆွေးနွေးမှုများ ယနေ့အချိန်ထိ ဆက်လက်လုပ်ဆောင်လာကြောင်း သိရသည်။