Home သတင်း အမေရိကန်ဒေါ်လာ ၂ ဘီလီယမ် နီးပါးရှိ လူသားချင်းစာနာမှုအကူအညီ ရရှိမည့်နိုင်ငံများတွင် မြန်မာ ပါဝင်

အမေရိကန်ဒေါ်လာ ၂ ဘီလီယမ် နီးပါးရှိ လူသားချင်းစာနာမှုအကူအညီ ရရှိမည့်နိုင်ငံများတွင် မြန်မာ ပါဝင်

13
Photo: KWO, US Embassy (Yangon)

စက်တင်ဘာ (၂၉) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

အမေရိကန်ဒေါ်လာ ၂ ဘီလီယံ(သိန်းပေါင်း ၂ သောင်း)နီးပါးတန်ဖိုးရှိသည့် ကမ္ဘာ့ကျန်းမာရေးနှင့် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီအသစ်များ လက်ခံရရှိမည့် နိုင်ငံများစာရင်းတွင် မြန်မာနိုင်ငံလည်း ပါဝင်ကြောင်း အမေရိကန်သံရုံး(ရန်ကုန်)က ယမန်နေ့ (စက်တင်ဘာ ၂၈ ရက်) တွင် ထုတ်ပြန်သည်။

အဆိုပါ အကူအညီများကို ယုံကြည်စိတ်ချရသည့် ဘာသာရေးအခြေပြုအဖွဲ့များနှင့် လူမှုအဖွဲ့အစည်းများမှတစ်ဆင့် အကူအညီလိုအပ်နေသည့် ပြည်သူများထံ အဓိကပေးအပ်သွားမည်ဟု သံရုံး၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထိုသို့ အကူအညီများပေးအပ်ခြင်းသည် လူ့အသက်များကို ကယ်တင်နိုင်ရုံသာမက ရေရှည်တည်ငြိမ်မှုကို အားကောင်းစေပြီး အမေရိကန်ပြည်သူများအတွက် ပိုမိုဘေးကင်းလုံခြုံသည့် အခြေအနေများ ဖြစ်ပေါ်လာစေရန် အထောက်အကူပြုမည်ဖြစ်ကြောင်းလည်း သံရုံးက ဆိုသည်။

Photo: KWO, US Embassy (Yangon)

ထို့အပြင် ထိရောက်သောရလဒ်ရှိသည့် အကူအညီပေးရေးအဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် အမှန်တကယ် အကူအညီလိုအပ်နေသည့် ဒေသများသို့ အမေရိကန်၏ အရင်းအမြစ်များ ပိုမိုရောက်ရှိစေရန် ဆောင်ရွက်နေကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

အမေရိကန်အစိုးရအနေဖြင့် အခွန်ထမ်းပြည်သူများ၏ ငွေကြေးများကို တာဝန်ယူမှုရှိရှိ စီမံခန့်ခွဲနေပြီး အခက်အခဲများနှင့် ရင်ဆိုင်နေရသည့် မြန်မာပြည်သူများ အရေးတကြီး အကူအညီလိုအပ်နေချိန်တွင် လိုအပ်သည့် အကူအညီများ ပေးအပ်သွားမည်ဖြစ်သည်ဟု ဆိုသည်။

သို့ရာတွင် အကူအညီများကို နိုင်ငံအလိုက် မည်မျှခွဲဝေပေးမည်နှင့် မြန်မာနိုင်ငံတွင် မည်သည့်အဖွဲ့အစည်းများမှတစ်ဆင့် ပေးအပ်သွားမည်ဟူသည့် အသေးစိတ်အချက်အလက်များကိုမူ သံရုံးက ထည့်သွင်းဖော်ပြခြင်းမရှိပေ။