Home သတင်း ဖူးခက်မြို့သူ နီနီရွိုင်ရယ် (၂၁) ကြိမ်မြောက် AGT ပြိုင်ပွဲတွင် အမြင့်ဆုံးဆုရရှိ

ဖူးခက်မြို့သူ နီနီရွိုင်ရယ် (၂၁) ကြိမ်မြောက် AGT ပြိုင်ပွဲတွင် အမြင့်ဆုံးဆုရရှိ

54
Photo & Reference: Thai News

စက်တင်ဘာ (၂၄) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

ထိုင်းနိုင်ငံ၊ ဖူးခက်မြို့သူ အသက် (၁၆) နှစ်အရွယ် နီနီရွိုင်ရယ်သည် (၂၁) ကြိမ်မြောက် America’s Got Talent (AGT) ၏ အမြင့်ဆုံးဆုကို သိမ်းပိုက်ရရှိခဲ့ပြီး ကမ္ဘာကျော်အဆိုတော်တစ်ဦး၏ လမ်းကြောင်းကို စတင်တော့မည်ဖြစ်ကြောင်း ထိုင်းသတင်းများတွင် အကျယ်တဝင့်ဖော်ပြသည်။

လူငယ်ဂစ်တာသမား နီနီရွိုင်ရယ်သည် America’s Got Talent ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရသည့် ပထမဦးဆုံး ထိုင်းနိုင်ငံသားဖြစ်ခဲ့ပြီး ပြိုင်ပွဲ၏ အမြင့်ဆုံးဆုကိုပါ ဆွတ်ခူးနိုင်ခဲ့ကြောင်း သိရသည်။

ပြိုင်ပွဲနောက်ဆုံးအဆင့်တွင် မက္ကဆီကို အမျိုးသမီးရော့ခ်တီးဝိုင်း The Warning နှင့်အတူ The White Stripes ၏ “Seven Nation Army” သီချင်းကို တီးခတ်ယှဉ်ပြိုင်ခဲ့ပြီး အခြားပြိုင်ဘက် ၉ ဦးကို အနိုင်ယူကာ အမြင့်ဆုံးဆုကို နီနီရွိုင်ရယ်က ရရှိခဲ့သည်။

ပြိုင်ပွဲအပြီးရလဒ်မကြေညာခင်တွင်လည်း ၎င်းက ယခင်ကတည်းက အတူတီးခတ်ရန် မျှော်လင့်ထားခဲ့သည့် ကမ္ဘာကျော် ရော့ခ်တီးဝိုင်း Linkin Park နှင့်အတူ “The Emptiness Machine” သီချင်းကို အထူးဧည့်သည်တော်အဖြစ် ပူးပေါင်းတီးခတ်ဖျော်ဖြေခဲ့သည်ဟု ထိုင်းသတင်းများက ဆိုသည်။

အသက် ၇ နှစ်အရွယ်ကတည်းက ဂစ်တာ စတင်တီးခတ်ခဲ့သည့် နီနီရွိုင်ရယ်သည် AGT ပြိုင်ပွဲမတိုင်ခင် ဖူးခက်မြို့၏ လူစည်ကားရာ ဈေးများတွင် ဖျော်ဖြေတီးခတ်ခဲ့ဖူးသူလည်းဖြစ်သည်။

ကမ္ဘာ့အဆင့်မီ အနုပညာရှင်တစ်ဦး ဖြစ်လိုသော သူမသည် AGT ပြိုင်ပွဲအပြီးတွင်လည်း ဂီတကို ဆက်လက်လေ့ကျင့်ကာ သီချင်းများ ဖန်တီးသွားမည်ဖြစ်ကြောင်းနှင့် ကမ္ဘာ့အဆင့်မီ အနုပညာရှင်တစ်ယောက်အဖြစ် နိုင်ငံတကာတွင် လှည့်လည်ဖျော်ဖြေလိုကြောင်း ပြောဆိုထားသည်။

AGT ပြိုင်ပွဲမဝင်မီ ၂၀၂၃ ခုနှစ်တွင် နီနီရွိုင်ရယ်က Overdrive Guitar Contest ပြိုင်ပွဲ၌ ဒုတိယဆု ရရှိခဲ့ဖူးသလို၊ ၂၀၂၅ ခုနှစ်တွင်လည်း King Power Band Competition ပြိုင်ပွဲတွင် ထူးချွန်ဂီတသမားဆုတို့ကိုပါ ရရှိခဲ့ဖူးသည်။ ထို့အပြင် ဖူးခက်အခြေစိုက် OZONE တီးဝိုင်းနှင့်အတူ ဖျော်ဖြေခဲ့ဖူးပြီး ထိုင်းတီဗီအစီအစဉ်တစ်ခုဖြစ်သည့် Super 10 တွင်လည်း ပါဝင်ပြသခဲ့ဖူးကြောင်း သိရသည်။

ထို့အတူ AGT နောက်ဆုံးအဆင့် ယှဥ်ပြိုင်မှု မသွားရောက်မီ ထိုင်းနိုင်ငံ၏ အကြီးစားစီးပွားရေး လုပ်ငန်းစုတစ်ခုဖြစ်သည့် CP ဥက္ကဌက နေနေရွိုင်ရယ်နှင့် သူမ၏မိသားစုကို ဘတ် ၃၄ သန်းခန့် တန်ဖိုးရှိ ကွန်ဒိုတစ်ခုလက်ဆောင်ပေးခဲ့ပြီး သူမ၏ ဂစ်တာသမားအိပ်မက်ကို ပုံဖော်နိုင်ရန် အသိအမှတ်ပြုမှု လက်ဆောင်ဖြစ်သည်ဟု ဆိုသည်။