Home ဆောင်းပါး ၂၀၂၁ ခုနှစ် အာဏာမသိမ်းမီ ယခင်ပုံစံအတိုင်း ပြန်လည်ရောက်ရှိနိုင်ရေး လုပ်ဆောင်ပေးပါ

၂၀၂၁ ခုနှစ် အာဏာမသိမ်းမီ ယခင်ပုံစံအတိုင်း ပြန်လည်ရောက်ရှိနိုင်ရေး လုပ်ဆောင်ပေးပါ

28

၂၀၂၁ ခုနှစ် အာဏာမသိမ်းမီ ယခင်ပုံစံအတိုင်း ပြန်လည်ရောက်ရှိနိုင်ရေး လုပ်ဆောင်ပေးပါ

မောင်ကျော်စွာ

(၂၀ -၉-၂၀၂၆)

ဗီယက်နမ်နဲ့ ကမ္ဘောဒီးယား ခရီးစဉ်မှာ အတုယူ အားကျစရာတွေ မင်းအောင်လှိုင် တွေ့ခဲ့မြင်ခဲ့ရတယ်။ တိုင်း ပြည်တည်ငြိမ်အေးချမ်းသာယာမှု၊ ပြည်သူက အစိုးရအပေါ် အလေးထား ယုံကြည်မှု ဘယ်လောက်အရေးပါတယ် ဆိုတာကို ဗီယက်နမ်နဲ့ ကမ္ဘောဒီးယားခရီးစဉ်မှာ မတူတဲ့ အတိုင်းအတာနဲ့ မင်းအောင်လှိုင်ရဲ့ ခေါင်းထဲကို ဝင်သွားခဲ့ပုံရ တယ်။

“မိမိတို့နိုင်ငံနှင့် ဗီယက်နမ်နိုင်ငံတို့အနေဖြင့် ရိုးရာယဉ်ကျေးမှုဓလေ့ထုံးစံနှင့် သက်ဝင်ယုံကြည်မှုများ၊ လွတ် လပ်ရေးကြိုးပမ်းမှုသမိုင်းကြောင်းများ တူညီမှုရှိပြီး နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး တည်ဆောက်ရာတွင်လည်း အခက် အခဲများစွာကို ကြုံတွေ့ကျော်ဖြတ်ခဲ့ကြရတယ်” ဆိုတဲ့ မရှက်မကြောက်၊ မတန်မရာ ကြေးတန်းညှိပြီးပြောတဲ့ စကား ကိုတော့ “မပြောရဲတာ မလုပ်ရဲတာ ဘာမရှိတဲ့” သူဆိုတော့ ဘေးမဲ့ပေးထားရမယ့်သဘောပါပဲ။

ဗီယက်နမ်နဲ့ ကမ္ဘောဒီးယားက ပြန်လာတော့ မင်းအောင်လှိုင် ပြက်ပြက်ထင်ထင် မြင်လာသိလာပုံရတဲ့အထဲ မှာ ငါစိတ်ကြိုက်အာဏာသိမ်း၊ ငါစိတ်ကြိုက်ရွေးကောက်ပွဲလုပ်ပြီး ငါ့ကိုယ်ငါ သမ္မတ ခန့်ပေမယ့် တိုင်းပြည် တည်ငြိမ် အေးချမ်းမှုလည်း မျှော်လင့်သလို ရရှိမလာ၊ ပြည်သူကလည်း အယုံအကြည်မရှိ ပြည်ပရင်းနှီးမြှုပ်နှံမှုတွေကလည်း ခေါ်သလောက် မလာကြ၊ ပြည်တွင်း စိုက်ပျိုးမွေးမြူရေးနဲ့ ကုန်ထုတ်လုပ်မှုတွေလည်း ဘာမှ ဖြစ်ဖြစ်မြောက်မြောက် မလုပ်နိုင်ပါလား ဆိုတဲ့အချက်တွေက ထိပ်ဆုံးက ပါလိမ့်မယ်လို့ ယူဆပါတယ်။

ဒါ့အပြင် အမေရိကန်ပြည်ထောင်စုသမ္မတ မစ္စတာဒေါ်နယ်ထရန့်ရဲ့ အီရန်အပေါ် အကြမ်းဖက်ကျူးကျော် ဗိုလ် ကျတိုက်ခိုက်မှုတွေနဲ့ ကမ္ဘာ့စီးပွားကုန်သွယ်ရေးမှာ အခြားနိုင်ငံများက အမေရိကန်သို့တင်သွင်းတဲ့ ကုန်ပစ္စည်းတွေအ ပေါ် “စည်းကြပ်ခွန်”ကို လက်နက်သဖွယ် ကျင့်သုံးနေမှုကြောင့် တိုက်ရိုက်ဆင့်ကဲ ပေါ်ပေါက်လာနေတဲ့ ကမ္ဘာနဲ့အဝန်း မသေချာ မရေရာမှုတွေက မင်းအောင်လှိုင်ရဲ့ စိတ်ကူးယဉ်အိပ်မက် ဆပ်ပြာပူဖေါင်းတွေကို မညှာမတာ ထိုးဖောက်ပစ် နေပြန်ပါတယ်။

သူ့ရဲ့ငြိမ်းချမ်းရေးညှိနှိုင်းရေးလက်ထောက် ဗိုလ်ရာပြည့်ပါးစပ်ကနေ ပြောခိုင်းတဲ့အထဲမှာ “မိမိတို့နိုင်ငံအနေ ဖြင့် အဓိကလိုအပ်ချက်မှာ စီးပွားရေးဖြစ်ကြောင်း၊ စီးပွားရေးဖော်ဆောင်ရန်မှာလည်း ငြိမ်းချမ်းရေးသည် အဓိကဖြစ် ကြောင်း” ဆိုတဲ့ အချက်ပါရှိလာပါတယ်။

ပြဿနာက “ငြိမ်းချမ်းရေး” ဘယ်နည်းလမ်းနဲ့ ရယူမလဲဆိုတဲ့ ကိစ္စဖြစ်ပါတယ်။ (မဆလ)စစ်အုပ်စု ပြိုကျသွား ပြီးနောက် စစ်အုပ်စုအာဏာ အမွေဆက်ခံလာတဲ့ (နဝတ -နအဖ) စစ်အုပ်စုအုပ်စိုးမှုကာလကနေ ၂၀၂၁ခုနှစ် ဖေဖေါ် ဝါရီလ မင်းအောင်လှိုင်စစ်အုပ်စု အာဏာမသိမ်းမီကာလအထိဖြစ်တဲ့ ၁၉၈၉ခုနှစ် မှ ၂၀၂၆ခုနှစ် စက်တင်ဘာအထိ ကျင့်သုံးနေတဲ့ နည်းလမ်းတွေနဲ့တော့ “ငြိမ်းချမ်းရေး” ရရှိနိုင်စရာလမ်း လုံးလုံး မမြင်မိပါဘူး။

နိုင်ငံရေးပါတီ ၃၂ပါတီနဲ့ တွေ့ဆုံပွဲမှာ (NSPNC)ဘက်က ထုတ်ဖော်ပြောဆိုလာတာတွေထဲမှာ အောက်ပါအ ချက် (၂)ခုကို သတိပြုမိပါတယ်။
– ပဋိပက္ခဖြစ်ပွားနေသည့် ဒေသများအား ယခင်ပုံစံအတိုင်း ပြန်လည်ရောက်ရှိနိုင်ရေး
– “လက်ရှိပဋိပက္ခအတွင်း ပေါ်ပေါက်လာသည့် လက်နက်ကိုင်အဖွဲ့သစ်များနှင့် ဆက်သွယ်နိုင်မည့်နည်းလမ်းများ”
ဒီအချက် (၂) က ရေရှည်တည်တံ့နိုင်မယ့် “ငြိမ်းချမ်းရေး” ရရှိစေနိုင်မှာ မဟုတ်ပါဘူး။

“ပဋိပက္ခဖြစ်ပွားနေသည့် ဒေသများအား ယခင်ပုံစံအတိုင်း ပြန်လည်ရောက်ရှိနိုင်ရေး” ဆိုတဲ့ (NSPNC)ရဲ့ တောင်းဆိုချက်နဲ့ပတ်သက်ပြီး “မဖြစ်နိုင်သည်များကို တောင်းဆိုနေမည့်အစား ခေတ်စနစ်နှင့်ကိုက်ညီသည့်ဖြစ်သင့်၊ ဖြစ်နိုင်သည်များကိုသာ ညှိနှိုင်းတောင်းဆိုကြပါ”လို့ အဖြေပေးလိုက်ရင် မင်းအောင်လှိုင်တို့ မိုက်ဖော်ဆိုးဖက် ဆရာ တပည့်တွေ နာသာခံခက် ဖြစ်ကုန်ကြမယ်ထင်ပါတယ်။

ဒါမှမဟုတ် အာဏာသိမ်း မင်းအောင်လှိုင်ကို “တိုင်းပြည်နဲ့ပြည်သူကို ၂၀၂၁ ခုနှစ် အာဏာမသိမ်းမီ ယခင် ပုံစံ အတိုင်း ပြန်လည်ရောက်ရှိနိုင်ရေး” လုပ်ဆောင်ပေးပါလို့ တောင်းဆိုလာခဲ့မယ်ဆိုရင် မင်းအောင်လှိုင်တို့ စစ်အုပ်စုက ဘယ်လိုတုန့်ပြန်ကြမလဲ။

“လက်ရှိပဋိပက္ခအတွင်း ပေါ်ပေါက်လာသည့် လက်နက်ကိုင်အဖွဲ့သစ်များ” ဆိုတာကတော့ အင်မတန်ကို ယေဘုယျအကျဆုံး စာစီထားတဲ့ စကားစုပါပဲ။
“လက်ရှိပဋိပက္ခအတွင်း ပေါ်ပေါက်လာသည့် လက်နက်ကိုင်အဖွဲ့သစ်များ” ဆိုတာဟာ အကျိုးဆက်ရလဒ် တစ်ခုမျှသာဖြစ်ပါတယ်။ ၂၀၂၁ ခုနှစ် မင်းအောင်လှိုင်စစ်အုပ်စုရဲ့ အာဏာသိမ်းပိုက်မှုကနေ တိုက်ရိုက်ဆင့်ကဲ ပေါ်ထွက် လာတဲ့ ရလဒ်သာဖြစ်ပါတယ်။

ဟုတ်ပြီ။ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲမှာ “မဲ မသမာမှု ရှိတယ်”။
ရှိတယ်ဆိုရင် မဲမသမာမှုကိစ္စကို တိုက်ရိုက် စီမံဆုံးဖြတ်ကိုင်တွယ်ရမယ့် တာဝန်အရှိဆုံး အဖွဲ့အစည်းဟာ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် (UEC) သာဖြစ်ပါတယ်။ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ပုဒ်မ (၄၀၂) မှာ “ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်၏ ဆုံးဖြတ်ချက်နှင့် ဆောင်ရွက်ချက်များသည် (final and conclusive) အပြီးအပြတ် အတည်ဖြစ်စေရမည်” လို့ အတိအလင်း ပြဋ္ဌာန်းထားပါတယ်။

တကယ်တော့ “မဲ မသမာမှု” ဆိုတာ ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ကြတဲ့ နိုင်ငံရေးပါတီတွေအကြားက အကြောင်းချင်းရာ ပြဿနာသာ ဖြစ်ပါတယ်။

တပ်မတော်နဲ့ ကာကွယ်ရေးဦးစီးချုပ်နဲ့ တိုက်ရိုက် ပတ်သက်စရာအကြောင်း တစုံတရာမှ မမြင်မိပါဘူး။ “မဲ မသမာမှု” ဆိုတာ ထိုစဉ်က ကာကွယ်ရေးဦးစီးချုပ်နဲ့ အာဏာရအစိုးရ (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရ) အကြား အပေးအယူ လုပ်ပြီး ဆွေးနွေးညှိနှိုင်းရမယ့် နိုင်ငံရေးပြဿနာလည်း (လုံးဝ) လုံးဝ မဟုတ်ပါဘူး။

လူလွှတ် စာပေးပြီး အကျပ်ကိုင်ခဲ့တာ ဘယ်သူလဲ။ ဖွဲ့စည်းပုံအခြေခံဥပဒေကို ကျော်လွန်ပြီး တပ်မတော်ကို ခုတုံးလုပ်ပြီး အာဏာသိမ်းပိုက်ခဲ့တာ ဘယ်သူလဲ။

“လက်ရှိပဋိပက္ခအတွင်း ပေါ်ပေါက်လာသည့် လက်နက်ကိုင်အဖွဲ့သစ်များ” ဆိုတာ အဲဒီလို မိုက်မိုက်ကန်းကန်း မဆင်မခြင်နဲ့ မလုပ်ရဲတာ ဘာမှမရှိလို့ ကြွေးကြော်ပြီး လုပ်ဆောင်ခဲ့မှုကြောင့် တိုက်ရိုက်ပေါ်ထွက်လာတဲ့ ရလဒ်တွေထဲ က တစ်ခုသာဖြစ်ပါတယ်။

ဒါကြောင့် လက်နက်ကိုင်အဖွဲ့သစ်များနဲ့ “ဆက်သွယ်နိုင်မည့်နည်းလမ်းတွေ” ကို ယောက်မခါးကြားထိုးထားတဲ့ မင်းအောင်လှိုင်စစ်အုပ်စုက ဘာကြောင့် နိုင်ငံရေးပါတီတွေကို ရှာခိုင်းနေအုံးမှာလဲ။

မင်းအောင်လှိုင်ဟာ သူစိုက်ပျိုးခဲ့သမျှကို ရိတ်သိမ်းနေရတာပဲဖြစ်ပါတယ်။ ဘယ်သူမပြု မိမိမှု ဆိုတဲ့ စကားလို ပါပဲ။ ကြံ့ဖွံ့ပါတီနဲ့ စစ်အုပ်စုအကြား လက်ဝါးချင်းရိုက်ပြီး လုပ်ကြံ ဖန်တီးဖော်ထုတ်ခဲ့တဲ့ “မဲ မသမာမှုကြောင့် အာဏာ သိမ်းပိုက်ရတယ်”ဆိုတဲ့ အမှိုက်ပုံကစ လောင်တဲ့မီးဟာ စစ်အုပ်စုသားစဉ်မြေးဆက် အာဏာတည်တံ့ခိုင်မြဲရေး ပြဿဒ်နန်းဆောင်ကြီးကို အရှိန်နဲ့ ကူးစက်လောင်မြိုက်နေတာပါ။

ဒါကိုငြိမ်းသတ်နိုင်ဖို့ မင်းအောင်လှိုင် စစ်အုပ်စုက “စစ်မှုထမ်းဥပဒေ”နဲ့ လူငယ်တွေကို စစ်ထဲအဓမ္မဆွဲသွင်းပြီး သေတွင်းဆီ တွန်းပို့နေပါတယ်။ တိုင်းပြည်အနှံ့ စစ်ကြောင်းထိုး ဗုံးကြဲနေပါတယ်။ “လက်ရှိ ပဋိပက္ခအတွင်း ပေါ်ပေါက် လာသည့် လက်နက်ကိုင်အဖွဲ့သစ်များ”ကို ဖြိုခွဲ ဖဲ့ထုတ်နိုင်ဖို့ ကောက်ကောက်ကျစ်ကျစ် ကြံစည်လုပ်ဆောင်လာနေပြန် ပါတယ်။

မင်းအောင်လှိုင်စစ်အုပ်စုရဲ့ ဒီလိုသဘောထား ဒီလုပ်ရပ်တွေနဲ့တော့
– တိုင်းပြည်တည်ငြိမ်အေးချမ်းမှုရရှိရေး
– နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှုရရှိရေး

ဆိုတဲ့ ရည်မှန်းချက် (၂ )ရပ် ဘယ်တော့မှ ပေါက်မြောက် ရရှိနိုင်လိမ့်မယ် မဟုတ်ပါ။
ပြည်တွင်းပြည်ပ အကျပ်အတည်းပေါင်းစုံဆိုက်ပြီး အကြံကုန်နေဟန်ရှိတဲ့ မင်းအောင်လှိုင်ဟာ “မဖြစ်နိုင် သည်များကို တောင်းဆိုနေမည့်အစား” ဆိုတဲ့စကားကို ရင့်ရင့်သီးသီး ပြောဆိုနေခဲ့ရာကနေ အခုတော့ “ဖြစ်နိုင်သည် များကို တောင်းဆိုခြင်း၊ မဖြစ်နိုင်သည်များကို ညှိနှိုင်းခြင်းတို့ဖြင့် နိုင်ငံ့အကျိုးကိုကြည့်၍ ဆောင်ရွက်သွားကြရန်” ဆိုတဲ့စကားနဲ့ လေပြေထိုး ဘွာခတ်လာပြန်ပါတယ်။ ဒါကြောင့် စစ်အုပ်စုရဲ့ပရိယာယ်ကို သတိရှိကြပါလို့ အလေးအ နက်တိုက်တွန်းလိုက်ပါရစေ။