Home ဆောင်းပါး သတင်းအချက်အလက်မှန်ကန်မှုမှ ရရှိသော အကျိုးအမြတ် – သိမြင်နားလည်မှု၏တန်ဖိုး

သတင်းအချက်အလက်မှန်ကန်မှုမှ ရရှိသော အကျိုးအမြတ် – သိမြင်နားလည်မှု၏တန်ဖိုး

23

The Integrity Dividend: The Value of Knowing

သတင်းအချက်အလက်မှန်ကန်မှုမှ ရရှိသော အကျိုးအမြတ် – သိမြင်နားလည်မှု၏တန်ဖိုး

By David Walmsley, President, World Editors Forum, Editor in Chief, Globe and Mail | Mariya Gabriel, Assistant Director-General for Communication and Information at UNESCO | Liz Corbin, Director of News, European Broadcasting Union.

ကျွန်တော်တို့တွေ သတင်းအချက်အလက်ရှားပါးနေတာမဟုတ်ပါဘူး။ အခုလောက်များပြားတဲ့ သတင်းအချက်အလက်တွေလည်း မရရှိခဲ့ဖူးပါဘူး။ ဒါပေမယ့် ကမ္ဘာတစ်ဝန်း ရင်ဆိုင်နေရတဲ့ အခက်အခဲက “ဘာတွေ အမှန်တကယ်ဖြစ်ပျက်ခဲ့တာလဲ” ၊ “ဘယ်သူတွေက ဘာတွေကို ဆုံးဖြတ် ခဲ့တာလဲ “ ၊ “ ဒီသတင်းအချက်အလက်က မှန်ရဲ့လား” စတဲ့ ရိုးရှင်းတဲ့ မေးခွန်းလေးတွေကို ဖြေဆိုဖို့ ခက်ခဲနေတာပါ။

ဒါကျွန်တော်တို့ခေတ်ရဲ့ စိန်ခေါ်မှုပါပဲ။ သမိုင်းတစ်လျှောက် ဆက်သွယ်ချိတ်ဆက်မှု အားအကောင်းဆုံး လူအဖွဲ့အစည်းတွေလည်း ရှုပ်ထွေးမှု၊ လှည့်ဖြားထိန်းချုပ်မှုနှင့် အပြန်အလှန်ယုံကြည်မှု လျော့နည်း သွားမှုတို့ အလွယ်တကူ ခံရနိုင်သော လူ့အဖွဲ့အစည်းများထဲတွင် ပါဝင်ကြပါတယ်။ သတင်းအချက် အလက်မှန်ကန်ခြင်းကို တာဝန်ခံမှုထက် အချက်အလက်တွေပိုပြီး မြန်မြန်ဆန်ဆန်ပြန့်နှံ့ရောက်ရှိဖို့ကို အလေးပေးလာကြပါတယ်။ ဒစ်ဂျစ်တယ်ပလက်ဖောင်းများရဲ့ အယ်လ်ဂိုရီသမ်တွေကလည်း တိကျမှန်ကန်မှုထက် စိတ်လှုပ်ရှားစရာ အကြောင်းအရာများကို ပိုပြီးအလေးပေး ဖော်ပြလာပါတယ်။

လူလုပ်ဥာဏ်ရည်တု (AI) တွေကလည်း ယုံကြည်လက်ခံချင်စရာကောင်းတဲ့ မဟုတ်မမှန် အချက်အလက်တွေကို ဖန်တီးပေးပါတယ်။ ဒီလိုမျိုး ပတ်ဝန်းကျင်မှာ အမှန်တရားကိုသိရှိပိုင်ခွင့်ဆိုတာ ပွင့်လင်းမြင်သာမှု သတ်သတ်မဟုတ်တော့ဘဲ သတင်းအချက်အလက် လွတ်လပ်မှု၏ အသက်သွေး ကြောဖြစ်လာပါတော့တယ်။

လက်ရှိဖြစ်ပျက်နေတဲ့အခြေအနေတွေ၊ သင့်နာမည်ကိုအသုံးပြုပြီး လုပ်ဆောင်နေတဲ့ကိစ္စရပ်များကို သေချာနားလည်သဘောမပေါက်ပါက လိမ်လည်လှည့်ဖြားမှုတွေ ပိုမိုများပြားလာပြီး မကောင်းတဲ့ ရည်ရွယ်ချက်ရှိသူတွေက ဘာတာဝန်ခံမှုမှမရှိဘဲ လူအများကို အလွယ်တကူ မှားယွင်းယုံကြည်အောင် လှည့်ဖြားနိုင်ကြမှာဖြစ်ပါတယ်။

သတင်းအချက်အလက်သိရှိခွင့်ကို ဆုံးရှုံးလိုက်ရတဲ့အခါ လူ့အဖွဲ့အစည်းက အားနည်းပြီး ခုခံကာ ကွယ်နိုင်စွမ်း မဲ့သွားပါတယ်။ Access Now နှင့် #KeepltOn မဟာမိတ်အဖွဲ့တို့၏ မှတ်တမ်းများ အရ ၂၀၂၅ ခုနှစ်တွင် နိုင်ငံပေါင်း ၅၂ နိုင်ငံတွင် အင်တာနက် ဖြတ်တောက်ခံရမှု ၃၁၃ ကြိမ် ကြုံတွေ့ရပြီး အဆိုပါအရေအတွက်က ယနေ့အထိ မှတ်တမ်းတင်ထားသမျှအနက် အမြင့်ဆုံး အရေအတွက် ဖြစ်ပါတယ်။ ဆက်သွယ်ရေး သို့မဟုတ် အင်တာနက်ဖြတ်တောက်ခြင်းက သတင်းစာပညာဆိုင်ရာ လုပ်ငန်းများကို အဟန့်အတားဖြစ်စေပြီး၊ လူမှုအသိုင်းအဝိုင်းရဲ့အသံတွေကို တိတ်ဆိတ် သွားစေတဲ့ အပြင် လူများ၏အသက်ကယ်တင်နိုင်သည့်အရေးကြီးသော သတင်းအချက်အလက်များကိုပင် ရယူနိုင်ခြင်း မရှိအောင် တားဆီးပိတ်ပင်လိုက်ခြင်းပဲ ဖြစ်ပါတယ်။

သတင်းအချက်အလက် ရယူသိရှိခွင့်ဆိုင်ရာ ဥပဒေများက သတင်းအချက်အလက် ယုံကြည် စိတ်ချ ရမှုနှင့် မှန်ကန်တိကျမှုကို ထောက်ကူထိန်းသိမ်းပေးနေတဲ့ အခြေခံမဏ္ဍိုင်တစ်ရပ်ဖြစ်ပါတယ်။ UNESCO ၏ နောက်ဆုံး စောင့်ကြည့်လေ့လာမှုစစ်တမ်းများအရ တိုးတက်မှုများကိုလည်း တွေ့မြင် ရပါတယ်။ UNESCO ၏ ၂၀၂၅ ခုနှစ် စစ်တမ်းအရ နိုင်ငံပေါင်း ၁၄၁ နိုင်ငံတွင် သတင်းအချက်အလက် ရယူသိရှိခွင့်ကို ဥပဒေအရ အာမခံထားကြောင်း တွေ့ရှိရပါတယ်။

သို့သော်လည်း ဥပဒေတစ်ရပ်ပြဋ္ဌာန်းထားခြင်းတစ်ခုတည်းက လက်တွေ့အကောင်အထည် ဖော်နိုင်ခြင်းဟု မဆိုနိုင်ပါ။ နိုင်ငံအများအပြားတွင် စောင့်ကြည့်ထိန်းသိမ်းမှု၊ အယူခံဝင်မှုစနစ်၊ ဥပဒေ အတည်ပြု အရေးယူဆောင်ရွက်မှု၊ မှတ်တမ်းထိန်းသိမ်းမှုနှင့် ဒေတာစီမံခန့်ခွဲမှုတို့တွင် လက်တွေ့ အားဖြင့် အားနည်းချက်များရှိနေဆဲဖြစ်ပါတယ်။ စစ်တမ်းတွင် ပါဝင်သော နိုင်ငံများအနက် ၅၁ နိုင်ငံသည် မှတ်တမ်းထိန်းသိမ်းရေးစနစ်များ သို့မဟုတ် လုပ်ထုံးလုပ်နည်းများ ရှိကြောင်း တင်ပြခဲ့သော်လည်း သက်ဆိုင်ရာ မှတ်တမ်းအချက်အလက်များကို ပြသပေးနိုင်ခြင်း မရှိခဲ့ပါ။

သတင်းအချက်အလက် ရယူသိရှိခွင့်ဆိုင်ရာ ကော်မရှင်နာများနှင့် အခြားစောင့်ကြည့်ကြပ်မတ်ရေး အဖွဲ့အစည်းများသည် ဥပဒေအရ ပြဋ္ဌာန်းချက် အခွင့်အရေးများကို အမှန်တကယ် အကောင် အထည်ဖော်နိုင်သော အခွင့်အရေးများအဖြစ် ပြောင်းလဲပေးကြပါတယ်။ သို့သော်လည်း အားနည်းသောလုပ်ပိုင်ခွင့်များ၊ ခန့်အပ်မှုနှောင့်နှေးခြင်း၊ ဘတ်ဂျက်လျော့ချခံရခြင်း၊ နိုင်ငံရေး ဝင်ရောက်စွက်ဖက်မှုများ၊ အာဏာလုပ်ပိုင်ခွင့်များ ကန့်သတ်ခံရခြင်းနှင့် လွတ်လပ်စွာ ဆောင်ရွက်နိုင်မှု အပေါ် ဖိအားပေး တိုက်ခိုက်မှုများကြောင့် ထိရောက်စွာ လုပ်ဆောင်နိုင်ရန် အခက်အခဲများ ကြုံတွေ့နေရပါတယ်။ သတင်းအချက်အလက် ရယူသိရှိခွင့်စနစ် ထိရောက်စွာလုပ်ဆောင်နိုင်ရန် ထိုအဖွဲ့အစည်းများကို ဥပဒေအရ အကာအကွယ်ပေးထားရမည်ဖြစ်ပြီး၊ လုံလောက်သော အာဏာလုပ်ပိုင်ခွင့်များနှင့် လိုအပ်သော အရင်းအမြစ်များကို ပံ့ပိုးရမည်ဖြစ်ပါတယ်။ ထို့အပြင် မသင့်လျော်သော ဖိအားများနှင့် ဩဇာလွှမ်းမိုးမှုများမှလည်း ကာကွယ်ပေးရမည် ဖြစ်ပါတယ်။

UNESCO နှင့် Centre for Law and Democracy တို့၏ ၂၀၂၅ ခုနှစ် စမ်းစစ်လေ့လာမှုက သတင်း အချက်အလက်ရယူသိရှိခွင့်ဆိုင်ရာ ဥပဒေများ၏ လက်တွေ့ အကောင်အထည်ဖော်မှုတွင် ကွာဟချက် ရှိနေသည်ကို ထပ်မံအတည်ပြုနိုင်ခဲ့ပါတယ်။ နိုင်ငံပေါင်း ၇၆ နိုင်ငံသို့ တူညီသော သတင်းအချက် အလက်တောင်းခံမှု ၁၄၆ ခု ပေးပို့ခဲ့ရာ ၃၈ ရာခိုင်နှုန်းထံမှ ခိုင်လုံတိကျသော ပြန်လည်ဖြေကြား ချက်မရရှိခဲ့ဘဲ၊ ၄၂ ရာခိုင်နှုန်းသာ သတင်းအချက်အလက်ကို အပြည့်အစုံ ထုတ်ဖော်ဖြေကြား ပေးပါတယ်။ ထို့အပြင် ပျမ်းမျှ တုံ့ပြန်ချိန်မှာ ၂၂ ရက် ကြာမြင့်ခဲ့ပါတယ်။ အဆိုပါ စမ်းစစ်လေ့လာမှုကို ယခုနှစ်တွင် ထပ်မံဆောင်ရွက်သွားမည်ဖြစ်ပြီး တိုးတက်မှုရှိ၊ မရှိကို ဆက်လက် စောင့်ကြည့် သွားမည် ဖြစ်ပါတယ်။

သတင်းအချက်အလက် ရယူသိရှိခွင့်ကို ခေတ်နဲ့အညီ ဆက်လက်ပြုပြင်ပြောင်းလဲရန် လိုအပ်ပါတယ်။ ကောင်းမွန်သော ရည်ရွက်ချက်ဖြင့် ဥပဒေများပြဋ္ဌာန်းထားသည့် နိုင်ငံများတွင်ပင် အားနည်းချက်များနှင့် ချို့ယွင်းချက် ဥပမာများကို နေရာအနှံ့ တွေ့မြင်နိုင်ပါတယ်။

သတင်းအချက်အလက် ရှားပါးကင်းမဲ့နေသည့် အခြေအနေမျိုးတွင် ရဲရင့်လွတ်လပ်သော သတင်းစာ ပညာက မရှိမဖြစ် အရေးပါသော အခန်းကဏ္ဍကနေ ပါဝင်နေပါတယ်။ သတင်းစာပညာက သတင်း အချက်အလက်များကို လူထုနားလည်နိုင်သည့် အသိပညာအဖြစ် ပြောင်းလဲပေးပါတယ်။ ဒါ့အပြင် အချက်အလက်များကို စုံစမ်းဖော်ထုတ်ပေးခြင်း၊ မေးမြန်းစစ်ဆေးခြင်း၊ အတည်ပြုစိစစ်ခြင်းနှင့် နောက်ခံအခြေအနေများဖြင့် ရှင်းလင်းဖော်ပြခြင်းတို့ကို ဆောင်ရွက်သလို သတင်းမှားများနှင့် လွဲမှားသော သတင်းအချက်အလက်များကိုလည်း တုံ့ပြန်တားဆီးပေးပါတယ်။ အချို့သော အဖွဲ့အစည်း များ သို့မဟုတ် ပုဂ္ဂိုလ်များက မဖြေဆိုလိုသော မေးခွန်းများကိုလည်း မေးမြန်းတင်ပြပေးပါတယ်။ ထိုမှတစ်ဆင့် နိုင်ငံသားများအား လူမှုဘဝနှင့် အများပြည်သူဆိုင်ရာ ကိစ္စရပ်များတွင် အဓိပ္ပာယ်ရှိစွာ ပါဝင်ဆောင်ရွက်နိုင်ရန် လိုအပ်သော သတင်းအချက်အလက်များနှင့် အသိပညာများကို ပံ့ပိုးပေးပါတယ်။

သတင်းမှားကြောင့် ဖြစ်ပေါ်လာသည့် ထိခိုက်နစ်နာမှုများမှာ အမှန်တကယ်ရှိနေပါတယ်။ UNESCO ၏ ခန့်မှန်းချက်အရ သတင်းမှားဖြန့်ဝေမှုများကြောင့် စီးပွားရေးနှင့် လူမှုရေး ကုန်ကျစရိတ်များသည်နှစ်စဉ် အမေရိကန်ဒေါ်လာ ဘီလီယံ ၃၅၀ မှ ၅၁၀ အထိရှိနိုင်ပါတယ်။ ယင်းတို့တွင် ပြည်သူ့ကျန်းမာရေး တုံ့ပြန်ဆောင်ရွက်မှုများ အားနည်းလာခြင်း၊ ရွေးကောက်ပွဲဆိုင်ရာ အချက်အလက်များ လွဲမှားစွာ လွှမ်းမိုးခံရခြင်း၊ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ အရေးယူဆောင်ရွက်မှုများ နှောင့်နှေးခြင်း၊ ငွေကြေးဆုံးရှုံးမှုများ၊ ဂုဏ်သိက္ခာ ထိခိုက်ပျက်စီးမှုများနှင့် အဖွဲ့အစည်းများအပေါ် ပြည်သူများ၏ ယုံကြည်မှု လျော့နည်းပျက်စီးလာခြင်းတို့ ပါဝင်ပါတယ်။

ထို့ကြောင့် သတင်းမှားပြဿနာသည် ဆက်သွယ်ရေးဆိုင်ရာ ပြဿနာတစ်ခုသတ်သတ် မဟုတ်ပါ။ ၎င်းသည် စီမံအုပ်ချုပ်မှုဆိုင်ရာ အန္တရာယ်တစ်ခု၊ စီးပွားရေးအတွက် တာဝန်ဝတ္တရားနှင့် ဆုံးရှုံး နိုင်ခြေ တစ်ရပ် ဖြစ်သကဲ့သို့၊ ပြည်သူများ၏ သိရှိနားလည်မှုအပေါ် အခြေခံ၍ ဆုံးဖြတ်ချက်ချနိုင်စွမ်း ကိုလည်း တိုက်ရိုက်ခြိမ်းခြောက်နေသည့် စိန်ခေါ်မှုတစ်ရပ်လည်း ဖြစ်ပါတယ်။

အများပြည်သူဆိုင်ရာ အသံလွှင့်မီဒီယာများနှင့် လွတ်လပ်သော သတင်းမီဒီယာ အဖွဲ့အစည်းများသည် အဆိုပါပြဿနာကို တန်ပြန်ထိန်းညှိပေးနိုင်သည့် အရေးပါသော အင်အားစုများဖြစ်ပြီး ၎င်းတို့၏ တာဝန်မှာ မည်သို့ပင်ဖြစ်စေ ပြည်သူလူထု၏စိတ်ဝင်စားမှုကို လိုက်ရှာရန် မဟုတ်ဘဲ၊ လူများအားလုံးကို မှန်ကန်တိကျသော သတင်းအချက်အလက် ဝန်ဆောင်မှုပေးရန် ဖြစ်ပါတယ်။

သို့သော် မီဒီယာလုပ်ငန်းများသည် လက်ရှိတွင် ပရိသတ်အမျိုးအစားအုပ်စုများ ကွဲပြားလာခြင်း၊ သတင်းမီဒီယာအပေါ် ယုံကြည်မှုအားနည်းလာခြင်း၊ နိုင်ငံရေးအရ ဝင်ရောက်စွက်ဖက်မှုများ၊ ဘဏ္ဍာရေးအခက်အခဲများ၊ ဒစ်ဂျစ်တယ်ပလက်ဖောင်းများအပေါ် ရပ်တည်မှုအတွက် မှီခိုနေရခြင်းနှင့် သတင်းမှားများ၊ လူလုပ်ဉာဏ်ရည်တု (AI) များဖြင့် ဖန်တီးထားတဲ့ အကြောင်းအရာတွေနဲ့ လှည့်ဖြား ပြုပြင်ထားတဲ့ အကြောင်းအရာတွေ အလွန်များပြားလာခြင်းတို့ကို တစ်ပြိုင်နက် ရင်ဆိုင်နေရပါတယ်။ အရည်အသွေးမြင့် သတင်းအတတ်ပညာကို ဆက်လက်ထုတ်လုပ်နိုင်ရေးအတွက် မီဒီယာ၏ ရုန်းကန် ကြိုးစားမှုသည် သတင်းမီဒီယာကဏ္ဍတစ်ခုတည်း၏ အရေးကိစ္စမဟုတ်ဘဲ ဒီမိုကရေစီစနစ် တစ်ရပ်လုံး နှင့် သက်ဆိုင်သော အရေးကြီးသည့်ကိစ္စတစ်ရပ် ဖြစ်ပါတယ်။

အဆိုပါစိန်ခေါ်မှုများကို တုံ့ပြန်ဖြေရှင်းရာတွင် အများပြည်သူအကျိုးစီးပွားကို ဦးတည်သော သတင်းစာအတတ်ပညာအတွက် ရင်းနှီးမြှုပ်နှံမှုများကို ပြန်လည်တိုးမြှင့်ခြင်း၊ အယ်ဒီတာပိုင်းဆိုင်ရာ လွတ်လပ်ခွင့်ကို ကာကွယ်ပေးခြင်း၊ အချက်အလက် စစ်ဆေးအတည်ပြုခြင်း (fact-checking) လုပ်ငန်းများကို ပံ့ပိုးခြင်း၊ အများပြည်သူအသုံးပြုနိုင်သည့် အရင်းအမြစ်များမှတဆင့် အတည်ပြု စစ်ဆေးခြင်း (open-source verification)၊ မီဒီယာနှင့် သတင်းအချက်အလက်ဆိုင်ရာ အသိပညာမြှင့်တင်ပေးခြင်း၊ နိုင်ငံနယ်နိမိတ်များကို ကျော်လွန်၍ ပူးပေါင်းဆောင်ရွက်ခြင်းတို့ ပါဝင်ရပါမယ်။

သတင်းမှားများသည် ကမ္ဘာတစ်ဝန်း အလျင်အမြန် ပျံ့နှံ့သွားနိုင်သကဲ့သို့ ယုံကြည်စိတ်ချရသော သတင်းအချက်အလက်များကို တင်ဆက်ပေးနေသော သတင်းမီဒီယာအဖွဲ့အစည်းများသည်လည်း နိုင်ငံတကာအဆင့် ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ပါတယ်။ အများပြည်သူဝန်ဆောင်မှု မီဒီယာများ မရှိပါက သတင်းအချက်အလက်စနစ် တစ်ရပ်လုံးသည် ပိုမိုဆင်းရဲချို့တဲ့လာမည်ဖြစ်ပြီး လွယ်ကူစွာ ထိခိုက်ပျက်စီးနိုင်သော အခြေအနေသို့ ရောက်ရှိသွားမည် ဖြစ်ပါတယ်။ သို့သော် ထိုစနစ်ကို ကာကွယ်စောင့်ရှောက်ရမည့် တာဝန်ကို ၎င်းတို့တစ်ဖက်တည်းကသာ ထမ်းဆောင်၍ မရနိုင်ပါ။

ကမ္ဘာ့သတင်းနေ့ (World News Day) နှင့် အပြည်ပြည်ဆိုင်ရာ သတင်းအချက်အလက် ရယူသိရှိခွင့်နေ့ (International Day for Universal Access to Information)

ရင်ဆိုင်နေရသော စိန်ခေါ်မှုများသည် လက်တွေ့ကျသော ပြဿနာများဖြစ်ပြီး သတင်းအချက်အလက် ကဏ္ဍတွင် ပါဝင်လှုပ်ရှားနေသော အဖွဲ့အစည်းများနှင့် ပုဂ္ဂိုလ်အားလုံးအနေဖြင့် ပိုမိုကောင်းမွန်သော လုပ်ဆောင်မှုများ ပြုလုပ်ကြရန် တိုက်တွန်းလိုပါတယ်။

၁။ အစိုးရများအနေဖြင့် သတင်းအချက်အလက် ရယူသိရှိခွင့်ဆိုင်ရာ ဥပဒေများကို ထိရောက်စွာ အကောင်အထည်ဖော်ရမည်ဖြစ်ပြီး၊ လွတ်လပ်သော ကြီးကြပ်စောင့်ကြည့်ရေး အဖွဲ့အစည်းများကို ကာကွယ်ပံ့ပိုးပေးရမည်။

၂။ ဒစ်ဂျစ်တယ်ပလက်ဖောင်းများနှင့် နည်းပညာကုမ္ပဏီများအနေဖြင့် ၎င်းတို့ ဖန်တီးထားသော သတင်းအချက်အလက်ပတ်ဝန်းကျင်များအတွက် အပြည့်အဝ တာဝန်ယူရမည်ဖြစ်ပြီး၊ နိုင်ငံတကာ လူ့အခွင့်အရေးဥပဒေများနှင့် အပြည့်အဝ ကိုက်ညီစွာ ဆောင်ရွက်ရမည်။

၃။ မီဒီယာအဖွဲ့အစည်းများအားလုံးသည် ပရိသတ်ရောက်ရှိမှု (Reach) ထက် တိကျမှန်ကန်မှုနှင့် စနစ်တကျ စိစစ်တင်ပြမှု (Rigour) ကို အမြဲ ဦးစားပေးရွေးချယ်သင့်သည်။

လွတ်လပ်စွာစီးဆင်းနေပြီး ယုံကြည်စိတ်ချရသော သတင်းအချက်အလက်များသည် လူတိုင်းအတွက် မျှဝေခံစားရသော အကျိုးကျေးဇူးတစ်ရပ် ဖြစ်ပါတယ်။ သို့သော် ယင်းအကျိုးကျေးဇူးသည် သတင်းအချက်အလက် ရယူသိရှိခွင့်ကို ကာကွယ်ပေးသော အာဏာပိုင်အဖွဲ့အစည်းများ၊ အမှန်တရားကို ပိုမိုတန်ဖိုးထားရှာဖွေတင်ပြသော သတင်းသမားများနှင့် အချက်အလက်အမှန်များကို သိရှိပိုင်ခွင့်ရှိသော ပြည်သူများအပေါ် မူတည်ပါတယ်။

သတင်းအချက်အလက်မှန်ကန်မှုမှ ရရှိသော အကျိုးအမြတ် (Integrity Dividend) သည် အမှန် တကယ် ရှိပါတယ်။ သို့သော် ထိုအကျိုးကျေးဇူးကို လူတိုင်း မိမိ၏တာဝန်ကို မျှဝေ ထမ်းဆောင် မှသာ ရရှိနိုင်မည် ဖြစ်ပါတယ်။