စက်တင်ဘာ (၃၀) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၆)၊ ရာမတီး/မြဝတီဒေသ၊ မြဝတီမြို့တောင်ဘက် ဖလူးနှင့်ဝေါလေလမ်းပိုင်းအထက် တောင်ကြောဘက်တွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA မဟာမိတ်တပ်များနှင့် စစ်အုပ်စုတို့ စက်တင်ဘာလ (၂၅) ရက်မှ ယနေ့အထိ နေ့စဥ်တိုက်ပွဲဖြစ်ပွားလျက်ရှိကြောင်း မဟာမိတ်တပ်ထံမှ သိရသည်။
ဒူးပလာယာခရိုင်နယ်နိမိတ်ထဲရှိ လေးကေကော် အနောက်ဘက်တောင်ကြောအတိုင်း စစ်အုပ်စုတပ်ဖွဲ့များ စစ်ကြောင်းထိုးလာခြင်းဖြစ်ပြီး ၎င်းတို့ကို KNLA နှင့်ပူးပေါင်း တော်လှန်ရေးတပ်ဖွဲ့များက ပိတ်ဆို့တိုက်ခိုက်လျက်ရှိရာ သဲဖြူချောင်း တောင်ပေါ်နေရာတွင် တိုက်ပွဲပြင်းထန်နေသည်ဟု တပ်မဟာ(၆) KNLA တပ်ဖွဲ့ဘက်က ပြောသည်။
“ကျနော်တို့က သူတို့တက်လာတဲ့ တောင်ကြောနေရာတွေကို ပိတ်ပြီးဖြတ်တိုက်နေတာ။ ရှေ့တိုးလာတဲ့သူတွေ ကျလိုက်၊ လေးကေကော်ဘက်ကနေ စစ်ကူ ထပ်တက်လာလိုက်နဲ့ သဲဖြူချောင်းအပေါ်ဘက်မှာ တိုက်ပွဲဖြစ်နေတယ်။ မြေပြင်ကနေတက်ဖို့တော့ သူတို့အတွက် မလွယ်ဘူး” ဟု အမည်မဖော်လိုသူ KNLA တပ်ဖွဲ့ဝင်က ပြောသည်။
တိုက်ပွဲများအတွင်း စစ်အုပ်စုဘက်က လေကြောင်းဖြင့်ဗုံးကြဲတိုက်ခိုက်ခြင်း၊ ဒရုန်းဗုံးချပစ်ခတ်ခြင်းနှင့် လက်နက်ကြီးပစ်ခတ်အကူအညီပေးမှုများလုပ်ဆောင်နေသလို KNLA မဟာမိတ်တပ်များကလည်း တန်ပြန်စစ်ဆင်နေ၍ နှစ်ဖက်တိုက်ပွဲအရှိန်ပြင်းထန်နေသည်။

ထို့အပြင် တောင်ကြောနေရာသာမက မင်းလက်ပံနှင့် ဖလူးကျေးရွာဘက်တို့တွင်လည်း KNLA မဟာမိတ်တပ်နှင့် စစ်အုပ်စု ပျောက်ကြားပစ်ခတ်မှုများ ဆက်လက်ရှိနေ၍ ရွာနေဒေသခံများ နေအိမ်ပြန်ရန်အလှမ်းဝေးနေဆဲဖြစ်ကြောင်း စစ်ရှောင်နေရသူများထံမှ သိရသည်။
ဖလူးရွာမှစစ်ဘေးရှောင်နေရသူက “ဖလူးနဲ့ မင်းလက်ပံ ဘက်မှာ တစ်နေ့ကို တစ်ကြိမ်၊ နှစ်ကြိမ် လောက်တော့ ပစ်သံတွေကြားရတယ်။ တိုက်ပွဲကြီးလိုမျိုးတော့မဟုတ်ဘူး။ ဒါပေမဲ့ အိမ်ပြန်မရဲသေးပါဘူး အခုလကုန်ရင် စစ်ရှောင်နေရတာ တစ်နှစ်ပြည့်ပြီ” ဟု ကေအိုင်စီကို ပြောသည်။
စစ်အုပ်စုသည် နယ်မြေစိုးမိုးမှုရရန်နှင့် ထိုင်း-မြန်မာနယ်စပ်တွင်အခြေချထားသည့် ၎င်းတို့တပ်စခန်းကို လက်မလွှတ်ရရန် မြေပြင်နှင့်အထက်ဘက်မှ အင်အားသုံးထိုးစစ်ဆင်နေခြင်းဖြစ်သည်။ ထို့အပြင် စစ်ရေးအခြေအနေမှာ ၂၀၂၆ ခုနှစ်၊ ဇူလိုင်လနောက်ပိုင်းကစ၍ ပြန်လည်ဆိုးရွားလာသလို လေကြောင်းဗုံးကြဲမှု၊ လက်နက်ကြီးပစ်ခတ်မှုများ မပြတ်ဖြစ်ပေါ်နေ၍ နေအိမ်မပြန်နိုင်သေးသည့် နှစ်ချီစစ်ဘေးရှောင်များအတွက် စားနပ်ရိက္ခာပြတ်လပ်သည်အထိ ရှိနေကြောင်း အကူအညီပေးနေသူများက ဆိုသည်။
ထို့အတူ ကော့ကရိတ်ဘက်တွင်လည်း အလားတူနယ်မြေပဋိပက္ခများ ရှိနေဆဲဖြစ်ပြီး မြဝတီ-ကော့ကရိတ် အာရှလမ်းတစ်လျှောက်မှ စစ်အုပ်စုတပ်ဖွဲ့ဝင်များကို ဖားအံတပ်နယ်၊ တပ်ရင်းများဘက်သို့ စေလွှတ်၊ တပ်အချိန်းအပြောင်း ပြုလုပ်နေကြောင်း စောင့်ကြည့်နေသည့်တော်လှန်ရေးတပ်ဖွဲ့ဘက်မှ သိရသည်။


















