Home သတင်း ကျောက်တော်မြို့လေကြောင်းတိုက်ခိုက်မှု အာဆီယံလူ့အခွင့်အရေးဆိုင်ရာပါလီမန် အမတ်များအဖွဲ့ ပြင်းထန်စွာရှုတ်ချ

ကျောက်တော်မြို့လေကြောင်းတိုက်ခိုက်မှု အာဆီယံလူ့အခွင့်အရေးဆိုင်ရာပါလီမန် အမတ်များအဖွဲ့ ပြင်းထန်စွာရှုတ်ချ

26
Photo: AA

စက်တင်ဘာ (၂၉) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့ရှိ အရပ်သားများ လှုပ်ရှားသွားလာနေသည့်နေရာကို စက်တင်ဘာလ (၂၈) ရက်နေ့က စစ်အုပ်စု လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့သည့်အပေါ် အာဆီယံ လူ့အခွင့်အရေးဆိုင်ရာပါလီမန် အမတ်များအဖွဲ့ (APHR)က ပြင်းထန်စွာ ရှုတ်ချကြောင်း ယနေ့ စက်တင်ဘာလ (၂၉) ရက်နေ့တွင် ထုတ်ပြန်သည်။

ယမန်နေ့ မွန်းတည့်ချိန်တွင် ကျောက်တော်မြို့ရှိ စျေးတစ်ခုအနီးသို့ စစ်အုပ်စုက လေယာဉ်ဖြင့် ဗုံး(၂)‌လုံးကြဲချခဲ့ခြင်းဖြစ်ပြီး စျေးသည်များ၊ စျေးဝယ်သူများနှင့် လမ်းသွားလမ်းလာများအပါအဝင် အနည်းဆုံး (၄၉)ဦးသေဆုံးပြီး (၆၀) ဦး ထိခိုက်ဒဏ်ရာရရှိသွားခြင်း ဖြစ်သည်။

အရပ်သားများအပေါ် ဗုံးကြဲတိုက်ခိုက်မှုအပေါ် APHR က ပြင်းပြင်းထန်ထန်ရှုတ်ချသလို စစ်အုပ်စုအနေဖြင့် အကြမ်းဖက်မှုကျူးလွန်ခြင်းများအတွက် တာဝန်ခံရမည်ဖြစ်ကြောင်း တောင်းဆိုထားသည်။

“စစ်အုပ်စုက မြေပြင်မှာ နယ်မြေစိုးမိုးမှုမရရှိနိုင်တဲ့အတွက် နိုင်ငံတစ်ဝန်းက လူနေထူထပ်တဲ့နေရာတွေကို လေကြောင်းတိုက်ခိုက်တာနဲ့ပဲ အဓိကအားကိုးနေရပါတယ်။ မင်းအောင်လှိုင်နဲ့စစ်အုပ်စုရဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေကို ချက်ချင်းရပ်တန့်ရပါမယ် “ဟု APHR ၏ ဥက္ကဌ မာစီခရစ်တီ ဘာရန်းဒ်စ်က ထုတ်ပြန်ချက်ထဲတွင် ပြောသည်။

ထို့ကြောင့် နိုင်ငံတကာအနေဖြင့် အရပ်သားများအပေါ် မင်းအောင်လှိုင်နှင့်စစ်အုပ်စု ကျူးလွန်နေသည့် ရာဇဝတ်မှုများကိုချက်ချင်းရပ်တန့်နိုင်ရန်၊ အကြမ်းဖက်မှုများအပေါ် ပြစ်ဒဏ်မခံရဘဲ ကင်းလွတ်နေမှုကို အဆုံးသတ်ပြီး တာဝန်ခံမှုရှိစေရန် ဆောင်ရွက်ရမည်ဖြစ်ကြောင်း APHR က ဆိုသည်။

Photo: AA

ထို့အပြင် ကျောက်တော်လေကြောင်းတိုက်ခိုက်ခံရမှုသည် မင်းအောင်လှိုင်ဦးဆောင်သည့် အစိုးရအဖွဲ့များ ဒေသတွင်းနိုင်ငံများ၏အသိအမှတ်ပြုမှုရရှိရန် လှည့်လည်သွားနေချိန်နှင့် အာဆီယံဆွေးနွေးဝိုင်းသို့ ပြန်လည်တက်ရောက်ခွင့်ရရန် ကြိုးပမ်းနေချိန်တွင် ပေါ်ပေါက်လာခြင်းဖြစ်သည်ဟုလည်း APHR က ထောက်ပြထားသည်။

(၄၆) ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးပွဲကို စစ်အုပ်စု၏ကိုယ်စားလှယ်များ တက်ရောက်ခွင့်မရရှိအောင် ပိတ်ပင်ရမည်ဖြစ်ကြောင်း အာဆီယံအလှည့်ကျ ဥက္ကဌ ဖိလစ်ပိုင်နိုင်ငံ ကိုပါ APHR က ထုတ်ပြန်ချက်တွင် ထည့်သွင်းတောင်းဆိုသည်။

လက်ရှိ ရခိုင်ပြည်နယ်အတွင်း စစ်အုပ်စုနှင့်အာရက္ခတပ်တော်(ULA/AA)တို့အကြား တိုက်ပွဲများဖြစ်ပွားနေပြီး စစ်အုပ်စုက မြေပြင်တွင်ဆုံးရှုံးမှုများပြား၍ တန်ပြန်ထိုးစစ်တိုးမပေါက်သည့်အချိန်တွင် စစ်ရေးပစ်မှတ်မဟုတ်သည့် ပြည်သူများကို ရည်ရွယ်ချက်ရှိရှိ လေကြောင်းတိုက်ခိုက်နေခြင်းဖြစ်သည်ဟုလည်း ULA/AA ဘက်က ထုတ်ပြန်ထားခြင်းရှိသည်။

ယင်းအပေါ် တိုက်ရိုက်တာဝန်ရှိသူများအပါအဝင် အဖွဲ့အစည်းများကို ထိရောက်သော လက်တုံ့ပြန်မှု ပြုလုပ်မည်ဖြစ်ကြောင်း ULA/AA က ဆိုသည်။

ပြီးခဲ့သည့် ၂၀၂၅ ခုနှစ် စက်တင်ဘာလ (၁၂) ရက်နေ့ကလည်း ကျောက်တော်မြို့နယ်ထဲရှိ စာသင်ကျောင်း(၂)ကျောင်းကို လေကြောင်းတိုက်ခိုက်ခဲ့သဖြင့် ကျောင်းသား (၂၀) ဦးခန့်သေဆုံးခဲ့ရသည်။ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလတွင်လည်း မြောက်ဦးမြို့ရှိ ပြည်သူဆေးရုံကြီးကို အလားတူလေကြောင်းတိုက်ခိုက်ခဲ့ရာ ကျန်းမာရေးဝန်ထမ်းအပါအဝင် အနည်းဆုံး ပြည်သူ (၃၃) ဦး သေဆုံးမှုရှိခဲ့သေးသည်။

Photo: AA