Home သတင်း ကော့ကရိတ်မြို့ပေါ် ရပ်ကွက်နေအိမ်များ ဖောက်ထွင်းခိုးယူခံရမှု ဆက်တိုက်ဖြစ်ပွား

ကော့ကရိတ်မြို့ပေါ် ရပ်ကွက်နေအိမ်များ ဖောက်ထွင်းခိုးယူခံရမှု ဆက်တိုက်ဖြစ်ပွား

150
Photo: CJ

စက်တင်ဘာ (၁၆) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

စစ်အုပ်ချုပ်ရေးယန္တရားပြန်လည်ထူထောင်ထားသည့် ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ပေါ်ရပ်ကွက်များတွင် လူသူနေထိုင်သူမရှိသေးသည့်နေအိမ်များ ဖောက်ထွင်းခိုးယူခံရမှု ဆက်တိုက်ဖြစ်ပွားနေကြောင်း မြို့ခံများ၏ ပြောပြချက်အရ သိရသည်။

ပြည်နယ်စစ်အုပ်စုသည် ယခု ၂၀၂၆ ခုနှစ်ထဲ ကော့ကရိတ်မြို့ပြန်လည်ထူထောင်ရေးဆိုကာ လုပ်ဆောင်ခဲ့ခြင်းရှိသလို အုပ်ချုပ်ရေးရုံးများ၊ ဘုန်းကြီးကျောင်းများနှင့် ရပ်ကွက်လမ်းဆုံလမ်းမများတွင်လည်း ၎င်းတို့တပ်ဖွဲ့ဝင်များကိုတာဝန်ချ စစ်ဆေးမှုများ ပြုလုပ်နေသည်။

သို့ရာတွင် မြို့အတွင်း၊ လူမရှိသည့်နေအိမ်များ ညစဉ်လိုလို ဖောက်ထွင်းခိုးယူခံရမှု ဖြစ်ပွားနေပြီး တရားခံ ဖမ်းမိသည့်ဖြစ်စဥ်မရှိသေးဟု ကော့ကရိတ်မြို့ခံများက ပြောသည်။

“ဝင်းကြီး၊ ဆေးရုံကုန်းမှာ စစ်တပ်ကင်းရှိတယ်။ လမ်းမတန်းမှာလည်း ဂိတ်ချထားပြီး ခလရ (၉၇) လည်း ရှိတယ်။ အိမ်ဘေးကအိမ်တွေ ဖောက်ဝင်တယ်။ ပစ္စည်းခိုးရုံတင်မဟုတ်ဘူး၊ လူအိပ်တဲ့ မိသားစုကုတင်ကိုပါ တစ်စစီဖြုတ်ပြီး ယူသွားတာ။ တချို့အိမ်တွေဆို ပြတင်းပေါက်၊ တံခါးဘောင်၊ ခုံ၊ စားပွဲတွေပါ မချန်ဘူး။ အဲဒီလောက် သောင်းကျန်းနေတာကိုတောင် ဖမ်းမမိဘူး” ဟု ဝင်းကြီးရပ်ကွက်နေ အမျိုးသမီးတစ်ဦးက ပြောသည်။

ထို့အပြင် ကော့ကရိတ်မြို့၊ အမှတ် (၃) ရပ်ကွက်၊ အမှတ် (၅) ရပ်ကွက်၊ မြို့ပြင်ကွက်သစ်နှင့် ဝါဆိုဦးရပ်ကွက်များဘက်တွင်လည်း နေအိမ်ရှိပစ္စည်းများ ခိုးယူခံရသည့် ဖြစ်စဉ်အများအပြား ကြုံတွေ့နေရကြောင်း သိရသည်။

Photo: CJ

နောက်ထပ်မြို့ခံတစ်ဦးက “ကော့ကရိတ်မှာ လက်လုပ်လက်စား ဈေးရောင်းဈေးဝယ်သမားတွေပဲ ပြန်လာနေကြတာများတယ်။ ငွေကြေးတတ်နိုင်တဲ့သူတွေက ဖားအံ၊ မော်လမြိုင်၊ သာမည၊ မြဝတီဘက်တွေ ပြောင်းနေကြတော့ သူတို့အိမ်တွေ လူမရှိဘူး။ ခိုးချင်တိုင်း ခိုးခံနေရတာ။ စစ်တပ်နဲ့ အုပ်ချုပ်ရေးကလည်း သူတို့နေရာသူတို့ နေတာမျိုးဆိုတော့ ဘာမှ မလုံခြုံဘူး” ဟု ကေအိုင်စီကို ပြောသည်။

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) မဟာမိတ်တပ်များနှင့် စစ်အုပ်စုတို့၏ ကော့ကရိတ်ဒေသတွင်းတိုက်ပွဲများကြောင့် ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်မှ ၂၀၂၅ ခုနှစ်အထိ မြို့ပေါ်နှင့်မြို့ပြင် ကျေးရွာနေဒေသခံများမှာ တိုက်ပွဲလွတ်ရာနေရာများသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရခြင်းဖြစ်ပြီး ယခုထိတိုင်လည်း မြို့အပြင်ကျေးရွာများ၌ လက်နက်ကိုင်ပဋိပက္ခများဆက်လက်ရှိနေသည်။

လက်ရှိတွင် ပြည်နယ်စစ်အုပ်စုက ဒေသပြန်လည်တည်ငြိမ်အေးချမ်းပြီဆိုကာ စည်းရုံးလုပ်ဆောင်ပြခြင်းကြောင့် ပြန်လာနေထိုင်သူရှိသော်လည်း မူလလူဦးရေထက် နည်းပါးနေသေးကြောင်း ဒေသသတင်းအရင်းအမြစ်များထံမှ သိရသည်။

ထို့အတူ စစ်အုပ်ချုပ်ရေးယန္တရားအောက်ရှိ ကော့ကရိတ်မြို့၏အခြေအနေမှာ ခိုးမှု၊ ဖောက်ထွင်းမှုအပြင် ဌာနဆိုင်ရာ၏လာဘ်စားမှုနှင့် မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲမှုများပါ ဖြစ်ပေါ်နေပြီး ပြည်နယ်စစ်အုပ်စုဘက်ကမူ လက်တွေ့ကျကျ အရေးယူဆောင်ရွက်ခြင်းမရှိဟု ဒေသခံများက ဝေဖန်ပြောဆိုနေကြသည်။