သေရာပါ ဒဏ်ရာနှင့် ရဲဘော်ရှောင်လင်၏ တော်လှန်ရေးခရီး
နမ့်ဆန်းထီ
(ဩဂုတ် ၂၀ ရက်၊ ၂၀၂၆ ခုနှစ်)
ညကမှောင်မှောင် တစ်ဝက်တစ်ပျက်သာနေသော လရောင်ကိုအဖော်ပြု၍ KNLA (ကရင် အမျိုးသားလွတ်မြောက်ရေးတပ်မတော်) ဘက်တံဆိပ်တပ် စစ်ယူနီဖောင်းဝတ် လူတစ်စုသည် သေနတ် ကိုယ်စီကိုင်ထားလျက် သူတို့မစ်ရှင်လုပ်မည့် နေရာသို့ ဦးတည်ချီတက်နေကြသည်။
စစ်ကြောင်းမှူးပြထားသော မြေပုံပါအမှတ်အသားအတိုင်း ညသန်းခေါင်ယံမှ သူတို့စထွက်လာကြခြင်းဖြစ်၍ ခရီးတစ်ထောက်နားလိုက် လျှောက်လိုက်ဖြင့် မစ်ရှင်နေရာ နတ်သံကွင်းမြို့အနီးသို့ နံနက်(၃)နာရီခန့်တွင် သူတို့ ချည်းကပ်သွားနိုင်သည်။
နတ်သံကွင်းမြို့ဆိုသည်မှာ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၃)ထိန်းချုပ်ရာ ညောင်လေး ပင်ခရိုင်၊ လယ်ဒို(ကျောက်ကြီး)မြို့နယ်အတွင်း၊ စစ်တောင်းမြစ်နံဘေးတွင် အခြေတည်ထားသော မြို့ငယ်လေးဖြစ်သည်။
“အဲဒီတုန်းက နတ်သံကွင်းရဲစခန်းကို ကျနော်ပထမဆုံးရောက်ဖူးတာ။ သူပစ်ကိုယ်ပစ်နဲ့မိုးလင်းရော၊ ကျနော်တို့လည်းမြောင်းထဲမှာ ဒီအတိုင်းပဲနေရတယ်”
အသားဖြူဖြူ၊ မျက်လုံးခပ်မှေးမှေး၊ နှုတ်ခမ်းပါးပါးဖြင့် အသက်(၂၁)နှစ်အရွယ် “ရှောင်လင်” အမည်ရှိ KNLA တပ်ရင်း(၉)တပ်ဖွဲ့ဝင်က သူ၏တိုက်ပွဲဝင်အတွေ့အကြုံကို ပြန်ပြောင်းပြောပြနေခြင်းဖြစ်သည်။
သူ၏လည်ပင်းအရှေ့ဘက်၊ ဘေးဘက်များတွင်မူ တက်တူးအရုပ်များ ထင်ထင်ထင်ရှားရှားရှိနေသည်ကို ပထမဆုံး သတိထားမိသည်။
ရှောင်လင်မှာ စကားခပ်များများပြောတတ်သူ မဟုတ်သော်ငြား သူအသက်လုခဲ့ရသည့် တိုက်ပွဲအတွေ့အကြုံကို ပြန်ပြောပြရာဝယ် တက်တက်ကြွကြွရှိနေသည်။
“ကျနော်တို့အဖွဲ့ပထမဦးဆုံး တက်ပစ်တဲ့အချိန် စခန်းတစ်ဝက်လောက်ရောက်ပြီး စက္ကန့်ပိုင်းလောက်ကြာတော့ ကိုယ့်ဘက်က စထိတာ။ ဘယ်သူ့ဆွဲလို့ဆွဲရမယ်မှန်းလည်း မသိဘူးဗျာ ဆွဲတာနဲ့ဟိုကောင်တွေက ပစ်တာကိုး”
၂၀၂၃ ခုနှစ်ကုန်ပိုင်းက KNLA နှင့်တော်လှန်ရေးပူးပေါင်းတပ်များ နတ်သံကွင်းမြို့ကို ဝင်ရောက်တိုက်ခိုက်လျက်ရှိသည့် တိုက်ပွဲသတင်းသည် လူမှုကွန်ရက်မီဒီယာပေါ်မှာ၌ သတင်းမွှေး၍နေသည်။
နတ်သံကွင်းကို စိုးမိုးရန် တစ်လဝန်းကျင်ကြာသည်အထိ တော်လှန်ရေးတပ်ဖွဲ့များ ကြိုးပမ်းလိုက်ရသလို ထိခိုက်သေဆုံးမှုလည်း များခဲ့ကြောင်း ထိုစဥ်ကသတင်းများအရ သိရသည်။
ရှောင်လင့်အနေဖြင့်မူ ဤနာမည်ကြီးတိုက်ပွဲကို အသေးစိတ်ပြန်ပြောနေနိုင်သည့် အကြောင်းအရင်း ခိုင်ခိုင်မာမာရှိနေသည်။
အကြောင်းမှာ နတ်သံကွင်းမြို့တွင်းတိုက်ပွဲသည် သူ့အတွက် မှတ်မှတ်ရရ သေရာပါဒဏ်ရာ ပေးခဲ့ခြင်းကြောင့်ပင်။
“ရန်သူခံစစ်ယူထားတာမသိဘဲ အနောက်ကလိုက်တိုက်ရင်း ထိတာ။ ဘယ်လိုထိလို့ထိမှန်းတောင်မသိဘူး တစ်ချက်ပဲ” ဟု ချုပ်ရိုးရာအမြှောင်းလိုက်ကျန်ခဲ့သော သူ့ဘယ်လက်ဖဝါးကို ညွှန်ပြ၍ ရှောင်လင်က ပြောသည်။
နတ်သံကွင်းတိုက်ပွဲအတွင်း ရရှိခဲ့သည့်ဒဏ်ရာကြောင့် ရှောင်လင်၏ဘယ်ဘက်လက်ချောင်း(၃)ချောင်းမှာ အာရုံခံစားနိုင်မှု မရှိတော့။ ကံကောင်း၍ဖြတ်မပစ်ခဲ့ရသော်လည်း ထိုလက်ချောင်းသုံးချောင်းသည် မီးစနှင့်ထိုးကြည့်ပါက အတန်ငယ်ကြာမှ ကျင်တတ်သည့်ခံစားမှုသာ ရှိတော့သည်ဟု သူက ဆိုသည်။
တိုက်ပွဲမှာ သူကိုင်ထားသည့်သေနတ်ကျည်ဘောက်ကို တစ်ဖက်သေနတ်ကျည်ဆန် လာမှန်ရာမှ သူ့လက်တစ်ဖက် ဖြတ်ပစ်ရလုနီးပါး ဒဏ်ရာပြင်းပြင်းထန်ထန် ရခဲ့ခြင်းဖြစ်ပြီး ကျည်ဘောက်ကွဲကာ လွင့်စင်လာသည့်အစအနများကလည်း ယခုအချိန်ထိ သူ့လည်ပင်း၌ စိုက်ဝင်၍နေသည်။
“အမာရွတ်ကိုဖုံးတာ တက်တူးက၊ အရင်ကပိုဆိုးတယ် မသိရင်နူနေသလိုပဲ၊ တစ်ချက်တစ်ချက်ဆို စူးကနဲဖြစ်တယ်”
ယင်းအပြင် သူပြဖူးသည့် ထိုင်း-မြန်မာနယ်စပ်ဆေးခန်းတစ်ခုရှိ ဆရာဝန်ပြောပြချက်အရ ထိုအစအနများမှာ ခွဲစိတ်ရန် အန္တရာယ်များလွန်းပြီး အချိန်မရွေးပေါက်ကွဲနိုင်သော စနက်တံတစ်ခုနှင့်ပင် တူ၍နေသည်။
လွန်ခဲ့သည့်(၅)နှစ်၊ ၂၀၂၁ ခုနှစ် အစောပိုင်းက ဧရာဝတီမြစ်ဝကျွန်းပေါ်ဇာတိဖွား ရှောင်လင်သည် ပညာဆုံးခန်းမတိုင်သေးသည့်လူငယ်တစ်ဦးပင်။
သို့သော် စစ်တပ်အာဏာသိမ်းမှုက သူ၏တက်ကြွသောလူငယ်ဘဝကို ရိုက်ချိုးပစ်ခဲ့သည်။
သူရန်ကုန်မှာရှိနေစဥ် စစ်တပ်၏ ရက်ရက်စက်စက်ဖြိုခွင်းခံခဲ့ရသော လမ်းမထက်က ဆန္ဒပြပွဲတစ်ခုကြောင့် တပ်မဟာ(၃) ကေအဲန်ယူနယ်မြေသို့ လက်နက်ကိုင်ရန် ခြေစုံပစ်ဝင်လာခဲ့သည်ဟု သူက ဆိုသည်။
၂၀၂၁ ခုနှစ်မှ ၂၀၂၆ ခုနှစ် ကာလအတွင်း ရှောင်လင်သည် တပ်မဟာ(၃)နယ်မြေအတွင်းရှိ နာမည်ကြီး တိုက်ပွဲနှင့် တိုက်ပွဲငယ်များစွာ၌ ရှေ့တန်းမှ ပါဝင်ခဲ့သည်။
အထက်မှာပြောထားသလို နတ်သံကွင်းမြို့တွင်းတိုက်ပွဲအပြင် မုန်းမြို့သိမ်းတိုက်ပွဲ စသည်တို့၌ သူ၏ခြေရာများ ထင်ကျန်ခဲ့ပြီးလည်း ဖြစ်သည်။
“တိုက်ပွဲတိုင်းကတော့ ခက်တယ်၊ မှတ်မှတ်ရရဆိုရင်တော့ ကျနော့်အတွက်က နတ်သံကွင်းပြီးရင် မုန်းပဲ။ တိုက်ပွဲရက်တွေမှာ ကျနော်တို့ (၃)ရက်လုံးလုံး ထမင်းမစားရဘူး”
သူ့အရွယ် လူငယ်အများစု ကျောင်းပြီး၍ ပြည်ပထွက် အလုပ်လုပ်နေကြ၊ ပညာဆက်လက်သင်ယူနေကြချိန် သူကမူ အလေးအပင်မသယ်နိုင်သည့်လက်ဖြင့် ထိုနေရာတွင် ဆက်လက်တိုက်ပွဲဝင်နေဆဲပင်။
ပညာသင်မည့်အရေး၊ သို့မဟုတ် မိသားစုကိုထောက်ပံ့ရန် အလုပ်ထွက်လုပ်မည့်အရေး တွေးမိပါက သူ့တပ်ရင်း၊ သူ့နယ်မြေ၌ တော်လှန်ရေးအတွက် တိုက်ပွဲဝင်နေကြသည့်ရဲဘော်ရဲဘက်များ၊ စစ်ကြောင့် ကျောင်းဆက်မတက်နိုင်သူများကို မြင်ယောင်မိသည်ဟု ရှောင်လင်က ဆိုသည်။
“ကိုယ်က အေးဆေးနေတဲ့အချိန် တိုက်ပွဲဖြစ်နေတဲ့ရွာတွေကို ပြန်မြင်နေတယ်။ လေယာဥ်၊ လက်နက်ကြီးကြောင့် ကျောင်းတက်မရတဲ့ ကိုယ့်ထက်ငယ်တဲ့သူ ကြီးတဲ့သူရှိတယ်။ ကိုယ်ကအေးဆေးသွားနေတာ အဲ့လိုစိတ်ကြီးနဲ့မနေတတ်ဘူး”
သို့သော် တစ်ဖက်တွင်လည်း သူရထားသည့်ဒဏ်ရာနောက်ဆက်တွဲကြောင့် နောင်အနာဂတ်တွင် မိသားစုအတွက် တာဝန်ကူမထမ်းပေးနိုင်မှာကိုလည်း သူကစိုးရိမ်နေခြင်းရှိသည်။
မည်သို့ဆိုစေကာမူ KNLA တပ်ဖွဲ့ဝင် ရှောင်လင်မှာ ကျန်ခဲ့သည့်(၅)နှစ်တာ ကာလအတွင်း အတော်လေးရင့်ကျက်ခဲ့ပြီးဖြစ်သည်။
ရဲဘော်ရှောင်လင်၏ အကြီးမားဆုံး မျှော်လင့်ချက်ကတော့ မိသားစုနှင့်ငြိမ်းငြိမ်းချမ်းချမ်းနေလိုသည့် ဆန္ဒတစ်ခုသာ ဖြစ်သည်။
“ဖြစ်ချင်တာကတော့ မိသားစုစုံစုံလင်လင်နဲ့ အေးအေးဆေးဆေးလေးပြန်နေချင်တယ်”
မိမိတို့၏ လူငယ်ဘဝ၊ ခန္ဓာကိုယ်အစိတ်အပိုင်းများနှင့် အနာဂတ်များကို မြှုပ်နှံ၍ လဲလှယ်ထားကြသည့် တော်လှန်ရေးတပ်ဖွဲ့ဝင်လူငယ်များစွာတွင် ရှောင်လင်သည် တစ်ဦးအပါအဝင်ဖြစ်သည်။
ထို့အတူ သူ၏လည်ပင်းပေါ်မှ တက်တူးများနှင့် မိမွေးတိုင်း အကောင်းပကတိမဟုတ်တော့သော လက်သည် တော်လှန်ရေးအတွင်း ပေးဆပ်အနစ်နာခံမှုများအနက် တစ်ခုအပါအဝင်အဖြစ် သမိုင်းတွင် ကျန်ရစ်နေဦးမည်လည်း ဖြစ်သည်။



















