Home သတင်း မြဝတီတောင်ပိုင်းတိုက်ပွဲတွင် အထိနာထားသည့် စစ်အုပ်စု တပ်မ ၅၅ ကို ပြောင်း၍ စစ်ကြောင်းသစ်များဖြင့် ထပ်တိုးတိုက်ခိုက်လာ

မြဝတီတောင်ပိုင်းတိုက်ပွဲတွင် အထိနာထားသည့် စစ်အုပ်စု တပ်မ ၅၅ ကို ပြောင်း၍ စစ်ကြောင်းသစ်များဖြင့် ထပ်တိုးတိုက်ခိုက်လာ

44
Photo: CJ

ဇူလိုင် (၂၁) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက် ဖလူးနှင့် မင်းလက်ပံတိုက်ပွဲအတွင်း အထိနာနေသည့် စစ်အုပ်စု၏ တပ်မ ၅၅ စစ်ကြောင်းအား တပ်မ ၂၂၊ ကမ်းရိုးတန်းတိုင်း လက်အောက်ခံတပ်များဖြင့် ယမန်နေ့ ဇူလိုင်လ(၂၀)ရက်က အပြောင်းအလဲပြုလုပ်ပြီး ဆက်လက်ထိုးစစ်ဆင်လာကြောင်း ကရင်စစ်ရေးသတင်းအရင်းအမြစ်များထံမှ သိရသည်။

မြဝတီအခြေစိုက် ခြေလျှင်တပ်ရင်း ခလရ (၂၇၅) ရှိ ရှေ့တန်းကွပ်ကဲရေးဗျူဟာ၏ညွှန်ကြားချက်ဖြင့် တပ်မ ၅၅ စစ်ကြောင်းများကို ဖလူး၊ မင်းလက်ပံရွာဘက်မှ ဆုတ်ခွာသွားခြင်းဖြစ်သည်။ ယင်းနောက်တွင် တပ်မ(၂၂)ပါဝင်သော စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် စကခ(၁၃)တပ်များက စစ်ကြောင်းအသစ်ဖွဲ့၍ တက်လာရာ နှစ်ဖက်တိုက်ပွဲဖြစ်ပွားနေသည်ဟု တော်လှန်ရေးအင်အားစုများက ဆိုသည်။

“ဇူလိုင် ၁၅ ရက်နေ့လောက်အထိ တပ်မ ၅၅ စစ်ကြောင်း ကျတာ ထိတာနဲ့ တပ်လန့်တာရှိတယ်။ အဲ့ဒါ မြဝတီ ၂၇၅ ကပြန်ခေါ်တော့ ပြန်ဆုတ်ပြီး မနေ့ကဖားအံဘက်ကိုဆင်းသွားပြီ။ အဲ့ဒီကနေ ရခိုင်ဘက်ကိုပို့မယ်လို့ သတင်းရတယ်။ မင်းလက်ပံဘက်ကိုတော့ စစ်ကြောင်းသစ်ဖွဲ့ပြီး တက်လာလို့ နေရာနှစ်ခုမှာ တိုက်ပွဲဖြစ်နေတယ်” ဟု မြဝတီအခြေစိုက် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

တပ်အချိန်းအပြောင်းလုပ်သည့် တပ်မ(၅၅)လက်အောက်ခံတပ်ဖွဲ့ဝင်များမှာ ယနေ့ ဇူလိုင်လ (၂၁) ရက်နေ့၊ မနက်ပိုင်းတွင် စစ်သုံးမော်တော်ယာဥ် အစီး(၂၀)ခန့်ဖြင့် အာရှလမ်းအတိုင်း ဖားအံမြို့ဘက်သို့ ပြန်ဆင်းသွားကြောင်းလည်း ဒေသတွင်းသတင်းအရင်းအမြစ်များအရ သိရသည်။

ထို့အပြင် ပြီးခဲ့သည့် ဇူလိုင်လ(၁၈)ရက်နေ့က တပ်ပြောင်းရန်လာသည့် တပ်မ(၂၂)၏ ယာဥ်(၈)စီးအနက် (၁)စီးမှာ အာရှလမ်းမှမြဝတီသို့အလာ ကွမ်းသီးတောကွေ့ နေရာ၌ တိမ်းမှောက်မှုဖြစ်ပွားသဖြင့် ထိခိုက်သေဆုံးမှုရှိခဲ့သည်ဟု မြဝတီမြို့နယ်ရှိ လူမှုကူညီကယ်ဆယ်ရေးဆောင်ရွက်သည့် အသိုင်းအဝိုင်းက ဆိုသည်။

အမည်မဖော်လိုသူ ကူညီကယ်ဆယ်ရေးလုပ်ဆောင်သူက “စစ်ကား(၈)စီးမှာ တစ်စီးက ကွမ်းသီးတောလမ်းအဆင်းမှာ မှောက်တယ်၊‌ နေ့လည် ၁၂ နာရီ ကျော်လောက်‌ပေါ့နော်။ မြဝတီနဲ့ သင်္ဃန်းညီနောင်က ကူညီကယ်ဆယ်ရေးကားတွေ သွားကူပေးရတယ်။ စစ်သား(၂) ယောက်သေတယ်၊ (၁၀) ယောက်လောက်ဒဏ်ရာရတယ်။ စစ်ကားကိုလည်း ကရိန်းနဲ့ဆွဲရတယ်‌‌‌‌‌‌‌‌‌‌‌‌ ” ဟု ကေအိုင်စီကို ပြောသည်။

လက်ရှိတွင် ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးသတ်မှတ်နယ်မြေအရ တပ်မဟာ(၆)နယ်မြေ၊ ရာမတီး/မြဝတီမြို့နယ်ရှိ ဖလူး၊ မင်းလက်ပံရွာဘက်တွင် တိုက်ပွဲတကျော့ပြန် ပြင်းထန်လျက်ရှိရာ စစ်အုပ်စုက စစ်အင်အား ထောင်နှင့်ချီ ပို့ဆောင်၍ ထိုးစစ်ဆင်နေသလို လေကြောင်းမှလည်း ဗုံးကြဲမပြတ်လုပ်ဆောင်နေသည်။

အလားတူ တပ်မဟာ(၅)နယ်မြေ၊ ဖာပွန်-ကတိုင်တိဘက်တွင်လည်း အင်အားအများအပြားအသုံးပြုပြီး ပြီးခဲ့သည့် မေလကတည်းက နယ်မြေထိန်းချုပ်ရေး စစ်ကြောင်းထိုးလျက်ရှိပြီး ကေအဲန်ယူလက်အောက်ခံ တပ်များနှင့်နှစ်ဖက်တိုက်ပွဲဖြစ်ပွားနေကြောင်း စစ်ရေးသတင်းအရင်းအမြစ်အရ သိရသည်။