Home သတင်း ကေအဲန်ယူ ဝင်းရေးမြို့နယ်ရှိ ကျေးရွာအချို့ ဝက်နာကျရောဂါများ ရွာလုံးကျွတ်ဖြစ်ပွား

ကေအဲန်ယူ ဝင်းရေးမြို့နယ်ရှိ ကျေးရွာအချို့ ဝက်နာကျရောဂါများ ရွာလုံးကျွတ်ဖြစ်ပွား

133

ဇူလိုင် (၂၀) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ထိန်းချုပ်နယ်မြေ ဒူးပလာယာခရိုင်၊ တပ်မဟာ(၆)၊ ဝင်းရေးမြို့နယ်အတွင်းရှိ ကျုံခဝန်၊ ဖားပြ၊ နို့ဖာထော စသည့် ကျေးရွာအချို့တွင် အိမ်မွေးဝက်များ ဝက်နာကျသည့်ရောဂါ ရွာလုံးကျွတ်အတိုင်းအတာဖြင့် ဖြစ်ပွားနေကြောင်း ဒေသခံလူထုပြောပြချက်အရ သိရသည်။

မိုးရာသီစတင်ကျရောက်သည့်ကာလ ဇွန်လပိုင်းမှစ၍ လက်ရှိအချိန်ထိ ကျေးရွာအချို့တွင် ဝက်နာကျမှုများ ဆက်တိုက်ဖြစ်ပွားလျက်ရှိရာ တစ်နိုင်တစ်ပိုင်မွေးမြူထားသည့်ဝက်များ သေဆုံးကုန်သဖြင့် အချိန်ကုန်၊ ငွေကုန် နစ်နာမှုရှိကြောင်း ဝင်းရေးမြို့နယ်ရှိ ဒေသခံဝက်မွေးမြူသူများက ပြောသည်။

“ထိတာက တစ်လကျော်သွားပြီ၊ မိုးမများခင်ကတည်းကဆို (၂)လလောက်ရှိပြီပေါ့။ ထိပြီးသေသွားတာ အများကြီးပဲ။ ကျမနှစ်ကောင်မွေးထားတယ် အကုန်သေတယ်။ တစ်ကောင်ကို ပိဿာနှစ်ထောင်ကျော်တယ် နှမြောတာပေါ့”ဟု ကျုံခဝန်ရွာနေ အမျိုးသမီးတစ်ဦးက ပြောသည်။

ဝက်နာကျရောဂါမှာ နှာချေခြင်း၊ ကိုယ်ပူခြင်း၊ မျက်လုံးမဖွင့်နိုင်ခြင်း၊ လဲလျောင်းနေခြင်း အစရှိသဖြင့် လက္ခဏာများ စတင်ပြလာပြီးနောက် သေဆုံးသည်အထိဖြစ်ပွားပြီး အချို့ဝက်များမှာ ခန္ဓာကိုယ်တွင် အဖုများထွက်၍ သေဆုံးခြင်းလည်းရှိကြောင်း ဒေသခံများထံမှ သိရသည်။

ရောဂါဖြစ်ပွားမှုအပေါ် ကိုင်တွယ်သည့်လုပ်ငန်းစဥ်နှင့်ပတ်သက်၍ ဒေသအာဏာပိုင် ကေအဲန်ယူဘက်မူ လက်ရှိ ဝက်နာကျရောဂါဖြစ်ပွားသည့် ဝက်အများစုမှာ ကာကွယ်ဆေးထိုးထားခြင်းမရှိသည့် အိမ်မွေးဝက်များဖြစ်ပြီး ကူးစက်မြန်သည့် အနေအထားတွင်ရှိသည်ဟု ပြောဆိုထားခြင်းရှိသည်။

ကေအဲန်ယူ-ဗဟို၏ မွေးမြူရေးနှင့်ရေလုပ်ငန်းဌာနမှူး ပဒိုမန်းကနေဒီက “ကျနော်တို့ဌာနဘက်တော့ ဒေသအလိုက် ရပ်ရွာမွေးမြူရေးကော်မတီတွေ ဖွဲ့ထားတာရှိတယ်။ အသိပညာပေးတို့ ဆေးထိုးပေးတာတို့ပေါ့။ အခုဖြစ်တဲ့နေရာမှာ ကာကွယ်ဆေးသွားထိုးဖို့ကလည်း ဆေးက ဒီလိုရိုးရိုး ထားလို့မရတော့ သွားဖို့ မိုးရာသီလမ်းခရီးခက်ခဲတာနဲ့ အချိန်မှီမရောက်တဲ့အပြင် ကူးစက်မှုက မြန်တော့ ဝက်တွေက နေ့တိုင်းသေတာပေါ့” ဟု ကေအိုင်စီကို ပြောသည်။

ထို့အပြင် ရောဂါကြောင့် ဒေသအတွင်း ဝက်သားစားသုံးသူ မရှိတော့သဖြင့် ဝက်သားရောင်းချသူလည်း မရှိတော့ကြောင်း ဒေသခံများက ဆိုသည်။

နိုင်ငံရေးအခြေအနေကြောင့် နယ်မြေတည်ငြိမ်မှုမရှိသည့်အချိန်တွင် ဒေသခံလူထု၏ စီးပွားရေးကြပ်တည်းလျက်ရှိပြီး ဝက်တစ်ပိဿာလျှင် ၂၅,၀၀၀ ကျပ် စျေးရသည်အထိ ယခင်က စီးပွားဖြစ်ခဲ့သည်။

ယင်းကြောင့် ဒေသခံများမှာ တစ်နိုင်တစ်ပိုင်ဝက်မွေးမြူရေးလုပ်ဆောင်ကာ တဖက်တလမ်းမှ ဝမ်းရေးဖြေရှင်းကြသော်လည်း ယခုလို ရွာလုံးကျွတ် ဝက်နာကျသေဆုံးမှုဖြစ်ပေါ်နေသောကြောင့် အရှုံးပေါ်နေရကြောင်း သိရသည်။