Home ဆောင်းပါး ကျူးကျော်သူအဖြစ်မှ အသက်နှင့်လဲ၍ သစ္စာစောင့်သိခဲ့သူ ဗိုလ်မှူးဆီးဂရင်း

ကျူးကျော်သူအဖြစ်မှ အသက်နှင့်လဲ၍ သစ္စာစောင့်သိခဲ့သူ ဗိုလ်မှူးဆီးဂရင်း

569

ကျူးကျော်သူအဖြစ်မှ အသက်နှင့်လဲ၍ သစ္စာစောင့်သိခဲ့သူ ဗိုလ်မှူးဆီးဂရင်း

ခါကာဘို ရေးသားသည်။

(၄-၆-၂၀၂၆)

သမိုင်းဟာ ရန်နဲ့မိတ်ကို ခွဲခြားတတ်ပေမယ့် တစ်ခါတစ်ရံမှာတော့ စစ်ပွဲနဲ့အတူ ရောက်လာခဲ့သူတစ်ဦးကပင် မိမိတို့ အသက်ထက် အဖိုးတန်တဲ့ မိတ်ဆွေစစ်တစ်ဦး ဖြစ်လာတတ်ပါတယ်။

သူ့ရဲ့ ချစ်ခြင်းမေတ္တာနဲ့ စွန့်လွှတ်အနစ်နာခံမှုတွေကြောင့် သမိုင်းက သူ့ကို ကျူးကျော်သူလို့ မသတ်မှတ်‌တော့ဘဲ သူရဲ ကောင်းတစ်ဦး၊ မိတ်ဆွေတစ်ဦးအဖြစ် မှတ်တမ်းတင်ခဲ့ပါတယ်။

ထိုသူကတော့ ကရင်လူမျိုးတွေအပေါ် သစ္စာတရားအပြည့်နဲ့ အသက်ပေးသွားခဲ့တဲ့ ဗြိတိသျှအရာရှိ ဟျူးပေါလ်ဆီးဂ ရင်း (Hugh Paul Seagrim) ပါပဲ။

၁၉၀၉ ခုနှစ် မတ်လ ၂၄ ရက်နေ့ မှာ အင်္ဂလန်နိုင်ငံ ဟမ်ပ်ရှိုင်းယား(Hampshire) ဒေသက ခရစ်ယာန် ဓမ္မဆရာတစ်ဦး ရဲ့ မိသားစုထဲမှာ ဆီးဂရင်း(Seagrim) ကို မွေးဖွားခဲ့ပါတယ်။
ငယ်စဉ်ကတည်းက အားကစားထူးချွန်သူ ဆီးဂရင်းဟာ ဘောလုံးဂိုးသမားအဖြစ်တောင် Norwich City Reserve အသင်းမှာ ကစားခဲ့ဖူးပါတယ်။

သူဟာ ဘာသာတရား ကိုင်းရှိုင်းသူတစ်ယောက်ဖြစ်သလို ငယ်စဉ်ကထဲက စစ်တပ်ထဲဝင်ဖို့ စိတ်ကူးထားသူ မဟုတ်ပါ ဘူး။ သူ့ရဲ့ အိပ်မက်က ဆရာဝန်ဖြစ်ဖို့ပါ။ ဒါပေမယ့် ဖခင်ကွယ်လွန်သွားတဲ့နောက် မိသားစုအခြေအနေကြောင့် တက္ကသိုလ်မတက်နိုင်တော့ဘဲ စစ်ဘက်လမ်းကြောင်းကို ရွေးချယ်ခဲ့ရပါတယ်။

တော်ဝင်ဗိုလ်သင်တန်းကျောင်း (Royal Military College Sandhurst) မှာ ပညာသင်ယူပြီးနောက် သူဟာ ၁၉၂၉ ခုနှစ်မှာ ဗြိတိသျှအိန္ဒိယတပ်မတော်ထဲ ဝင်ရောက်ခဲ့ပြီး အိန္ဒိယနိုင်ငံ ဥတ္တာပရာဒေ့ရှ်ပြည်နယ်ရှိ ကန်ပူးရ်မြို့ Cawnpore (Kanpur) မှာ တာဝန်ထမ်းဆောင်ခဲ့ပါတယ်။

၁၉၃၀-၃၁ ခုနှစ်မှာတော့ မြန်မာနိုင်ငံက Burma Rifles တပ်ဖွဲ့မှာ တာဝန်ထမ်းဆောင်ခဲ့ရင်း ကရင်တောင်တန်းဒေသ တွေဆီကို ရောက်လာခဲ့တာပါ။

ဆီးဂရင်းဟာ ဉာဏ်ရည်ထက်မြက်သူတစ်ယောက်ဖြစ်သလို စာဖတ်အားကောင်းပြီး ဘာသာစကားတွေကိုလည်း လျင်လျင်မြန်မြန် သင်ယူတတ်သူဖြစ်တယ်။ ဒါ့အပြင် နှိမ့်ချတတ်တဲ့ စိတ်ထားနဲ့ ဟာသဉာဏ်ရှိတာကြောင့် လုပ်ဖော် ကိုင်ဖက်တွေရဲ့ ချစ်ခင်လေးစားမှုကို အလွယ်တကူ ရရှိခဲ့ပါတယ်။

တာဝန်ကျ စစ်သားတစ်ယောက်အဖြစ်သာ မဟုတ်ဘဲ သူဟာ တောင်တန်းဒေသတွေကို ရင်းရင်းနှီးနှီး သွားလာရင်း တောင်တန်းတွေ၊ တောအုပ်တွေ၊ ကရင်ရွာတွေကို သူ့အိမ်လို မိသားစုတွေလို သဘောထားခဲ့ပြီး ကရင်လူမျိုးတွေရဲ့ ဘဝ၊ ယဉ်ကျေးမှု၊ စိတ်ဓာတ်နဲ့ နာကျင်မှုတွေကို နားလည်လာသူ ဖြစ်လာခဲ့ပါတယ်။

အဲဒီအချိန်က ကရင်လူမျိုး အများစုဟာ ခရစ်ယာန်ဘာသာဝင်တွေပါ။ သူတို့ဟာ မြန်မာနိုင်ငံအတွင်း ဖိနှိပ်မှုတွေကို မကြာခဏ ရင်ဆိုင်နေကြရတဲ့ တိုင်းရင်းသားလူမျိုးစုလည်း ဖြစ်ကြပါတယ်။

အများစုက ကျေးလက်ဒေသတွေမှာ မျိုးနွယ်စုခေါင်းဆောင်တွေရဲ့ ဦးဆောင်မှုအောက်မှာ အေးအေးချမ်းချမ်း နေထိုင် ကြပြီး Burma Rifles တပ်ရင်းထဲမှာလည်း တာဝန်ထမ်းဆောင်သူ အများအပြား ရှိခဲ့ကြပါတယ်။

ဆီးဂရင်းရဲ့ ရိုးသားပွင့်လင်းတဲ့ ကိုယ်ရည်ကိုယ်သွေး၊ ခရစ်ယာန်ယုံကြည်ချက်၊ ကရင်ဘာသာစကားကို ကျွမ်းကျင်စွာ ပြောဆိုနိုင်မှုနဲ့ ဘောလုံးကစားတတ်မှုတို့ကြောင့် သူဟာ ကရင်လူမျိုးတွေရဲ့ ယုံကြည်မှုနဲ့ ချစ်ခင်လေးစားမှုကို တဖြည်း ဖြည်း ရရှိလာခဲ့ပါတယ်။

သူ့ရဲ့ ၆ပေ ၄လက္မ ရှိတဲ့ အရပ်အမောင်းကြောင့် အချို့ကရင်တွေက သူ့ကို “ခြေတံရှည် ဘိုးဘိုးကြီး (Grandfather Longlegs)၊ အချို့က အလွယ်တကူ “ဖိုးထောင်ကြီး” စတဲ့ ချစ်စနိုးအမည်တွေ ခေါ်ဝေါ်ကြပါတယ်။

ဒုတိယကမ္ဘာစစ်အတွင်း ၁၉၄၂ ခုနှစ်မှာတော့ ဂျပန်တွေက မြန်မာနိုင်ငံကို သိမ်းပိုက်တဲ့အခါ ဗြိတိသျှတပ်တွေဟာ အိန္ဒိယဘက်ကို ဆုတ်ခွာသွားကြပေမဲ့ ဆီးဂရင်းနဲ့ သူ့တပ်ဖွဲ့ဟာ ကရင်ဒေသမှာ ကျန်ခဲ့ပါတယ်။

အလားတူ ကျန်နေခဲ့တဲ့ အများစုက လွတ်ရာကို ပြေးကြပေမယ့် သူကတော့ နောက်ဆုတ်မသွားခဲ့ဘဲ ဖာပွန်တောင် တန်းဒေသထဲကို တိုးဝင်သွားခဲ့တယ်။ သူ့မှာ ရိုင်ဖယ်သေနတ်အနည်းငယ်နဲ့ ကျည်ဆန်လည်း သိပ်မရှိလှပါဘူး။ ကရင် တိုင်းရင်းသားများနဲ့ အခြားဒေသခံ ၂၀၀ လောက်ကို စုစည်းပြီး ဂျပန်ဆန့်ကျင်ရေး မြေအောက်တော်လှန်ရေးကွန်ရက် တစ်ခုကို သူ တည်ဆောက်ခဲ့ပါတယ်။

အဲဒီအချိန်ကစပြီး သူဟာ သာမန်စစ်သားတစ်ယောက် မဟုတ်တော့ဘဲ တောတောင်တွေအတွင်း လှုပ်ရှားနေတဲ့ ခုခံ တော်လှန်ရေးခေါင်းဆောင်တစ်ဦး (Guerrilla Leader) တစ်ဦးအဖြစ် ပြောင်းလဲသွားခဲ့ပါပြီ။

သူဟာ ကရင်ပြောက်ကျားတပ်တွေကို လေ့ကျင့်ပေးပြီး ဂျပန်တပ်တွေရဲ့ လှုပ်ရှားမှုတွေကို စောင့်ကြည့်ခဲ့တယ်။
ပုံမှန် စစ်ပွဲပုံစံတွေကို မလုပ်တော့ဘဲ ချောင်းမြောင်းတိုက်ခိုက်တာ၊ ပုန်းကွယ်လှုပ်ရှားတာ၊ ပစ်မှတ် တိကျအောင် တိုက်ခိုက်တာ စတဲ့လှုပ်ရှားမှုတွေကြောင့် ဖမ်းမိနိုင်တဲ့ အန္တရာယ်တွေ အမြဲရှိနေတဲ့ကြားက ဆီးဂရင်းကတော့ စိတ် မလျော့ဘဲ လှုပ်ရှားနေခဲ့တယ်။

ဒဏ်ရာတွေ ရလာခဲ့ရင်လည်း ဆီးဂရင်းကို ကရင်ပြည်သူတွေကပဲ ပြန်လည်ပြုစုစောင့်ရှောက်ပြီး အသက်ကယ်ပေးခဲ့ ကြသလို သူကလည်း တောင်တန်းဒေသတွေထဲကို လှည့်လည်သွားလာရင်း ကရင်ပြည်သူတွေရဲ့ စိတ်ဓာတ်ကို အတတ်နိုင်ဆုံး မြှင့်တင်ပေးလေ့ရှိပါတယ်။

သူ့ရဲ့ ရိုးသားစွာ ခေါင်းဆောင်မှု၊ လူမျိုးရေးခွဲခြားမှုမရှိ ဆက်ဆံမှု၊ အရေးအကြီးဆုံးဖြစ်တဲ့ ကရင်ရွာတွေကို အကာအ ကွယ်‌ပေးမှုတွေကြောင့် ကရင်တိုင်းရင်းသားတွေက သူ့ကို အပြည့်အဝ ယုံကြည်အားကိုးခဲ့ကြပါတယ်။

နောက်ပိုင်း သူ့နောက်မှာ ထောင်နဲ့ချီတဲ့ ကရင်တော်လှန်ရေးသမားတွေ ရှိလာခဲ့ပြီး ဂျပန်တွေကတောင် သူ့ကို “Big Master” လို့ ခေါ်ခဲ့ကြပါတယ်။ အကြောင်းကတော့ ကရင်တိုင်းရင်းသားတွေက သူ့အပေါ် ထားရှိတဲ့ သစ္စာနဲ့ ယုံကြည် မှုတွေကြောင့်ပါပဲ။

ဒီလိုနဲ့ ဆီးဂရင်းဟာ ဂျပန်တပ်တွေအတွက် ထိတ်လန့်စရာ ဖြစ်လာခဲ့ပြီး သူ့ကိုဖမ်းဆီးဘို့ အပြင်းအထန် လိုက်လံရှာဖွေ ကြပါတော့တယ်။

သူ့ကို လေးစားချစ်ခင်ကြတဲ့ ကရင်တွေဟာ ဝှက်ထားပေးကြ၊ ကျွေးမွေး ကာကွယ်ပေးထားကြမို့ သူ့ကို ဖမ်းမိဖို့ဆိုတာ အင်မတန်ခက်ခဲပါတယ်။

ဒါကြောင့်မို့ ဆီးဂရင်းကို ဖမ်းဆီးနိုင်ဖို့အတွက် ဂျပန်တွေဟာ အင်အား အမြောက်အများ သုံးလာခဲ့ကြပြီး သူနဲ့ ဆက်စပ် သူတွေကနေ သတင်းရဖို့ ရက်ရက်စက်စက် နှိပ်စက်တာတွေ လုပ်လာသလို၊ သူကိုယ်တိုင် ထွက်လာအောင် ဖိအားပေး တဲ့အနေနဲ့ အပြစ်မဲ့ရွာသားတွေကို သတ်ဖြတ်ပြီး ရွာလုံးကျွတ် မီးရှို့တာမျိုးအထိ လုပ်ခဲ့ကြတယ်။

တစ်ခါမှာတော့ ဂျပန်ဗိုလ်ကြီး အီနိုအူ (Inoue) ဦးဆောင်တဲ့ ဂျပန်စစ်ပုလိပ်(Kempeitai) တပ်ဖွဲ့က ဆီးဂရင်း ပုန်းခို နေတဲ့ စခန်းတစ်ခုကို ဝင်ရောက်စီးနင်းခဲ့ပြီး ကံ‌ကောင်းထောက်မမှုကြောင့် လက်တစ်ကမ်းကနေ သူ လွတ်မြောက်ခဲ့ပါ တယ်။

နောက်ဆုံးတော့ အီနိုအူဟာ မယ်ဝါဒိုရွာအနီးမှာရှိတဲ့ ဆီးဂရင်းရဲ့ ပုန်းခိုရာနေရာကို ရှာတွေ့ သွားခဲ့ပါတယ်။ မယ်ဝါဒိုရွာ သားတွေက ဆီးဂရင်းကို အသက်နဲ့ရင်းပြီး ကာကွယ်ပေးထားကြတာဖြစ်တဲ့အတွက် အီနိုအူက “ဆီးဂရင်းသာ အညံ့မ ခံဘူးဆိုရင် တစ်ရွာလုံးကို မီးရှို့ပစ်မယ်”လို့ ခြိမ်းခြောက်လိုက်ပါတယ်။

ဖမ်းဆီး အနှိပ်စက်ခံနေရချိန်တောင် သူ့အပေါ် သစ္စာရှိတဲ့ ကရင်တွေဟာ ဆီးဂရင်းရဲ့ တည်နေရာကို ထုတ်မပြောခဲ့ကြ ပါဘူး။

မှတ်တမ်းတွေအရ ကရင်ရွာသား၊ ရွာလူကြီးနဲ့ ခေါင်းဆောင်ပေါင်း ၂၇၀ ကျော် ဖမ်းဆီးခံခဲ့ရပါတယ်။
ဒီအခြေအနေကို မြင်တွေ့နေရတဲ့ ဆီးဂရင်းနဲ့ ကရင်ခေါင်းဆောင်တွေဟာ

“ထွက်ပြေးရမလား?”
“ကိုယ့်ကိုယ်ကို အဆုံးစီရင်ရမလား?”
“ဒါမှမဟုတ် သွားအဖမ်းခံရမလား?” တိုင်ပင်ကြပါတယ်။
သူ့ဆုံးဖြတ်ချက်ကတော့ ပြတ်သားပါတယ်။
“ကရင်တွေ ငါ့ကြောင့် မခံစားရစေချင်ဘူး”
“ခံရမယ်ဆိုရင် ငါ တစ်ယောက်တည်း ခံမယ်”
“ကျွန်တော်ပဲ သေပါစေ”

ခရစ်ယာန်ဘာသာဝင်တစ်ယောက်ဖြစ်တဲ့ ဆီးဂရင်းကတော့ မိမိကိုယ်ကို အဆုံးစီရင်တာကို လက်မခံသူဖြစ်သလို၊ မိမိ ကြောင့် အပြစ်မဲ့ရွာသားတွေ အသက်ဆုံးရှုံးရမှာကိုလည်း မလိုလားခဲ့ပါဘူး။ ဒါကြောင့် ရွာသားတွေရဲ့ အသက်ကို ကယ်တင်ဖို့ သူ့ကိုယ်သူ အညံ့ခံဖို့ ဆုံးဖြတ်လိုက်ပါတယ်။

အဲဒီနောက် သူက သူ့လက်ပတ်နာရီကို ရွာလူကြီးထံ အပ်နှံပြီး “စစ်ပြီးသွားရင် ကျွန်တော့်အမေဆီ ပို့ပေးပါ”လို့ မှာကြားခဲ့ပါတယ်။ ပြီးတော့ ကြောက်ရွံ့မှုမရှိဘဲ ဂျပန်တပ်တွေဆီကို ရဲရဲဝံ့ဝံ့ လျှောက်လှမ်းသွားခဲ့ပါတော့တယ်။
ဘာဖြစ်မယ်ဆိုတာ သူ ကောင်းကောင်းသိပေမဲ့ ဆုံးဖြတ်ချက်ကို မပြင်တော့ပါဘူး။

အီနိုအူ ဦးဆောင်တဲ့ ဂျပန်စစ်ပုလိပ်တွေဟာ ၁၉၄၄ ခုနှစ်၊ မတ်လ ၁၆ ရက်နေ့မှာ ဆီးဂရင်းကို ဖာပွန်မြို့မှ ခေါ်ထုတ် သွားခဲ့ပါတယ်။
၁၉၄၄ ခုနှစ် စက်တင်ဘာလ ၂ ရက်နေ့မှာ ဆီးဂရင်းနဲ့ ကရင်ရဲဘော် ၁၅ဦး ကို ဂျပန်တို့က စစ်ခုံရုံးတင် စစ်ဆေးခဲ့ပါ တယ်။

တရားရုံးကို သူ နောက်ဆုံးတောင်းဆိုခဲ့တာက
“ကျွန်တော့်လူတွေကို လွှတ်ပေးပါ။ အားလုံး ကျွန်တော့်အမိန့်အတိုင်း လုပ်ခဲ့ကြတာပါ။ ကျွန်တော်တစ်ယောက်တည်း ကိုပဲ သေဒဏ်ပေးပါ”
ဒါပေမယ့် သူ့ရဲ့ တောင်းဆိုမှုကို ငြင်းပယ်ခဲ့ကြပါတယ်။

၁၉၄၄ ခုနှစ် စက်တင်ဘာ ၂ ရက်နေ့မှာ သူနဲ့အတူ ကရင်ရဲဘော် ၈ဦးကို သေဒဏ် ချမှတ်လိုက်ပါတယ်။
သူဟာ သေဒဏ် အစီရင်ခံရတော့မဲ့ သူ့ရဲဘော်တွေကို မစီရင်မီ အချိန်အထိ အားပေးခဲ့ပြီး သမ္မာကျမ်းစာဖတ်ပြ ဆုတောင်းပေးခဲ့တယ်လို့ မှတ်တမ်းတွေမှာ ဖော်ပြထားပါတယ်။

သေဒဏ်စီရင်ဖို့ ခေါ်ဆောင်သွားချိန်မှာတောင် သူဟာ ကြောက်ရွံ့တုန်လှုပ်နေပုံမပြဘဲ စစ်ခုံရုံးအတင်ခံရတဲ့ ၁၅ဦးထဲက သေဒဏ်မှာ မပါဝင်ခဲ့တဲ့ အသက်ချမ်းသာခွင့်ရသွားသူ ၇ဦးဆီကို လှည့်ကြည့်ပြီး လက်ဝှေ့ယမ်း နှုတ်ဆက်ခဲ့ပါ‌သေး တယ်။

၁၉၄၄ ခုနှစ် စက်တင်ဘာ ၂၂ ရက်နေ့မှာတော့ ရန်ကုန်မြို့ ကြည့်မြင်တိုင်သုသာန်မှာ သူ့ကို ကရင်ရဲဘော် ၈ဦးနဲ့အတူ ပစ်ခတ်ကွပ်မျက်လိုက်ကြပါတယ်။
ဆီးဂရင်း အကွပ်မျက်ခံခဲ့ရချိန်မှာ သူ့ရဲ့ အသက်က ၃၅ နှစ်ပါ။

ယနေ့တိုင် ဆီးဂရင်းရဲ့ရုပ်အလောင်းဟာ ရန်ကုန်မြို့၊ ကမာရွတ်မြို့နယ်၊ ဟံသာဝတီအဝိုင်းအနီးက ရန်ကုန်စစ်သချိုင်း (Rangoon War Cemetery) မှာ သူ့နဲ့အတူ အသက်ပေးသွားကြတဲ့ ကရင်စစ်သည်တော် စောဆန်ဖိုးထူး၊ စောဂျာအေ စတဲ့ အပေါင်းအပါတွေရဲ့ အလယ်မှာ ငြိမ်းချမ်းစွာ အနားယူလျက်ရှိပါတယ်။

သူရဲကောင်းဆိုတာ တိုက်ပွဲမှာ ရန်သူကို အနိုင်ယူနိုင်သူကိုပဲ ခေါ်တာမဟုတ်ပါဘူး။ တစ်ခါတလေမှာ ကိုယ့်အသက်ကို စွန့်ပြီး အခြားအပြစ်မဲ့သူတွေရဲ့ အသက်ကို ကယ်တင်ဖို့ ရွေးချယ်သွားသူကိုလည်း သူရဲကောင်းလို့ ခေါ်ရပါတယ်။
ဟျူးပေါလ်စီးဂရမ် (Hugh Paul Seagrim) ရော သစ္စာရှိ ကရင်စစ်သည်တော်တွေရောဟာ အဲဒီလိုလူစားမျိုးတွေ ဖြစ်ခဲ့ကြပါတယ်။

ကိုးကား
War History Online: Andrew Knighton
Chindits Chasing Operation Long Cloth 1943
Grandfather Longlegs: Ian Morrison
Commonwealth War Graves