Home သတင်း ဧပြီတစ်လအတွင်း လေကြောင်းတိုက်ခိုက်မှုကြောင့် ဘီးလင်းက နေအိမ်(၂၇)လုံးထက်မနည်း ပျက်စီး

ဧပြီတစ်လအတွင်း လေကြောင်းတိုက်ခိုက်မှုကြောင့် ဘီးလင်းက နေအိမ်(၂၇)လုံးထက်မနည်း ပျက်စီး

415
Photo: KNU

မေ (၉)ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ၊ တပ်မဟာ(၁)၊ ဒူးသထူ/သထုံခရိုင်၊ ဘီးလင်းမြို့နယ်ရှိ ကျေးရွာများတွင် ပြီးခဲ့သည့်ဧပြီ တစ်လအတွင်း စစ်အုပ်စု၏လေကြောင်းတိုက်ခိုက်မှုနှင့် မီးရှို့ဖျက်ဆီးမှုများကြောင့် ဒေသခံနေအိမ်(၂၇)လုံးထက်မနည်း အပျက်အစီးရှိကြောင်း ကေအဲန်ယူက ယမန်နေ့တွင် ထုတ်ပြန်သည်။

ပြီးခဲ့သည့် ဧပြီ(၁၉)ရက်နေ့မှ (၂၅)ရက်နေ့အထိ ဝင်းတာပန်နှင့်မြစ်ကျိုးကျေးရွာအုပ်စုသို့ စစ်အုပ်စုက Y12၊ ဂျက်ဖိုက်တာ၊ ပါရာမော်တာ(Paramotor) များဖြင့် ပစ်ခတ်တိုက်ခိုက်၍ ရွာအတွင်းဝင်ရောက် မီးရှို့ဖျက်ဆီးခြင်းများလုပ်ဆောင်ခဲ့သည်။

ယင်းကြောင့် နေအိမ်(၂၇)လုံးထက်မနည်းအပါအဝင် စာသင်ကျောင်း၊ ဘာသာရေးအဆောက်အအုံများလည်း ပျက်စီးခဲ့ကြောင်း မေလ(၈)ရက်နေ့ဖြင့် ကေအဲန်ယူ-ဗဟို၏ ထုတ်ပြန်ချက်က ဖော်ပြသည်။

ဧပြီ(၂၇)ရက်နေ့တွင် ဝင်းတာပန်ကျေးရွာသို့ဝင်ရောက်လာပြီး စစ်အုပ်စု မီးရှို့ဖျက်ဆီးသွားသည့် နေအိမ်အရေအတွက်နှင့် ဧပြီ(၂၈)ရက်မှ (၃၀)ရက်အထိ လေကြောင်းဆက်တိုက် တိုက်ခိုက်မှုကြောင့် ထပ်မံပျက်စီးသွားသည့် နေအိမ်အရေအတွက်ကိုမူ စာရင်းမကောက်နိုင်သေး၍ အတိအကျမသိရဟု ဆိုသည်။

Photo: KNU

ကရင်စစ်ရေးသတင်းအရင်းအမြစ်များ ပြောပြချက်အရ ၂၀၂၄ ခုနှစ်ကတည်းက တော်လှန်ရေးတပ်ဖွဲ့များပူးပေါင်းပြီး တိုက်ခိုက်သိမ်းပိုက်နိုင်ရန် ကြိုးပမ်းလာသည့် ဘီးလင်းမြို့နယ်ရှိ ဝင်းတာပန်(တာပေါ)စခန်း တိုက်ပွဲသည် ယခုနှစ် ဧပြီတွင် တကျော့ပြန်အရှိန်မြင့်နေခြင်း ရှိသည်။

စခန်းသိမ်းတိုက်ပွဲအတွင်း စစ်အုပ်စုဘက်က ရိက္ခာအပါအဝင် လေကြောင်းဖြင့် အကူအညီ အကြိမ်ကြိမ်ပေးခဲ့သော်လည်း စစ်အုပ်စုတပ်ဖွဲ့ဝင် ထိခိုက်သေဆုံးမှု အများအပြား ရှိနေသည်ဟု တပ်မဟာ(၁) တာဝန်ရှိသူထံမှ သိရသည်။

တဖက်တွင်လည်း အရပ်သားများနှင့် လူထုနေထိုင်ရာကျေးရွာများကို စစ်အုပ်စုက ပစ်မှတ်ထားတိုက်ခိုက်နေခြင်းကြောင့် တိမ်းရှောင်နေရသူ သောင်းဂဏန်းအထိရှိကြောင်း ကေအဲန်ယူက ထုတ်ပြန်ထားသည်။

ထို့အတူ ဒူးသထူခရိုင်၊ ဖားအံမြို့နယ်၊ ထီးကျော်ခီးရွာအနီးတွင်လည်း ဧပြီလ(၂၇)ရက်နေ့က စစ်အုပ်စုလက်နက်ကြီးပစ်ခတ်ခဲ့ခြင်းကြောင့် အသက်(၈၀)ကျော် အဖွားအိုတစ်ဦး ကျည်စထိမှန်ပြီးသေဆုံးသွားသည်ဟု ကေအဲန်ယူက တဆက်တည်း ဖော်ပြသည်။